ချမ်းမြေ့သာယာ တန်ဆောင်မုန်းလပြည့်အခါ

ချမ်းမြေ့သာယာ တန်ဆောင်မုန်းလပြည့်အခါ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်)

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန် တရားဟောကြားတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလအခါတော်နေ့ အဖြစ် သတ်မှတ်ကြသည်။ အဇာတသတ်မင်းသည် ဒေဝဒတ်ကို ဆရာတင်မှားခဲ့သည်။ ဖခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့မိသည်။ ဒေဝဒတ်သည် သံဃာကို သင်းကွဲအောင်ပြုလုပ်ပြီး ဘုရားရှင်အား  ပြစ်မှားမိသော အကုသိုလ်ကံကြောင့် မြေမြိုကာ ဘဝဆုံးခဲ့သည်။ ထိုသတင်းကို အဇာတသတ် ကြားမိသောအခါတွင် သူ၏စိတ်တွင် ပူဆွေးသောကကြုံရသည်။ ဖခင်ကိုသတ်မိခြင်း၊ ဒေဝဒတ်ကိုဆရာတင်မိခြင်းနှင့် ဘုရားရှင်ရှိလျက်နှင့် ဘုရားကို မကိုးကွယ်မိလေခြင်းဟူ၍ ပြန်တွေးမိလေတိုင်း အိပ်မပျော်၊ စားမဝင်ဖြစ်နေခဲ့သည်။ နောက်ဆုံးတွင် ဆရာဇီဝက၏ လမ်းပြမှုဖြင့် ဘုရားရှင်ထံမှောက် ရောက်သွားရာမှ သူ၏စိတ်ဝေဒနာ သက်သာပျောက်ကင်းသွားခဲ့သည်။

မြတ်စွာဘုရားနှင့်တွေ့ပြီး သာမညဖလသုတ်တော်ကို နာကြားရခြင်းကြောင့်  ရတနာသုံးပါးကို မြတ်နိုးယုံကြည်သွားသည်။ ထို့ကြောင့် ပုထုဇဉ်ထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့သည်။

ပထမသင်္ဂါယနာတင်ဒါယကာအဖြစ် သာသနာတော်ကို စောင့်ရှောက်ခဲ့သည်။  တန်ဆောင်မုန်းလသည် ကောင်းကင်တစ်ခွင်၌ ဆီးနှင်းမြူတိမ် သူရိန်မီးခိုးညစ်မျိုး ကင်းစင်သောကြောင့် နေ့ညမရွေးကြည်လင်နေသည်။

ထို့ကြောင့် နေလနက္ခတ်တာရာ ကြယ်ပေါင်းစုံကို သာမန်မျက်စိနှင့် လူတိုင်းမြင်တွေ့နိုင်သည်။ တန်ဆောင်မုန်းလပြည့်ညတွင် ထွက်သောလသည် ပြည့်ပြည့်၀၀ ဝိုင်းဝိုင်းစက်စက်ရှိသည်။ ကြယ်နက္ခတ်လည်း စုံလှသည်။ စန်းယှဉ်နက္ခတ်ဖြစ်သော ကြတ္တိကာနက္ခတ်ကို မြန်မာတို့က ဖျောက်ဆိပ်ကြယ်ဟု ခေါ်သည်။ သာမန်မျက်စိဖြင့်ကြည့်လျှင် ရကောက်သဏ္ဌာန် ကြယ်ခုနစ်လုံးကိုမြင်တွေ့ရပြီး မှန်ပြောင်းနှင့်ကြည့်လျှင် ၁၆၅ လုံးမြင်နိုင်ကြောင်း အဆိုအမိန့်ရှိပါသည်။ ရာသီမှာဗြိစ္ဆာရာသီဖြစ်သည်။ ကင်းပုစွန်(ကင်းမြီးကောက်) ရုပ်အမှတ် အသားရှိသော ရာသီဖြစ်သည်။

“တန်ဆောင်မုန်းလ ဆေးပေါင်းခ”ဆိုသည်နှင့်အညီ ကြတ္တိကာနက္ခတ်နှင့် စန်းယှဉ်သော တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးပင်အပေါင်းကို စောင့်သောနတ်တို့သည် မဲဇလီပင်စောင့်နတ်အား ခစားလာကြသည့် အတွက် ထိုညတွင် မဲဇလီဖူးကိုစားလျှင် အန္တရာယ်ကင်းပြီး ဘုန်းကြီးကြောင်း၊  အသက်ရှည်ကြောင်း ကဝေသာရဆေးကျမ်းတွင် ဖော်ပြထားသည်။ ထိုအဆိုအရ တန်ဆောင်မုန်း လပြည့်ညတွင် မဲဇလီဖူးသုပ်စားသော အလေ့ကို ယနေ့တိုင် ကျင့်သုံးလျက်ရှိကြသည်။ မဲဇလီဖူးသည် ခါးသက်သက် အရသာရှိသောကြောင့် ကျန်းမာရေးကောင်းမွန်စေသော အရသာဖြစ်သည်။

