လူသားတိုင်း အသက်ရှည်ရှည်စားသောက်နေထိုင်ရေး  

လူသားတိုင်း အသက်ရှည်ရှည်စားသောက်နေထိုင်ရေး  

၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၆ ရက်ကို ကမ္ဘာ့စားနပ်ရိက္ခာနေ့အဖြစ် သတ်မှတ်ထားသည်မှာ (၄၂)နှစ်မြောက်ရှိပြီဖြစ်သည်။ ယခုနှစ်အတွက် သတ်မှတ်ဆောင်ပုဒ်မှာ ထွက်ကုန်မြှင့်တင်တိုးထုတ်လျှင်၊ ကောင်းမွန်ပြည့်ဝအာဟာရ၊ ဝန်းကျင်လှပတို့ဘဝ၊ လူတိုင်းစေ့ငရရှိကြဖြစ်သည်။ လူသားများအသက်ရှင် နေထိုင်လှုပ်ရှားသွားလာရန် လိုအပ်သောစွမ်းအင်ကို အစားအသောက်များမှ ရရှိသည်။ ထိုအစားအသောက် ကိုလူသားတိုင်းစေ့ငစွာရရှိရေးသည် ကမ္ဘာတွင်လိုအပ်ချက်တစ်ခုဖြစ်ပေါ်လာသည်။ နိုင်ငံတိုင်းတွင် စားနပ် ရိက္ခာကိုတိုးမြှင့်ထုတ်လုပ်ရန် ကြိုးပမ်းနေကြသော်လည်း သဘာဝဘေးဒဏ်၊ လူသားတို့ကြောင့်ဖြစ်ပေါ်နေ သောဘေးဒဏ်တို့ကြောင့် မျှော်မှန်းသလောက်အောင်မြင်မှုမရရှိပေ။

အချို့သောနိုင်ငံများမှာ စားနပ်ရိက္ခာကို မိမိတို့ပြည်တွင်းတွင် လုံလောက်စွာ မထုတ်လုပ်နိုင်သောကြောင့် ပြည်ပမှဝယ်ယူ တင်သွင်းနေကြရသည်။ နိုင်ငံတကာဈေးကွက်တွင် ဝယ်ယူမှုများပြားလာသည်နှင့်အမျှ လိုအပ်ချက်များလည်း များပြားလာသည်။  ဆိုလိုသည်မှာ စားနပ်ရိက္ခာဖူလုံမှု မရှိခြင်းကြောင့် နိုင်ငံအချို့တွင် စားရေရိက္ခာ အခက်အခဲများစွာ ကြုံတွေ့နေကြရသည်ကိုလည်း  ကြားမြင်နေကြရသည်။  မြန်မာနိုင်ငံ အနေဖြင့်မူ  စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အဓိကလုပ်ဆောင်နေသည့်အတွက် စားနပ်ရိက္ခာ အခက်အခဲမှာ တစိုး တစိမျှရှိသည် မဟုတ်ပေ။

ကမ္ဘာကြီးတွင်မူ ထိုအခက်အခဲက ရှိနေဆဲဖြစ်သည်။ လူဦးရေတိုးမြင့်လာသလို  စားနပ်ရိက္ခာကအမှီ မလိုက်နိုင်သည့်အခါ စားနပ်ရိက္ခာမပြည့်စုံမှုသည် ပြဿနာတစ်ရပ်ကဲ့သို့ ဖြစ်ပေါ်နေခြင်းဖြစ်သည်။ ထို့ပြင် စားနပ်ရိက္ခာဈေးနှုန်း အပြောင်းအလဲများခြင်း၊ စိုက်ပျိုးသီးနှံပင်မျိုးစိတ်များ  ရှားပါးလာခြင်း သို့မဟုတ် ပျောက်ကွယ်သွားခြင်း၊ ရာသီဥတုပြောင်းလဲမှု၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် ရေနှင့်စိုက်ပျိုးမြေ ရှားပါးလာမှု၊ အကြောင်းအမျိုးမျိုးကြောင့် စားနပ်ရိက္ခာပြုန်းတီးမှုနှင့်ဖြုန်းတီးမှုများရှိနေခြင်းတို့သည် စားနပ်ရိက္ခာ အခက်အခဲများဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၇ ရက်က ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဗလာဒီဗော့စတော့ခ်မြို့၌ကျင်းပ ခဲ့သည့်(၇)ကြိမ်မြောက် အရှေ့ဖျား စီးပွားရေးဖိုရမ်၏ မျက်နှာစုံညီ အစည်းအဝေးတွင် စားနပ်ရိက္ခာနှင့် ပတ်သက်၍ ကမ္ဘာ့လူဦးရေသည် လွန်ခဲ့သည့် နှစ်များအတွင်း တိုးပွားလာခဲ့ပြီး လူသားများသက်တမ်းကြာရှည် စွာရှင်သန်နေထိုင်နိုင်မှု မြင့်တက်လာခဲ့ရာ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘာ့လူဦးရေသည် ၈ ဘီလီယံ သို့ရောက်ရှိမည် ဖြစ်ပါကြောင်း၊ သုတေသီများနှင့်ပညာရှင်များကလည်း ကမ္ဘာ့လူဦးရေသည် ၂၀၃၀ ပြည့်နှစ်တွင် လူဦးရေ ၈ ဒသမ ၅ ဘီလီယံ၊ ၂၀၅၀ ပြည့်နှစ်တွင် ၉ ဒသမ ၇၃ ဘီလီယံနှင့် ၂၁၀၀ ပြည့်နှစ်တွင် ၁၀ ဒသမ ၄ ဘီလီယံအထိရှိမည်ဟုခန့်မှန်းထားသည်ကို တွေ့ရှိရပါကြောင်း၊ လူတိုင်းအတွက် စားရေးသည်နေ့စဉ်လိုအပ်ချက်ဖြစ်သဖြင့် အဓိကကျပါကြောင်း ပြောကြားခဲ့သည်။

