သဘာဝဘေးကြိုတင်ကာကွယ်ပေး

သဘာဝဘေးကြိုတင်ကာကွယ်ပေး

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၃ ရက်သည် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင် ခြေလျှော့ချရေးနေ့ ဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ကြိုတင်သတိပေးထုတ်ပြန်ချက် ဆောလျင် ဆောင်ရွက်အားလုံးအတွက် ဖြစ်သည်။ ဤဆောင်ပုဒ်၏ အနှစ်သာရသည် သဘာဝ ဘေးအန္တရာယ်ကြိုတင် သတိပေးချက်ရလျှင်ရချင်း အချိန်မဆိုင်းဘဲ လိုက်ပါလုပ်ဆောင်ကြရန်ဖြစ်ကြောင်း ညွှန်းဆိုခြင်း ဖြစ်သည်။

ကြိုတင်ပြင်ဆင်ထားမှသာ မည်သည့်အရာကိုမဆို အောင်မြင်စွာကျော်ဖြတ်နိုင်မည်ဖြစ်သည်။ သဘာဝဘေး အန္တရာယ်သည် နိုင်ငံတိုင်း၊ လူသားတိုင်းကြုံတွေ့ရသော ဘေးအန္တရာယ်ဖြစ်သည်။

မည်သူတစ်ဦးတစ်ယောက်ကမျှ မဖိတ်ခေါ်သော်လည်း ရောက်လာကာ လူသားတို့ကို ဒုက္ခပေးနေသည်မှာ သဘာဝဘေးအန္တရာယ်ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ရာသီဥတုပြောင်းလဲမှုများနှင့်အတူ သဘာဝဘေးအန္တရာယ် အမျိုးမျိုးမကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ်ဆိုသည်မှာ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ တောမီးလောင်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းများ မကြာခဏတိုက်ခတ်ခြင်း၊ ရေခဲများအရည်ပျော်ခြင်းနှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်ခြင်း၊ အစားအစာနှင့် သောက်သုံးရေရှားပါးလာခြင်းနှင့် ရောဂါဘယများ ထူပြောလာခြင်း စသည်တို့ပါဝင်သည်။

လူသားတို့၏ ပြုမူဆောင်ရွက်မှု၊ မတော်တဆမှု၊ ပေါ့ဆမှုကြောင့် သဘာဝဘေးကြုံတွေ့ရတတ်သလို သဘာဝအလျောက်လည်း သဘာဝဘေးကြုံတွေ့ရနိုင်သည်။ သစ်တောများပြုန်းတီးမှု များပြားလာခြင်းမှာ သဘာဝဘေးကို နေရာပေးလိုက်သကဲ့သို့ ဖြစ်သည်။ လူဦးရေတိုးပွားလာခြင်းနှင့် ဒေသတွင်းစက်မှုလုပ်ငန်းများ ကျယ်ပြန့်စွာ ဆောင်ရွက်လာခြင်းတို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ကာ ရာသီဥတုပြောင်းလဲမှု ဖြစ်စေသည်။

ရေထုညစ်ညမ်းမှု၊ လေထုညစ်ညမ်းမှု၊ ဂေဟစနစ်များ ယိုယွင်းပျက်စီးမှု၊ စက်မှုလုပ်ငန်းဆိုင်ရာ စွန့်ပစ်ပစ္စည်းနှင့် မြို့ပြများရှိ အမှိုက်ညစ်ညမ်းမှုတို့သည် ရာသီဥတုပြောင်းလဲခြင်းနှင့်အတူ သဘာဝဘေးအန္တရာယ် ကြုံတွေ့ရခြင်း ဖြစ်သည်။

သဘာဝဘေးအန္တရာယ်များတွင် အများဆုံးကြုံတွေ့ရသည်မှာ ရေကြီးရေလျှံမှုများဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတစ်ဝန်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး အသက်အိုးအိမ်စည်းစိမ်များစွာ ပျက်စီးဆုံးရှုံး များပြားခဲ့သည်ကို နိုင်ငံတကာသတင်းများတွင် ဖော်ပြထားသည်။ ဇွန်လအတွင်းဖြစ်ပေါ်ခဲ့သော ပါကစ္စတန်နိုင်ငံ ရေကြီးရေလျှံမှုကြောင့် လူပေါင်း ၁၁၀၀  ကျော်သေဆုံးခဲ့သည်။ အိုးအိမ်ပေါင်း ၂၈၇၀၀၀ ကျော် အလုံးစုံပျက်စီးခဲ့ပြီး ၆၆၂၀၀၀ ကျော် တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။ သြဂုတ်လအတွင်း ကိုရီးယားနိုင်ငံ ဂန်နမ်ခရိုင်နှင့်အနီးပတ်ဝန်းကျင်တွင် ရွာသွန်းခဲ့သော မိုးရွာသွန်းမှုသည် နှစ်ပေါင်း ၈၀ အတွင်း အများဆုံး ဖြစ်ခဲ့ကြောင်း သိရှိရသည်။