တန်ဆောင်ဆိုသည်မှာ ဆီမီး၊ မုန်းဆိုသည်မှာ မှုန်းခြယ်သခြင်း အဓိပ္ပာယ်ရပါသည်။ တန်ဆောင်မုန်း ဟူသောအဓိပ္ပာယ်နှင့်အညီ  ထိုလတွင် မီးထွန်းပွဲကိုခြိမ့်ခြိမ့်သဲသဲ ကျင်းပသည်။ တန်ဆောင်မုန်းလတွင် ကြတ္တိကာပွဲသဘင် ဆင်ယင်ပုံကို ဦးရွှန်းက ဥမ္မာဒန္တီပျို့တွင် “တန်ဆာဆင်ယင်၊ နတ်သဘင်သို့၊ မြို့ပြင် မြို့တွင်း၊ မီးရောင်ဝင်းလျက်၊ ဟင်းလင်းတံခါး၊ ဖွင့်ကာထား၍၊ ပြည်သားပြည်သူ၊ လှိုက်ဆူအုန်းအုန်း၊ တန်ဆောင်မုန်းတွင်၊ ချိန်ဆုန်းသဘင်၊ ပွဲကြီးဆင်လျက်၊ ပျော်ရွှင်ကြမြဲ၊ ထိုသည့်ပွဲ”ဟူ၍ သရုပ်ဖော်ထားသည်။ ဆီမီးပူဇော်ပွဲမှာ ဂြိုဟ်၊ လ၊ နက္ခတ်တာရာများကို ဂြိုဟ်ကိုးလုံးပူဇော်ပွဲက ဗုဒ္ဓဘာသာရောက်သောအခါ မြန်မာတို့က ဘုရားကိုးဆူပူဇော်ပွဲဟု ဆိုလာကြပါသည်။ တန်ဆောင်မုန်းလတွင် ကျင်းပသော ပွဲတော်ကား         များပြားလှသည်။ များပြားသည့်အလျောက် ကောင်းမှုကုသိုလ်များလည်း တိုးပွားသည်။

နှစ်စဉ်တန်ဆောင်မုန်းလဆန်း ၁၄ ရက်နေ့တွင် ဘုရားစေတီများ၌ အပြိုင်အဆိုင် ကျင်းပနေသည်မှာ မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲဖြစ်သည်။ ရွှေတိဂုံစေတီတော် ရင်ပြင်တော်၌ ကျင်းပမြဲဖြစ်သော မသိုးသင်္ကန်း ရက်ကန်းပြိုင်ပွဲကို ပျော်ပျော်ပါးပါး ညလုံးပေါက်ကျင်းပသည်။ ညလုံးပေါက် အားပေးသူပရိသတ်ကလည်း များပြားသည်။ ပြိုင်ပွဲစသည်နှင့် ရက်ကန်းရက်သူလေးများက အပြိုင်အဆိုင် ရက်ကြသည်။ အားပေးနေသော ဆိုင်းသံများကလည်း တက်တက်ကြွကြွ ရှိလှသည်။ အရုဏ်တက်ချိန်တွင် သင်္ကန်းများ ရက်ပြီး၍ ပြိုင်ပွဲပြီးဆုံးသောအခါ ဆုရသူများကို ဆုပေးသည်။ ညတွင်းချင်းရက်ထားသော မသိုးသင်္ကန်းများကို တန်ဆောင်မုန်း လပြည့်နေ့နံနက်တွင် မုခ်လေးမုခ်၏ ဂန္ဓကုဋီအတွင်းမှ ရုပ်ပွားတော်များအား ကပ်လှူသည်။ အရုဏ်မတက်မီ ပြီးစီးအောင် ရက်ရသည့်သင်္ကန်းဖြစ်သည့်အတွက် မသိုးသင်္ကန်းဟု ခေါ်ဆိုခြင်းဖြစ်သည်။

မြန်မာဗုဒ္ဓဘာသာဝင် သူတော်စင်တို့သည် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာကို ယုံကြည်ကိုးကွယ်ကြသည်။ မြတ်စွာဘုရားရှင် သက်တော်ထင်ရှား ရှိနေသကဲ့သို့ အလှူဒါနပြုလျက်ရှိသည်။ ထို့ကြောင့် ရှေးစာဆိုပညာရှင်များက ဘုရားရှိတဲ့ အမိမြန်မာပြည် အန္တရာယ်ကင်းရှင်းပေသည်။ ရတနာမိုး ဖြိုးမောက်သည် မြန်မာပြည်။ မင်္ဂလာအဟုန် ယဉ်ကာ တစ်ဖုံပညာစုံပေါသည်။ တို့မြန်မာပြည် ဇာတာစန်းမှာ ပွင့်လန်းလာခဲ့ပြီ။ ဘုန်းတေဇာ သမ္ဘာလျှမ်းမည်၊ စာဆိုတွေနဲ့အညီ၊ မမေ့နိုင်သည် ခေတ်ဆန်းချိန် ရောက်လုပါပြီ..စသည့် စာသားများဖြင့် သီချင်းဖွဲ့ဆိုခဲ့ကြသည်။ အနှစ်ချုပ်ဆိုရသော် တန်ဆောင်မုန်းလပြည့် ချမ်းမြေ့သာယာ ပြည်မြန်မာ အဖြစ် ပိုမိုအေးချမ်း သာယာတော့မည်ဖြစ်ပါကြောင်း ဆုမွန်ကောင်းတောင်း ရေးသားလိုက်ရပေသည်။    ။