လူတိုင်းအတွက် စား၊ ဝတ်၊ နေရေးတွင် စားရေးသည် အခြေခံအကျဆုံးနှင့် အရေးပါဆုံးလိုအပ်ချက် တစ်ရပ်ဖြစ်သည်။ လူဦးရေတိုးမြင့်လာခြင်းနှင့်အတူ စားနပ်ရိက္ခာလိုအပ်မှု (Demand) သည်လည်း အချိုးကျမြင့်တက်လာမည် ဖြစ်သည့်အတွက် စားနပ်ရိက္ခာ ပိုမိုထုတ်လုပ်ရန် အထူးလိုအပ်လာနေပြီ ဖြစ်သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် အရင်းအမြစ်ကောင်းများဖြစ်သည့် စိုက်ပျိုးမြေနှင့် သဘာဝမြစ်ချောင်းအင်းအိုင်များ၊ ပင်လယ်ကမ်းရိုးတန်းများဖြင့် ပြည့်စုံသည့်နိုင်ငံဖြစ်သည်။ နိုင်ငံအတွင်း စိုက်ပျိုးမြေစုစုပေါင်း ဟက်တာ ၁၃ သန်းကျော်ရှိပြီး ရေအရင်းအမြစ်များစွာလည်း ရှိနေသည်။

မြန်မာနိုင်ငံတွင် စပါး၊ ပဲမျိုးစုံ၊ ပြောင်းအပြင်နှမ်းနှင့်ဝါသီးနှံတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိသည့်အတွက်  စားနပ်ရိက္ခာမှာ ပြည်တွင်းဖူလုံမှုရှိသည့်အပြင်    ပြည်ပသို့ပင်တင်ပို့ရောင်းချလျက်ရှိသည်။ 

ခေတ်အဆက်ဆက်ကပင် ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံသည့်အပြင် ပိုလျှံသောစိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ထွက်ကုန်များအား အိမ်နီးချင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိသည်။ ထို့ကြောင့် မြန်မာနိုင်ငံသည် အခြေခံစားနပ်ရိက္ခာ ထုတ်လုပ်သည့် ပင်မနိုင်ငံတစ်ခုအဖြစ် ရပ်တည် လျက်ရှိသည့် အစဉ်အလာကောင်းများကို ပိုင်ဆိုင်ထားသည့်နိုင်ငံ ဖြစ်သည်။ ထိုအစဉ်အလာကောင်းများ ဆက်လက်ထိန်းသိမ်းကာ စားနပ်ရိက္ခာ ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းလျက်ရှိသည်။

ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်များကို မြန်မာနိုင်ငံအနေဖြင့် ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက် လျက်ရှိသည်။ ထွက်ကုန်တိုးမြှင့် ထုတ်လုပ်ရာတွင် အရည်အသွေး ကောင်းမွန်ရေး ကိုလည်း ထည့်သွင်းထုတ်လုပ်နေပြီး အကောင်းမွန်ဆုံးသော အာဟာရဖြစ်အောင် လုပ်ဆောင်နေသည်။ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့်စားရေရိက္ခာဖူလုံရေးကို အမျိုးသားရေး လုပ်ငန်းစဉ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ အောင်မြင်မှုများစွာလည်း ရရှိနေပြီဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် ယနေ့တွင်ကျရောက်သော ကမ္ဘာ့စားနပ်ရိက္ခာနေ့တွင် မြန်မာနိုင်ငံ ကဲ့သို့ အခြားသောနိုင်ငံများအနေဖြင့် စားရေရိက္ခာ ဖူလုံမှုရှိကာ လူသားတိုင်း အသက်ရှည်ရှည် စားသောက် နေထိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပေသည်။    ။