ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု

(၇၅)နှစ်မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့အခမ်းအနားကို အောက်တိုဘာ ၁ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်အခမ်းအနား၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်၍ ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ဆေးဝန်ထမ်းတပ်ဖွဲ့၏ ထူးခြားချက်တစ်ခုမှာ စစ်ဆင်ရေး နယ်မြေသို့ ရောက်သည့်အခါတိုင်းတွင် ဒေသအတွင်းရှိပြည်သူလူထု၏ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများကို ကိုယ်ကျိုးမဖက်ဆောင်ရွက်ပေးခဲ့ခြင်းပင်ဖြစ်ပါကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေ ဖြင့်ဆေးရုံ၊ ဆေးတပ်ရင်းများတွင် ဒေသခံပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့် နည်းတူ နိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုကို ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန်အတွက် နယ်လှည့်ဆေးကုသမှုလုပ်ငန်းများကိုလည်း ၂၀၁၀ ပြည့်နှစ် နောက်ပိုင်းတွင် တိုးမြှင့်ပြီး အင်တိုက်အားတိုက်ဆောင်ရွက် လာခဲ့ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

ဆေးဝန်ထမ်းတပ်ဖွဲ့သည် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုကာလကတည်းက မြန်မာ့တပ်မတော်နှင့်အတူ ပေါက်ဖွားလာခဲ့ပြီး သမိုင်းအစဉ်အလာကြီးမားစွာ ရပ်တည်လာခဲ့သည်။ အောင်ဆန်း-အက်တလီ စာချုပ်အရ လွတ်လပ်ရေးရရှိရန် နီးကပ်လာသည့်အချိန်၌ လွတ်လပ်ပြီး စမြန်မာနိုင်ငံအတွက် ဆေးတပ်ဖွဲ့တစ်ခုကို စနစ် တကျဖွဲ့စည်းရန်လိုအပ်လာခဲ့သည်။ ထို့ကြောင့် ၁၉၄၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် မြန်မာ့တပ်မတော်ဆေးဘက်ညွှန်ကြားရေးမှူးရုံးကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ မြန်မာ့တပ်မတော် အတွက် စတင်ဖွဲ့စည်းခဲ့သည့် ဆေးဘက်ညွှန်ကြားရေးမှူးရုံးဖွင့်လှစ်သည့်နေ့ကို ဆေးဝန်ထမ်းတပ်ဖွဲ့နေ့ အဖြစ်သတ်မှတ်ခဲ့သည်။

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် တပ်မတော်၏စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူ ကျူးကျော်မှုမှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌ စွမ်းစွမ်းတမံကျေပွန် စွာတာဝန်ထမ်းဆောင်ခဲ့ကြသည်။ ထိုကဲ့သို့ စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် ဗိုလ်ကြီး သူရမွန်ထော်သက်ညွန့်ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စားဆောင်ရွက်ခဲ့ကြသည့် ထူးချွန်သူပေါင်းများစွာ တပ်မတော်ဆေးတပ်ဖွဲ့ သမိုင်းတစ်လျှောက်တွင် ရှိခဲ့သည်မှာလည်း ဂုဏ်ယူဖွယ်ဖြစ်သည်။ ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်များမှာ စစ်မြေပြင်ဆေးအကာအကွယ်ပေးရေးတာဝန်များသာမက အရာရှိ၊ စစ်သည်များ၊ မိသားစု ဝင်များနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

မျက်မှောက်ကာလတွင် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလိုအပ်ချက်ကွက်လပ်ကို တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ၏ စွမ်းပကားဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ အထင်ရှားဆုံးသောဆောင် ရွက်ချက်ကို ပြပါဆိုလျှင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားချိန်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာနှောင်းပိုင်းနှင့် ၂၀၂၀ ပြည့်နှစ် အစောပိုင်းကာလများတွင် စတင်ဖြစ်ပေါ်ခဲ့ပြီး မြန်မာ နိုင်ငံတွင် မတ်လ ၂၃ ရက်က စတင်ဖြစ်ပွားခဲ့သည်။ ရောဂါဖြစ်ပွားမှု ပထမလှိုင်းကာလနှင့် ဒုတိယလှိုင်း ကာလများတွင်  ဖြစ်ပွားမှုနှုန်း နည်းပါးခဲ့သော်လည်း ၂၀၂၁ ခုနှစ် မေလနှောင်းပိုင်း၊ ဇွန်လဆန်းပိုင်းတွင် တတိယလှိုင်း ဖြစ်ပေါ်လာပြီး ကူးစက်မှုနှုန်းမြင့်တက်လာခဲ့သည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ သည် အချိန်ပြည့်ကျန်းမာရေးစောင့်ရှောက်မှုများကို စွန့်စွန့်စားစားလုပ်ဆောင်ပေးခဲ့သည့်အတွက် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း သုည ဒသမအောက်အထိ ကျဆင်းသွားခဲ့သည်မှာလည်း မှတ်တမ်းတင်ထိုက်လှသည်။

ဆေးဝန်ထမ်းတပ်ဖွဲ့၏ စေတနာ၊ အကြင်နာ၊ ဘေးကင်းကွာ ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး စောင့်ရှောက်မှု၊ ရောဂါကာကွယ်မှုတို့ကို ဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့သည် ထူးခြားထင်ရှားသော ဆေးပညာမှတ်တိုင်သစ်များကိုစိုက်ထူနိုင်ခဲ့သည်။ ယခုအခါ တပ်မတော်အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်းခြင်း၊ ကျောက်ကပ်အစားထိုးလဲလှယ်ခြင်း၊ ရင်ခေါင်းခွဲစိတ်ကုသခြင်း စသည့်အဆင့်မြင့်ပြုစုကုသမှုများကို နိုင်ငံတကာနည်းတူ ဆောင်ရွက်နိုင်ပြီဖြစ်သည်။ ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို စက်တင်ဘာ ၂၇ ရက်တွင် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သည်မှာ ဝမ်းသာဂုဏ်ယူဖွယ်ကောင်းလှသည်။

ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပါက တပ်မတော်အနေဖြင့် လက်လှမ်းမမီသည့်ဒေသ၊ လက်လှမ်းမမီသည့် ကုသမှုအမျိုးအစားများ မရှိသလောက်ဖြစ်နေပြီ ဖြစ်သည်။ ထိုအစဉ်အလာကောင်းများကို နောင်လာနောက်သားတို့အား လက်ဆင့်ကမ်းနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်သည်။ စိန်ရတုကာလပြည့် မြောက်ခဲ့သည့် တပ်မတော်ဆေးတပ်ဖွဲ့အနေဖြင့် မာကျောကျစ်လျစ်ခိုင်မာပြီး တန်ဖိုးရှိသည့် ဆေးဝန်ထမ်းတပ်ဖွဲ့အဖြစ် ထိန်းသိမ်းကာ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၊ တပ်မတော် သားများနှင့် မိသားစုဝင်များ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယခုထက်မက ပိုမိုဆောင်ရွက် နိုင်ကြပါစေကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။  ။