လုပ်ငန်းရှင်များ ပိုမိုကြိုးစား တိုင်းပြည်အတွက်အား

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်)

လုပ်ငန်းရှင်များ ပိုမိုကြိုးစား တိုင်းပြည်အတွက်အား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်ချမှတ်ကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်လျက်ရှိသည်။ ရှေ့လုပ်ငန်းစဉ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများအား ဖြစ်နိုင်သမျှနည်းလမ်းများဖြင့် အမြန်ဆုံးကုစားသွားမည်ဆိုသည့် လုပ်ငန်းစဉ်အတိုင်း ရာနှုန်းပြည့်အောင်မြင်အောင် ဆောင်ရွက်ပေး လျက်ရှိသည်။ ထို့အတူ ဦးတည်ချက်(၉)ရပ်တွင် ပါဝင်သည့် ပြည်တွင်းစီးပွားရေး လုပ်ငန်းများကို အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး ဦးတည်ချက်ကိုလည်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပြီ ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်(၃/၂၀၂၂)ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၄ ရက်တွင် ထုတ်ပြန်ထားသည်။ ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှုများကို ပြန်လည်ကုစားနိုင်ရေးအတွက် ထိခိုက်မှုအများဆုံးဖြစ်သည့် ကုမ္ပဏီ/လုပ်ငန်းစုစုပေါင်း ၅၉၉၀ ခုအား ချေးငွေသက်တမ်းတစ်နှစ် (အတိုးနှုန်း ၁%)ဖြင့် ချေးငွေများခွင့်ပြုထုတ်ချေးပေးခဲ့ပါသည်။ နိုင်ငံတော်အနေဖြင့် ချေးငွေ ထုတ်ပေးခဲ့သည့် ကုမ္ပဏီ/လုပ်ငန်း ၅၉၉၀ ခုကို ၂၀၂၁ ခုနှစ် မတ်လ ၁၇ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်ဖြင့် ချေးငွေပြန်ဆပ်ရန်ကာလအား ချေးငွေကာလသက်တမ်း တစ်နှစ်စေ့ရောက်သည့်နေ့မှစ၍ ပထမအကြိမ်(၆)လ သက်တမ်းတိုးမြှင့်ပေးခဲ့သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့တွင် ချေးငွေပြန်ဆပ်ရန်ကာလကို သက်တမ်း(၁)နှစ် (၆)လစေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ်(၆)လ ထပ်မံသက်တမ်း တိုးမြှင့်ပေးခဲ့သည်။

ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှုများထပ်မံရှိနေပြီး ပြည်တွင်းရှိစီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလသက်တမ်း(၂)နှစ် စေ့ရောက်သည့်နေ့မှစ၍ နောက်ထပ်(၁)နှစ် ထပ်မံသက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက လမ်းညွှန်ခဲ့ပါသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ တိုးတက်အောင် ကူညီမှုပြုနေခြင်းဖြစ်သည်။ ချေးငွေရယူထားသည့် ကုမ္ပဏီ/လုပ်ငန်းများအနေဖြင့် နှစ်အလိုက်အတိုးများအား ကျေပွန်အောင်ပေးဆပ်ကြရမည်ဖြစ်သည်။ ထို့အတူချေးငွေများအား ရည်ရွယ်ချက်အတိုင်း ထိရောက်အောင် ဆောင်ရွက်ကြရမည် ဖြစ်သည်။

ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့သည့်ကာလများ အတွင်း နိုင်ငံတိုင်း၌ ကိုယ်စီအခက်အခဲများ ရှိခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်ခဲ့သည့် အခက်အခဲများသာမက နိုင်ငံရေးအခက်အခဲများနှင့်လည်း ကြုံတွေ့ ခဲ့ရပြီး စီးပွားရေးအခက်အခဲများ ဖြစ်ပေါ်ခဲ့ရသည်။ နိုင်ငံ၏စီးပွားရေး ပျက်ယွင်းစေရန်နိုင်ငံရေးအရ ထိုးနှက်တိုက်ခိုက်မှုများ၊ ငွေကြေးလည်ပတ်သုံးစွဲမှုများကို ထိခိုက်စေရန် ဘဏ်စနစ်ပြိုလဲအောင်ဆောင်ရွက်မှုများ၊ စက်ရုံအလုပ်ရုံများ ရပ်တန့်စေရန် ဆောင်ရွက်မှုများရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ထိုကဲ့သို့သော အခက်အခဲအကျပ်အတည်းများစွာကြားမှ နိုင်ငံကိုအဘက်ဘက်မှ တိုးတက်အောင် ဆောင်ရွက်ခဲ့ရသည်။ အစိုးရ၊ တပ်မတော်နှင့် ပြည်သူတို့၏ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခက်အခဲမှ လွန်မြောက် ခဲ့သည်။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်ခဲ့သည့်စီးပွားရေးအရ ထိခိုက်ခဲ့ရမှုများကို ကုစားနိုင်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံနှင့်ကိုက်ညီသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား(MSME) လုပ်ငန်းများကို အားပေးဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ လုပ်ငန်းရှင်များနှင့် လှည့်လည်တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်လျက်ရှိသည်မှာ နိုင်ငံစီးပွားမြှင့်တင်ရေးကို အားပေးဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုအခါတွင် နိုင်ငံ့စီးပွားရေးမှာ တိုးတက်သင့်သလောက် တိုးတက်လာခဲ့ပြီဖြစ်သည်။ ထိုသို့ တိုးတက်လာသည်မှာ စိုက်ပျိုးမွေးမြူရေးကို အခြေခံ၍ ပြည်တွင်း စီးပွားရေးမြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့်ဖြစ်သည်။

ကုမ္ပဏီများ၊ လုပ်ငန်းအဖွဲ့အစည်းများအနေဖြင့် အောင်မြင်သည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းဖြစ်ရန်အတွက် ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရန်နှင့် ထုပ်ပိုးမှုများ အဆင့်မီအောင်ဆောင်ရွက်၍ သုံးစွဲသူများ စိတ်ပါဝင်စားမှုရှိလာ အောင် ဆောင်ရွက်ရမည်ဖြစ်သည်။ ပစ္စည်းချင်းတူပါက ဈေးနှုန်းသက်သာရန်၊ ဈေးနှုန်းချင်းတူပါက ပစ္စည်းအရည်အသွေး ပိုမိုကောင်းမွန်ရန် ဆောင်ရွက်နိုင်မှသာ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်ပိုမိုတွင်ကျယ်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်မှ ချေးငွေပြန်ဆပ်ရန်ကာလ တိုးမြှင့်ပေးထားပြီးဖြစ်သည့်အတွက် မိမိတို့၏လုပ်ငန်းများအား ပိုမိုကြိုးစားလုပ်ဆောင်ခြင်း ဖြင့် နိုင်ငံ့အတွက် အားတစ်ရပ်အဖြစ် ရပ်တည်နိုင်ကြရန်ဖြစ်ပါကြောင်း။   ။