ပုဂ္ဂလိက ဗဟိုပြုစီးပွားရေးလုပ်ငန်းများပိုမိုအောင်မြင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် စက်တင်ဘာ ၂၃ ရက်ကကျင်းပသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ(၁/၂၀၂၂)အစည်းအဝေးတွင်အမှာ စကားပြောကြားစဉ်  MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းသည် ပုဂ္ဂလိကကိုဗဟိုပြုသည့် စီးပွားရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းပင်ဖြစ်သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဈေးကွက်စီးပွားရေးစနစ်၊ ပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးသည့်နိုင်ငံဖြစ်ကြောင်း၊ ဈေးကွက်စီးပွားရေး စနစ်တွင် ပုဂ္ဂလိကအခန်းကဏ္ဍ၊ လူတစ်ဦးချင်း၏အခန်းကဏ္ဍသည် တိုင်းပြည်တစ်ခု၏အဓိကမောင်းနှင် အားဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မူဝါဒများ ချမှတ်ဆောင်ရွက်ခဲ့ရာ စီးပွားရေးနှင့်ပတ်သက်၍ ဦးတည်ချက်(၃)ရပ်ချမှတ်ခဲ့သည်။ ယင်းတို့မှာ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး၊ ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး၊ ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးဟူ၍ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် စီးပွားရေးနှင့်ပတ်သက်သည့် မူဝါဒမှာ ပြည်တွင်းစီးပွားရေးကိုအားပေးခြင်းဖြစ်သည်။ ပြည်တွင်းမှထွက်ရှိသော ကုန်ပစ္စည်းများကို အရည်အသွေးအဆင့်အတန်းမြင့်မားစွာဖြင့် ပြည်ပ ဈေးကွက်သို့ ထိုးဖောက်နိုင်စေရေး အားပေးနေခြင်းဖြစ်သည်။ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးတိုးတက်မှုအတွက် အဓိကမောင်း နှင်အားဖြစ်သည်။ ယခင်က SME ဟုအသုံးပြုခဲ့သော်လည်း ယခုအခါအဓိပ္ပာယ်ပိုမိုလေးနက်စေရေးအတွက် MSME ဟုပြောင်းလဲသတ်မှတ် အသုံးပြုကြောင်း နိုင်ငံတော်အကြီးအကဲက မိန့်ကြားခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဖွံ့ဖြိုးဆဲနိုင်ငံများတွင် MSME စီးပွားရေးလုပ်ငန်းများသည် ၉၀ ရာခိုင်နှုန်းကျော် ခန့်ပါဝင်လျက်ရှိကြောင်းသိရှိရသည်။ MSME လုပ်ငန်းများသည် ပြောင်းလဲနေသည့်ဈေးကွက်လိုအပ် ချက်များကို လုပ်ငန်းကြီးများထက် ပိုမိုလျင်မြန်စွာတုံ့ပြန်ပြောင်းလဲနိုင်စွမ်းရှိနေသည်ကိုတွေ့ရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်တွင်နေထိုင်ကြပြီး ကျေးလက်စီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများနှင့် စက်မှုလုပ်ငန်းများမှာ ထိရောက်သည့် စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသီးနှံများ အဖြစ်ဆန်၊ ဂျုံ၊ ပြောင်း၊ ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံနှင့်စက်မှုသီးနှံများ ဖြစ်သည့် ရော်ဘာ၊ ဝါ၊ ကြံ၊ ဆေးရွက်ကြီး၊ ဂုန်လျှော်နှင့်တိုင်းရင်းဆေးပစ္စည်းများ ထုတ်လုပ်သည့် ပရဆေးပင်များကို စိုက်ပျိုးကြသည်။ မွေးမြူရေးလုပ်ငန်းများအဖြစ် အဓိကစားသုံးသော အသားငါးများ ဖြစ်ကြသည့် ကြက်၊ ဝက်၊ ဆိတ်၊ နွားနှင့်ငါးများကိုမွေးမြူကြသည်။ ထို့အတူ နိုင်ငံအတွင်း မြေပေါ်မြေအောက်သယံဇာတပစ္စည်းများလည်း များစွာရှိနေသည်။ သစ်ပင်သစ်တောထွက်ပစ္စည်းများ၊ ထုံးကျောက်၊ သံမဏိ၊ ကျောက်မီးသွေး၊ အဖိုးတန်ကျောက်မျက်ရတနာများ၊ ခဲမဖြူ၊ အဖြိုက်နက် စသည့်သယံဇာတများလည်းရှိသည်။

အဆိုပါသယံဇာတပစ္စည်းများကို MSME ဖြင့်ဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်များစွာ အကျိုးရှိမည် ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့် လုပ်ငန်းများနှင့် လတ်တလော ပုဂ္ဂလိကရင်းနှီးမှု လုပ်ဆောင်ရန်အတွက် အင်အားနည်းနေသေးသည့်လုပ်ငန်းများကိုမဆုံးရှုံးစေရန်အတွက် ပါဝင်ဆောင်ရွက်ပေးလျက်ရှိသည်။ MSME လုပ်ငန်းများတွင် ကုန်ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု၊ ဝန်ဆောင်မှုနှင့် အခြားလုပ်ငန်းဟူ၍ လေးမျိုးရှိရာ ကုန်ထုတ်လုပ်မှုကို အခြေခံသည့် စီးပွားရေးလုပ်ငန်းသည် အခြေခံအကျဆုံးဖြစ်သည်။ ကုန်ထုတ်လုပ်မှုမရှိပါက ရောင်းဝယ်မှုနှင့် ၎င်းနှင့်ဆက်စပ်နေသည့် ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်မည်မဟုတ်ပေ။

နိုင်ငံအတွက် MSME လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကုန်ကြမ်းရရှိရန် သေချာသည့် စိုက်ပျိုးရေးနှင့်မွေးမြူရေး ထွက်ကုန်များကို အခြေခံသည့် တန်ဖိုးရှိပစ္စည်း၊ တန်ဖိုးမြင့်ပစ္စည်းများ ကိုထုတ်လုပ်ခြင်း၊ ဒေသတွင်းရှိမြေပေါ်မြေအောက်သယံဇာတများကိုအခြေခံသည့် တန်ဖိုးရှိနှင့်တန်ဖိုးမြင့် ပစ္စည်းများထုတ်လုပ်ခြင်းများကို အခြေခံကျကျ ထုတ်လုပ်ကြရမည်ဖြစ်သည်။ သို့မှသာ ပုဂ္ဂလိကဗဟိုပြုစီးပွား ရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။