နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စို့

နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသား အားလုံး စည်းလုံးညီညွတ်စို့

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၇ ရက်)

    အမျိုးသားနေ့သည် အတိတ်ခေတ် မြန်မာ့ဂုဏ်ရည်ကို ပြန်ပြောင်းသတိရ ဂုဏ်ယူကြရမည့် အမျိုးသား အောင်ပွဲနေ့ဖြစ်သလို အနာဂတ်နိုင်ငံတော်ကြီး ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်လိုသည့် အားသစ် အင်သစ်များ တိုးပွားလာစေသည့် နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ အတိတ်ကိုပြန်ကြည့်လျှင် နယ်ချဲ့အင်္ဂလိပ်တို့က မတရားကျူးကျော်စစ်ပွဲများ ဆင်နွှဲ၍ မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့ကြသည်။ ထိုအချိန်က နည်းပညာ၊ ခေတ်မီလက်နက်နှင့် အတွေ့အကြုံနည်းပါးခြင်း၊ စနစ်တကျစုစည်း ဆောင်ရွက်မှု အားနည်းခြင်းတို့ကြောင့် မြန်မာတို့မှာ အောင်မြင်မှုနှင့် အလှမ်းဝေးခဲ့ရသည်။

    မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းအစတွင် နိုင်ငံအတွက် မှတ်တမ်းတင်ရမည်မှာ ၁၉၀၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သော ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး(YMBA)ဖြစ်သည်။ အသင်း၏ ဦးတည်ချက်မှာ အမျိုးကိုချစ်ပါ၊ ဘာသာကိုလေးစားပါ၊ သာသနာကိုချီးမြှင့်ပါ၊ ပညာကို အားပေးပါဟူ၍ ဖြစ်သည်။ ထိုခေတ်အချိန်အခါက အင်္ဂလိပ်နယ်ချဲ့တို့သည် မြန်မာတိုင်းရင်းသား တို့ကို အနိုင်ကျင့် အုပ်ချုပ်ခဲ့သည်သာမက စီးပွားရေးအရ ခေါင်းပုံဖြတ်ခြင်း၊ နိုင်ငံရေးအရ ဖိနှိပ်ချုပ်ချယ်ခြင်း၊ လူမှုရေးအရ ချိုးနှိမ်ခြင်းတို့ကိုပြုလုပ်သည်။ ဘာသာရေးအရ ချိုးနှိမ်ခြင်းအဖြစ် အင်္ဂလိပ်နှင့် ဥရောပသားတို့က ဘုရားပေါ်တွင် ဖိနပ်စီးခြင်းမှာ မြန်မာတို့အဖို့ နာကြည်းမုန်းတီးဖွယ် လုပ်ရပ်ဖြစ်သည်။

    တိုင်းရင်းသားတို့ဘဝမှာ နိမ့်ကျလာပြီး ဘာသာသာသနာနှင့် ယဉ်ကျေးမှုတို့မှာ ညှိုးမှိန်လာခဲ့ရသည်။

    လွန်ခဲ့သည့်နှစ်ပေါင်း တစ်ရာကျော်ကာလက မိမိတို့ဘိုးဘေးများ၏ ခံစားချက်များကို မျက်မှောက်ခေတ် မျိုးဆက်တို့သိမြင်ပြီး နားလည်ခံစားနိုင်ရန် လိုအပ်သည်။ နယ်ချဲ့ဗြိတိသျှတို့သည် အုပ်စိုးခံမြန်မာတို့ကို လူလူချင်းအတူ တန်းတူရည်တူဟူ၍ သဘောမထားခဲ့သည့်အပြင် နိမ့်ကျသည့် လူမျိုးများ၊ မယဉ်ကျေးသူများ၊ ပျင်းရိသူများအဖြစ်သာ မြင်ကြသည်။

    ကိုလိုနီခေတ်ကာလတွင် မြန်မာများ စီးနင်းခွင့်မရှိသည့် ရထားတွဲများ ရှိခဲ့သလို ပဲခူးကလပ်ကဲ့သို့ နေရာမျိုးတွင် ဝင်ရောက်ခွင့်မရှိခဲ့ပေ။ ဗုဒ္ဓဘာသာကလျာဏယုဝ အသင်းကြီး(YMBA)ကို စတင်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့သည့် ဘကြီးဘဖေသည် ဟိုက်စကူးကျောင်းသားဘဝက လမ်းဖြတ်ကူးစဉ် ရန်ကုန်ပုလိပ်မင်းကြီး မက္ကဒေါ်နယ် စီးနင်းလာသည့် စက်ဘီးရှေ့ ကိုက် ၃၀၀ ခန့်မှ ဖြတ်ကူးခဲ့သည့်အတွက် ဒဏ်ငွေပေးဆောင်ခဲ့ရသည်။ မြန်မာလူမျိုး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့် အသက် ၂၀ ကျော်အရွယ်က ရန်ကုန်မှ ပန်းတနော်သို့ပြန်ရန် အတွက် ကားဂိတ်ခုံတန်းတစ်ခု၌ ထိုင်နေစဉ် သက်ကြီးရွယ်အို အင်္ဂလိပ်တစ်ဦးက လမ်းလျှောက်တုတ်ဖြင့် ပခုံးကိုပုတ်ကာ (ခွေးမောင်းသကဲ့သို့) ဖယ်ရှားခဲ့သည်။

