ပြည်သူ့အကျိုးရှေးရှုသည့် ကျန်းမာရေးစောင့်ရှောက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်)

ပြည်သူ့အကျိုးရှေးရှုသည့် ကျန်းမာရေးစောင့်ရှောက်မှု

တပ်မတော်သည် ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်ဦးထိပ်ထားလျက်ရှိသည်နှင့်အညီ ပြည်သူလူထု အတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)သည် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် ပါလီပါလဲကျွန်း၊ ဟိုင်းကြီးကျွန်းအပါအဝင် ဧရာဝတီ မြစ်ကြောင်း တစ်လျှောက်ရှိ မြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိသည်မှာ အကြိမ်ပေါင်းများစွာရှိခဲ့ပြီဖြစ်သည်။

အဆိုပါမြို့နယ်နှင့်ကျွန်းများမှာ ဆက်သွယ်မှုအလှမ်းဝေးသည့် နေရာဒေသများဖြစ်သည့်အတွက် တပ်မတော်က ယခုကဲ့သို့ လာရောက်ဆေးဝါးကုသပေးခြင်းကို များစွာကျေးဇူးတင်ဝမ်းမြောက်ကြသည်။ လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြသည်။ ယခုတပ်မတော် နယ်လှည့် အထူးကုဆေးအဖွဲ့များတွင် သမားတော်အစုံ၊ ဆေးပစ္စည်း အစုံအလင်ပါရှိပြီး ရောဂါမျိုးစုံကို ကုသပေးခြင်းဖြစ်သည်။ ဆေးကုသမှု အခမဲ့၊ ဆေးဝါးအခမဲ့ ကုသပေးခြင်းဖြစ်၍ ဒေသခံပြည်သူများ ကုန်ကျစရိတ်လွန်စွာ သက်သာသည်။

ဆေးကုသမှုခရီးစဉ်တွင် လိုက်ပါကြသူအားလုံးသည် ပြည်သူလူထုအား မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာစိတ်ထားအပြည့်ဖြင့် ကုသမှုပေးနေခြင်းဖြစ်သည့်အတွက် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိစကားသံများကို ကြားရသူအပေါင်းက သာဓုခေါ်ဆိုကြသည်။ မည်သူမဆို ထိုဒေသမျိုးတွင်နေထိုင်ပြီး ယခုကဲ့သို့ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များ၏ ကုသမှုခံယူကာ မိမိတွင် ခံစားနေရသောရောဂါများ ပျောက်ကင်းမည်ဆိုလျှင် လွန်စွာဝမ်းသာပီတိ ဖြစ်မိကြပေမည်။

ဟိုင်းကြီးကျွန်းတွင်နေထိုင်သည့် သက်ရွယ်ကြီးရင့်သူ ဦးထွန်းကြည်နှင့် ဒေါ်ကျင်စိန်တို့၏ ဝမ်းသာပီတိစကားသံများကို သတင်း မီဒီယာများတွင် တွေ့မြင်လိုက်ရသည်။ ဦးထွန်းကြည်က ဟိုင်းကြီးကျွန်းမြို့ ကျောက်ချောင်းကျေးရွာတွင် နေထိုင်သည်။ အဆိုပါ အဘက မျက်စိကွယ်နေသည်မှာ ခြောက်နှစ်ရှိပြီဖြစ်သည်။ မျက်စိမမြင်ရသူတစ်ဦး၏ ဒုက္ခဆင်းရဲအခက်အခဲကို လူတိုင်းတွေးမြင် နိုင်သည်။ မည်သို့မျှအဆင်ပြေမည်မဟုတ်ပေ။ ဦးထွန်းကြည်မှာ ဆင်းရဲလွန်းသဖြင့်  မျက်စိခွဲစိတ်ဖို့ကိစ္စကို စဉ်းတောင်မစဉ်းစား ခဲ့ပါဘူးဟုဆိုပါသည်။ မျက်စိမမြင်သည့်အတွက်  အိမ်မှာရှိနေသူများလည်း အခက်အခဲရှိသလို ကာယကံရှင်အတွက် သွားလာရေးမှာ လွန်စွာခက်ခဲလှသည်။

