Covid-19 ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား   စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ သြဂုတ် - ၈

Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့် သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေး စခန်း၊ ရန်ကုန်တိုင်း ဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက် ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိ လာသူ အမျိုးသား ၁၂ ဦး၊ အမျိုးသမီ ၅ ဦးထပ်မံရောက်ရှိလာပြီး လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းသို့ ထပ်မံရောက် ရှိလာသူမရှိကြောင်း သိရသည်။

စောင့်ကြပ်ကြည့်ရှု ထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၂၉ ဦးနှင့် ရွှေညောင်မြို့ တည်းခိုရေးစခန်းမှ ၈၄ ဦးတို့ကို ယနေ့တွင် ကျန်းမာရေး ဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေး စခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် Covid-19 ရောဂါ နှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိသူများက ပေးအပ် ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိ သူများက စီစဉ်ပေးသည့် မော်တော်ယာဉ် များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။

ထိုသို့လက်ခံ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၁၀ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း၌ ၃၁၁ ဦးတို့ကို အသီးသီး လက်ခံထားရှိပြီး စောင့်ကြည့်သူများ အားလုံးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကြောင်းနှင့် အဆိုပါ သီးသန့် စောင့်ကြည့်ရမည့် သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။