ပညာရေးမြို့တော် နေပြည်တော်မှနည်းပညာတက္ကသိုလ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်)

ပညာရေးမြို့တော် နေပြည်တော်မှနည်းပညာတက္ကသိုလ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက်နေ့တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန နေပြည်တော် နည်းပညာတက္ကသိုလ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပြီး အမှာစကားပြောကြားခဲ့သည်။ နေပြည်တော်သည် နိုင်ငံတော်၏ မြို့တော်ဖြစ်သည်နှင့်အညီ နေပြည်တော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိရာတွင် ပညာရေးကဏ္ဍသည်လည်း တစ်ခုပါဝင်သည်။

နေပြည်တော်တွင် နိုဝင်ဘာ ၉ ရက်နေ့ကဖွင့်လှစ်ခဲ့သော Naypyitaw State Academy၊ သစ်တောတက္ကသိုလ်၊ စိုက်ပျိုးရေး တက္ကသိုလ်၊ မွေးမြူရေးနှင့် ကုသရေးတက္ကသိုလ်တို့ရှိပြီး ယခုအခါ နည်းပညာတက္ကသိုလ်တစ်ခု ပေါ်ထွက်လာပြီဖြစ်၍ ပညာရေး မြို့တော်အဖြစ် အသွင်သဏ္ဌာန်နှင့်အနှစ်သာရတို့ ပြည့်ဝလာပြီဖြစ်သည်။ နေပြည်တော် နည်းပညာတက္ကသိုလ်ကို နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းများ တိုးတက်ရရှိစေရန် အတွက် နိုင်ငံ့အကျိုးပြုအရည်အချင်းပြည့်ဝသော အင်ဂျင်နီယာပညာရှင်များ လေ့ကျင့်မွေးထုတ်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ် ကြောင်းသိရှိရသည်။

နေပြည်တော် နည်းပညာတက္ကသိုလ်သို့ လျှောက်ထားသူများအနေဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာ တက္ကသိုလ်များနည်းတူ တက္ကသိုလ်ဝင်စာမေးပွဲတွင် ရူပဗေဒ၊ ဓာတုဗေဒ၊ သင်္ချာနှင့် အင်္ဂလိပ်စာ (၄)ဘာသာရမှတ်ပေါင်း သတ်မှတ် ချက်အပေါ် မူတည်ပြီး ရွေးချယ်တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ထို့ပြင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒဘာသာရပ်များပါဝင်သော မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ သတ်မှတ်ချက်နှင့်ကိုက်ညီပါက လျှောက်ထား နိုင်ပြီး လက်တွေ့လုပ်ငန်းအနေဖြင့် စက်ရုံ/ကုမ္ပဏီများကို ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရှိရသည်။

နေပြည်တော်နည်းပညာတက္ကသိုလ်တွင် မြို့ပြအင်ဂျင်နီယာ(Civil Engineering) အင်ဂျင်နီယာ ဘွဲ့(မြို့ပြ) B.E (Civil)၊ အီလက်ထရွန်နစ်အင်ဂျင်နီယာ (Electronic Engineering) အင်ဂျင်နီယာဘွဲ့ (အီလက်ထရွန်နစ်) B.E (Electronic)၊ လျှပ်စစ် စွမ်းအားအင်ဂျင်နီယာ (Electrical Power Engineering) အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအား) B.E(Electrical Power)၊ စက်မှုအင်ဂျင်နီယာ(Mechanical Engineering) အင်ဂျင်နီယာဘွဲ့ (စက်မှု) B.E(Mechanical)၊ ကွန်ပျူတာအင်ဂျင်နီယာနှင့် သတင်းအချက်အလက်နည်းပညာ(Computer Engineering and Information Technology) အင်ဂျင်နီယာဘွဲ့ (ကွန်ပျူတာ အင်ဂျင်နီယာနှင့် သတင်းအချက် အလက်နည်းပညာ) B.E (Computer Engineering and Information Technology)နှင့် ဗိသုကာ(Architecture) ဗိသုကာဘွဲ့ B.Arch ဘွဲ့ဘာသာရပ်များကို ခြောက်နှစ်တာကာလ ဖွင့်လှစ်သင်ကြား ပို့ချမည် ဖြစ်သည်။

နေပြည်တော် နည်းပညာတက္ကသိုလ်ကို ဖွင့်လှစ်လိုက်သည့်အတွက် နေပြည်တော်တွင် တာဝန်ထမ်းဆောင်နေကြသည့် နိုင်ငံ့ ဝန်ထမ်းမိသားစုများ၏ သားသမီးများ၊ နေပြည်တော်ကောင်စီနယ်မြေဖြစ်သည့် ဇမ္ဗူသီရိ၊ ဇေယျာသီရိ၊ ဥတ္တရသီရိ၊ ဒက္ခိဏသီရိ၊ ပုဗ္ဗသီရိ၊ ပျဉ်းမနား၊ တပ်ကုန်းနှင့် လယ်ဝေးမြို့နယ်တို့မှ ဒေသခံပြည်သူများ၏ သားသမီးများအနေဖြင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် ပညာရပ်မျိုးစုံကို ရွေးချယ်သင်ယူလေ့လာနိုင်ကြပြီဖြစ်သည်။

ရန်ကုန်နည်းပညာတက္ကသိုလ်၊ မန္တလေးနည်းပညာတက္ကသိုလ်များကဲ့သို့ အဆင့်မြင့်တက္ကသိုလ်ကြီးတစ်ခု ဖြစ်လာစေရန်ရည်ရွယ်ပြီး   အစိုးရနည်းပညာကောလိပ်(နေပြည်တော်)ကို နေပြည်တော်နည်းပညာ တက္ကသိုလ်အဖြစ် အဆင့်မြှင့်တင်ဖွဲ့စည်း တည်ထောင် ပေးထားခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် နေပြည်တော်နည်းပညာတက္ကသိုလ်တွင် (၂၀၂၂-၂၀၂၃) ပညာသင်နှစ် ၏ ပထမနှစ်သင်တန်းများကို စတင်ဖွင့်လှစ် သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းနှစ်များကို တစ်နှစ်ပြီးတစ်နှစ်တိုးချဲ့၍ မဟာဘွဲ့ သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများအထိ ဖွင့်လှစ်ပေးသွားမည်ဖြစ်သည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လိုအပ်သည့် အရည် အသွေးမြင့်လူ့စွမ်းအား အရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သည့် တက္ကသိုလ်ကြီး ပေါ်ထွက်ရှင်သန်လာတော့မည်ဖြစ်သည်။

နေပြည်တော်နည်းပညာတက္ကသိုလ်ကြီး အဆင့်မြင့်သည်ထက်မြင့် ကောင်းသည်ထက်ကောင်းပြီး ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီး တစ်ခုအဖြစ်တက်လှမ်းနိုင်ရေး ဆရာ၊ ဆရာမများအနေဖြင့် ICT နည်းပညာကိုအသုံးပြုပြီး အထိရောက်ဆုံးအကျိုးရှိအောင် သင်ကြားပြသပေးမည်ဖြစ်ပေရာ ကျောင်းသား၊ ကျောင်းသူများအားလုံးက ရိုးသား၊ ကြိုးစားသင်ယူကြရန်ဖြစ်ပါကြောင်း။    ။