သစ္စာစောင့်သိသူများရှိနေသမျှ .. . .

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၉ ရက်)

သစ္စာစောင့်သိသူများရှိနေသမျှ .. . .

ဤလောက၌ သစ္စာတရားသည် အထူးပင်လေးနက်သည်။ မှန်မှန်ကန်ကန် ပြောဆိုလုပ်ကိုင်ခြင်းသည် ချက်ချင်းမျက်မှောက် ကောင်းကျိုးကိုပေးသည်။ ဘုရားလောင်းသည် ငုံးမင်းဖြစ်စဉ်က မှန်သောသစ္စာစကားကိုဆိုသောကြောင့် ငုံးမင်းနေသောတောအုပ်ကို မီးရှောင်ကွင်းသွားသည်။ သုဝဏ္ဏလျှံသတို့သားသည် မြားမှန်၍ မြားဆိပ်တက်ကာ သေလုမြောပါးဖြစ်နေစဉ် မိဘနှစ်ပါးနှင့် ဗဟုသုန္ဒရီနတ်သမီးတို့ သစ္စာပြု၍ အသက်မှချမ်းသာခဲ့သည်။ ငါးရံ့မင်းသည် မှန်သောသစ္စာစကားကိုဆို၍ မိုးကိုရွာစေနိုင်သည်။  အင်းဝခေတ်တွင် တောင်ဖီလာဆရာတော်သည် မှန်သောသစ္စာစကားကိုဆိုကာ သီလစင်ကြယ်ကြောင်း ပြသခဲ့သည်။

စစ်ကိုင်း၊ ပင်းယ၊ အင်းဝတစ်ကြောတွင် ထိုအချိန်က မိုးလွန်စွာခေါင်ခဲ့သည်။ မိုးခေါင်ခြင်းသည် တောင်ဖီလာဆရာတော်၏ အကျင့် သီလပြင်းထန်၍ဟု အမတ်အချို့က မင်းကြီးထံသံတော်ဦးတင်သည်။ မင်းကြီးကမယုံသော်လည်း နောက်ဆုံးတွင် ရုပ်ချောသည့် အမျိုးသမီးတစ်ဦးကိုစေလွှတ်ကာ သီလပျက်စေရန် လုပ်ဆောင်စေသည်။ မင်းသမီးက အမျိုးမျိုးဖြားယောင်းသည်။ နောက်ဆုံးတွင် ဆရာတော်သည် ကျောင်းနံရံတွင် ဒန်ပူသပ်သည့် ဓားမောက်ကိုယူကာ သူ၏ခြေသလုံးအား ဓားနှင့်မွှန်းခဲ့သည်။

မင်းသမီးလည်း “စေခိုင်းသည့်အတိုင်း တောင်ဖီလာဆရာတော်၏ သီလအကျင့်ကို ဖြားယောင်းဖျက်ဆီးခဲ့ပါပြီ” ဟု အပြစ်မှလွတ်ရန် သံတော်ဦးတင်သည်။ မင်းကြီးနှင့် ပရိသတ်ရောက်လာသောအခါ ဆရာတော်က “ငါ၏သီလပျက်စီးပါမူ ဤဓားမောက်သည် ချသောခဏ ရေ၌မြုပ်ပါစေသား။ စင်ကြယ်ပါမူ ရေဝယ်ကူးစေသား” ဟု သစ္စာဆိုကာ ဓားမောက်ကို ရေထဲပစ်ချလိုက်သည်။ ဓားမောက်လည်း ရေပေါ်တွင်ဖြတ်သန်း၍ ငါးကဲ့သို့ ကူးသွားလေသည်။ ယခုတိုင် “ဓားမကူးကန်” ဟူ၍ရှိနေသေးသည်။

ထို့ကြောင့် ယောမင်းကြီးဦးဖိုးလှိုင်က သူ၏ရာဇဓမ္မသင်္ဂဟကျမ်းတွင် “လောက၌ ကံအရာကိုချန်ထား၍ သစ္စာဖြင့်မပြီးနိုင်သော အမှုမည် သည်မရှိ” ဟူ၍ရေးသားထားခဲ့သည်။ သစ္စာတရား၏ လေးနက်ပုံ၊ မှန်သော သစ္စာသည် ကောင်းသော အကျိုးတရားကို ပေးပုံတို့မှာ ဖော်ပြ၍မကုန်နိုင်အောင် များပြားလှပေသည်။ ခေတ်အဆက်ဆက် အမျိုးကိုချစ်သောမြန်မာတို့သည် မိမိနိုင်ငံအပေါ်တွင် သစ္စာ တရားထားရှိခဲ့သည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်ပင် သူ၏တိုက်ပွဲမှန်သမျှတွင် တိုက်ပွဲမစတင်မီ သစ္စာဆို၍ တိုက်ပွဲဝင်ခဲ့ကြောင်းသိရှိရသည်။