အဘဦးထွန်းကြည်ကို တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့ တပ်မတော်သားဆရာဝန်များက ခွဲစိတ်ကုသပေးလိုက်သည့်အခါ ခြောက်နှစ်ခန့် မမြင်ခဲ့ရသည့်မျက်စိမှာ ပြန်မြင်ခဲ့သည်။ အဘဦးထွန်းကြည်က “တပ်မတော်ကဆရာဝန်တွေက သင်္ဘောကြီးနဲ့လာ ပြီးတော့ မျက်စိခွဲပေးတဲ့အတွက် အဘမျက်စိပြန်မြင် ရပြီ။ ဘဝဆုံးနေတာကို တပ်မတော်သားတွေကပြန်ဆက်ပေးပြီး အင်အား သစ်တွေ ပြန်မွေးဖွားပေးတာ ဖြစ်တဲ့အတွက် စီစဉ်ပေးသူတွေရော ကုသပေးတဲ့တပ်မတော်ကဆရာဝန်တွေကိုလည်း ကျေးဇူးအများ ကြီး တင်ပါတယ်။ ရင်ထဲမှာလည်း အရမ်းပျော်ပါတယ်။ မျက်စိပြန်မြင်ရပြီဖြစ်တဲ့အတွက် အဘကျေးဇူးတင်ထိုက်သူ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟူ၍ပြောကြားခဲ့သည်။

နောက်တစ်ဦးမှာ ဒေါ်ကျင်စိန်ဖြစ်သည်။ ဟိုင်းကြီးကျွန်းမြို့တွင် နေထိုင်သည်။ မျက်စိမမြင်ရသည်မှာ ခြောက်နှစ်ရှိပြီဖြစ်သည်။ မျက်စိမမြင်ရသည့်အတွက်  ဘေးကဖေးမပေးမယ့်လူရှိမှ သွားလာ၍ရသည်။  ဒီတစ်သက်မျက်မမြင်ဘဝနဲ့ပဲ အသက်ဆုံးတော့မယ်လို့ ထင်မှတ်ထားသည်။ တပ်မတော်ကပါရဂူဆရာဝန် တွေလာမည်ဆို၍ ဝမ်းသာအားရလာပြသည်။ တပ်မတော်က ခွဲစိတ်ကုသပေး လိုက်သည်။ မျက်စိမှာအကောင်းပကတိ ပြန်လည်မြင်ရသည်။ သက်ရွယ်ကြီးသူဒေါ်ကျင်စိန်သည်လည်း ဝမ်းသာလွန်းမက ဝမ်းသာ နေသည်။

တပ်မတော်နယ်လှည့် အထူးကုဆေးတပ်ဖွဲ့များ၏ ကျန်းမာရေးစောင့်ရှောက်မှုကြောင့် ရောဂါမျိုးစုံကုသပျောက်ကင်းသွားကြသည်။ မသွားနိုင်မလာနိုင်သည့် ရောဂါဖြစ်နေသူများအတွက် ဒေသအရောက်ကုသမှုပေးခြင်းမှာ တပ်မတော်၏ ပြည်သူ့အကျိုးသယ်ပိုး ဆောင်ရွက်မှုများစွာထဲက တစ်ခုသာဖြစ်သည်။ ကိုယ်ဝန်ဆောင် မိခင်လောင်းများအတွက် Ultrasound ရိုက်ပေးခြင်း၊ ကျန်းမာရေး ဆေးစစ်ပေးခြင်းတို့ကြောင့် ဒေသခံပြည်သူများ၏ ဝမ်းသာပီတိစကားသံများမှာရေးပြ၍ မကုန်နိုင်အောင်ပင်ဖြစ်သည်။

တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)၏ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက် ဆောင်ရွက်နေမှုသတင်းများကို နေ့စဉ်ဖော်ပြပေးလျက်ရှိသည်။ နေ့အလိုက် ဒေသအလိုက်ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါများ ကုသပေးနေမှုများကို တွေ့မြင် နေရသည်မှာ ပြည်သူ လူထုအတွက် ဝမ်းသာဖွယ်ဖြစ်သည်။ ဓာတ်ခွဲစမ်းသပ်လူနာများကို ရောဂါရှာဖွေ စမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာတပ်မတော် ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရေးသားလိုက်ရပေသည်။    ။