    ကိန်းဘရစ်ဂျ်တက္ကသိုလ် ဘွဲ့ရ အဆင့်မြင့်ပြည်သူ့ဝန်ထမ်း ဦးတင်ထွတ်သည် ဂျင်မခါနာကလပ်၏ ရပ်ဂ်ဘီကစားပွဲအတွက် အသင်းသားတစ်ဦးအဖြစ် ထူးထူးချွန်ချွန် ဝင်ရောက်ကစားပေးခဲ့သည်။ ကစားပွဲအပြီးတွင် အင်္ဂလိပ်တို့နှင့် တန်းတူဆက်ဆံခြင်း မခံခဲ့ရပေ။ မြန်မာနိုင်ငံ၏ ဒုတိယမြောက်သမ္မတ ဦးဘဦး တက္ကသိုလ် ကျောင်းသားဘဝက အင်္ဂလန်သို့ကျောင်းတက်ရန် သွားရောက်စဉ် မြန်မာကျောင်းသား တစ်သိုက်ကို သင်္ဘောမှလူဖြူအလုပ်သမားများက ဝန်ဆောင်မှုမပေးဘဲ အိန္ဒိယလူမျိုး သင်္ဘောသားကို ဝန်ဆောင်မှုပေးစေခဲ့သည်။

    ဝတ်စုံချုပ်သူ ဥရောပသား အပ်ချုပ်သမားကပင်လျှင် ဦးဘဦးတို့ မြန်မာတက္ကသိုလ် ကျောင်းသားများကို စေတနာထား၍ ချုပ်လုပ်မပေးခဲ့။ တက္ကသိုလ် တက်ရောက်နေစဉ် ကာလတွင်လည်း မျက်နှာဖြူကျောင်းသားများ၏ နှိမ့်ချစော်ကားမှု မြောက်မြားစွာကို ကြုံတွေ့ကြရသည်။

    အထက်ပါ ပုဂ္ဂိုလ်များမှာ ကိုလိုနီခေတ်တွင် ရှင်သန်နေထိုင်ခဲ့ကြပြီး မြန်မာ့သမိုင်းတွင် ထင်ရှားသည့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။ ထိုခေတ်က အဆိုးဆုံးမှာ ပညာရေးအရ ခွဲခြားခြင်းဖြစ်သည်။ အင်္ဂလိပ်တို့ပေးသော ပညာရေးမှာ အင်္ဂလိပ်စာပေနှင့် အနောက်တိုင်း ယဉ်ကျေးမှုတို့ကိုအထင်ကြီးသော ခေတ်ပညာတတ် လူတန်းစားတစ်ရပ် မွေးထုတ်ရန်သာဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် တက္ကသိုလ်ဥပဒေကြမ်း ရေးဆွဲခဲ့သည်။ ထိုဥပဒေကြမ်းကို ဥပဒေပြုကောင်စီတွင် ပါဝင်သောမြန်မာအမတ်များ၊ မြန်မာသတင်းစာများ၊ လူထုအစည်းအဝေးကြီးများက ကန့်ကွက်နေလျက်နှင့် ဥပဒေကို အတည်ပြုခဲ့သည်။ ထို့ကြောင့် ၁၉၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့တွင် တက္ကသိုလ်ကျောင်းသားများမှ စတင်ကာ သပိတ်မှောက်ခဲ့ကြသည်။

    ဤသို့ဖြင့် ပထမကျောင်းသားသပိတ်သည် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် စတင်ပေါ်ပေါက်လာခဲ့သည်။ ထိုနေ့ကို မြန်မာတို့၏ အမျိုးသားနေ့အဖြစ် တညီတညွတ်တည်း သတ်မှတ်ခဲ့သည်။

    ၂၀၂၂ ခုနှစ်   (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် ကျွန်ုပ်တို့အားလုံးသည် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီး တည်ဆောက်ရေး၊ ကောင်းမြတ်မှန်ကန်သော မျိုးချစ်စိတ်၊ တိုင်းပြည်ချစ်စိတ် ထာဝရရှင်သန်ထက်မြက်ရေး၊ အမျိုးသားပညာရည် မြှင့်တင်လျက် စွမ်းဆောင်ရည်မြင့်မားသော နိုင်ငံသားများ ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့လူမှု စီးပွားရေးကို ခေတ်မီနည်းပညာစွမ်းအားဖြင့် မြင့်မားအောင် ဆောင်ရွက်ရေးဟူသော ဦးတည်ချက်များကို အဓိကထား၍ “နိုင်ငံဘက်စုံဖွံ့ဖြိုးဖို့ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်စို့”ဟူ၍ တိုက်တွန်းလိုက်ရပေသည်။   ။