အဆောက်အအုံပေါင်း ၂၈၀၀ ပျက်စီးပြီး လူကိုးဦးသေဆုံးခဲ့သည်။ အလားတူပင် ထိုင်းနိုင်ငံတွင် တိုက်ခတ်ခဲ့သော မုန်တိုင်းနှင့် ရေကြီးရေလျှံမှုများကြောင့် ခရိုင် ၂၁ ခုတွင် ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး အိမ်ခြေ ၁၉၆၃၀ ပျက်စီးခဲ့သည်။ မြန်မာနိုင်ငံတွင်လည်း ဇူလိုင်လနှင့် သြဂုတ်လအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

ရာသီဥတုပြောင်းလဲမှုကြောင့်ဖြစ်ပေါ်လာသော ဆိုးကျိုးများသည် ဖွံ့ဖြိုးပြီးနိုင်ငံများထက် ဖွံ့ဖြိုးဆဲနိုင်ငံများက ပိုမိုခံစားရသည်ဟု ပညာရှင်တို့က သုံးသပ်ထားကြသည်။ မိုးလေဝသဆိုင်ရာ သတင်းအချက်အလက် အချိန်မီမရရှိခြင်း၊  သဘာဝဘေးအန္တရာယ်ကို တားဆီးကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုအားနည်းခြင်း၊ အခြေခံ အဆောက်အဦများ သဘာဝဘေးအန္တရာယ်ဒဏ် ခံနိုင်ရည်နည်းပါးခြင်း၊ ပြည်သူများအကြား   ရာသီဥတု ပြောင်းလဲခြင်း ဆိုင်ရာ အသိပညာ၊ ဗဟုသုတနည်းပါးခြင်း၊ ကြိုတင်သတိပေးချက်ကိုအချိန်မဆိုင်းဘဲ လိုက်နာလုပ်ဆောင်မှု နည်းပါးခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက ပျက်စီးဆုံးရှုံးမှုနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင်သဘာဝဘေးအန္တရာယ်ကြုံတွေ့ရပါက ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန်နှင့်  သဘာဝဘေးအန္တရာယ် ဖြစ်ပွားမှုနည်းပါးစေရေးအတွက် နိုင်ငံတော်၊ ပြည်သူနှင့်တပ်မတော်တို့ပူးပေါင်းကာ သစ်ပင် များစိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။ ကျွန်းစုများနှင့် ကမ်းရိုးတန်းနေ ဒေသခံပြည်သူများကို လေမုန်တိုင်းဒဏ်နှင့် ရေကြီးရေလျှံခြင်းမှကာကွယ်ပေးနိုင်ရန်နှင့် ပင်လယ်ရေ မျက်နှာပြင်မြင့်တက်လာမှု သက်ရောက်မှုများကိုလျှော့ချနိုင်ရန် ဒီရေတောများ၊ လေကာတန်းသစ်ပင်များ စိုက်ပျိုးလျက်ရှိသည်။

ထို့အတူအပူပိုင်းဒေသများတွင် ရေသယံဇာတလုံခြုံစိတ်ချရမှု၊ ဒေသခံပြည်သူများ အသက်မွေး ဝမ်းကျောင်းမှုများနှင့် ရာသီဥတုပြောင်းလဲမှုသက်ရောက်မှုများကို တုံ့ပြန်နိုင်စွမ်းပိုမိုတိုးပွားစေရန်အတွက် သစ်တောများ ပြန်လည်တည်ထောင်ထိန်းသိမ်းခြင်းများ ပြုလုပ်လျက်ရှိသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို ဖွဲ့စည်းထားရှိပြီး  နိုင်ငံအတွင်း သဘာဝဘေးအန္တရာယ် ကြုံတွေ့လာပါက အချိန်မဆိုင်းဘဲကူညီကယ်ဆယ်မှုပြုရန် ဆောင်ရွက်ထားပြီး ဖြစ်သည်။

သဘာဝဘေးအန္တရာယ်ကို အထက်ပါနည်းလမ်းများနှင့်အညီ ကာကွယ်မှုပြုလုပ်ထားကြရမည့်အပြင် သဘာဝဘေး အန္တရာယ်နှင့် ပတ်သက်သော ကြိုတင်သတိပေး ထုတ်ပြန်ချက်ကို ဆောလျင်စွာ ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။