ယနေ့တပ်မတော်သားတို့သည် ရှေးခေတ်က မြန်မာသူရဲကောင်းများနည်းတူ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် သစ္စာစောင့်သိ လျက်ရှိသည်။ တပ်မတော်သားတို့သည် နံနက်နှင့်ညနေတွင် တန်းစီ၍သစ္စာလေးချက်ကို ရွတ်ဆိုကြရသည်။ တပ်မတော်တွင် အမျိုးသားများ သာမက အမျိုးသမီးစစ်မှုထမ်းများ များစွာရှိနေပြီဖြစ်သည်။ မိန်းမသားများဖြစ်ကြသော်လည်း ရဲစွမ်းသတ္တိရှိကြသည်။ သူတို့သည်လည်း သစ္စာလေးချက်ကို ဦးထိပ်ရွက်ထားကြရသူများဖြစ်သည်။ တပ်ရင်း၊ တပ်ဖွဲ့၊ ဌာနချုပ်အသီးသီးရှိ  စစ်ရေးပြကွင်း များတွင် နိုင်ငံတော်အလံကို အလေးပြုပြီး သစ္စာလေးချက် ရွတ်ဆိုသံများဖုံးလွှမ်းနေသမျှ မြန်မာနိုင်ငံကား ကမ္ဘာ့အလယ်တွင် ကြွားကြွားဝင့်ဝင့် ရပ်တည်နေမည်သာဖြစ်သည်။

“ငါတို့သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါမည်။ ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကို စောင့်သိရိုသေပါမည်။ ငါ့အား အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာထမ်းဆောင်ပါမည်။ ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့တပ်မတော်အတွက် ငါ၏အသက်ကိုစွန့်လွှတ်ရန်အဓိဋ္ဌာန်ပြုပါ၏” ဟူသောသစ္စာလေးချက်မှာ တပ်မတော်သားတို့၏ နိုင်ငံနှင့် လူမျိုးအပေါ်ထားရှိသော သစ္စာတရားဖြစ်သည်။

တပ်မတော်တွင်စစ်မှုထမ်းဆောင်နေကြသော လူငယ်မောင်မယ်တို့သည် ပြည်သူတို့၏ရင်နှစ်သည်းချာများသာဖြစ်သည်။ သူတို့သည် မိမိဝါသနာ၊ စိတ်ရင်းစိတ်ထားအမှန်ဖြင့် တပ်မတော်တွင် စစ်မှုထမ်းရန် ဝင်ရောက်လာကြသူများဖြစ်သည်။ မိမိတို့စိတ်ကြိုက် ရွေးချယ်သောလမ်းကို မိမိတို့ကိုယ်တိုင် လျှောက်လှမ်းကြခြင်းသာဖြစ်သည်။ သာမန်အရပ်သားအဖြစ်မှ တပ်မတော်သားအဖြစ်သို့ ရောက်လာသူတိုင်းမှာ သက်ဆိုင်ရာသင်တန်းကျောင်းများ၊ တက္ကသိုလ်များကို တက်ရောက်လေ့ကျင့်ပြီးမှသာ ဒေါင်ဒေါင်မြည် တပ်မတော်သား ဖြစ်လာကြရခြင်း ဖြစ်ပါသည်။ တပ်မတော်သားဖြစ်လာကြသည်နှင့် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေကြရသည်။

မြန်မာနိုင်ငံသမိုင်းတွင် သစ္စာတရားကို ဦးထိပ်ပန်ဆင်ထားသော လူပုဂ္ဂိုလ်များ များစွာပေါ်ထွန်းခဲ့သည်။ ယနေ့တိုင်လည်း ပေါ်ထွန်းနေဆဲဖြစ်သည်။ အနာဂတ်တွင်လည်း ပေါ်ထွန်းနေဦးမည်ဟု ယုံကြည်မိသည်။ တပ်မတော်သားတို့၏ ခိုင်မာသော သစ္စာတရားမှာ တပ်မတော်သည် အမျိုးသားရေးကို ဘယ်တော့မှသစ္စာမဖောက်ခြင်းဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အပေါ် သစ္စာစောင့်သိ ရိုသေသူများရှိနေသမျှ ကာလပတ်လုံး မြန်မာနိုင်ငံတော်မြေပုံသည် မပျက်မယွင်း တည်တံ့နေမည်ဖြစ်ပါကြောင်း  ရေးသားလိုက်ရပေသည်။   ။