ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်)

ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေး

၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ (၁၀၂)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ဖြစ်သည်။ အမျိုးသားအောင်ပွဲနေ့ ဆိုစကားနှင့်အညီ မြန်မာတို့၏ လွတ်လပ်ရေးအောင်ပွဲအတွက်လည်းကောင်း၊ မြန်မာတို့၏ အမျိုးသားပညာရေးကျောင်းများ ပေါ်ထွန်းလာခြင်းအတွက်လည်းကောင်း၊ အဓိကအားဖြင့် ကျွန်ပညာရေးစနစ်ကို မြန်မာတစ်မျိုးသားလုံး မျိုးချစ်စိတ်အပြည့်အဝဖြင့် စည်းလုံးညီညွတ်စွာ ဆန့်ကျင်တော်လှန်ခဲ့ခြင်းအတွက်လည်းကောင်း ပေါ်ထွန်းလာသော နေ့မြတ်တစ်နေ့ဖြစ်ပါသည်။

ယနေ့အချိန်အခါတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည် ချက်(၉)ရပ်တို့ကိုချမှတ်လျက် နိုင်ငံတော်ကို ဦးဆောင်လျက်ရှိသည်။ အဓိကအားဖြင့် စစ်မှန်၍စည်းကမ်း ပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို တရားမျှတမှု အပြည့်ကျင့်သုံးပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်လျက်ရှိပါသည်။ ထို့ပြင် တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေး ရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ပါအတိုင်း အလေးထား လုပ်ဆောင်လျက်ရှိသည်။ ထို့အတူ စီးပွားရေးနှင့် လူမှုရေးများမှာလည်း ဦးတည်ချက်ပါအတိုင်း ဆောင်ရွက်လျက်ရှိ ပေရာ အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်သည်။

ထို့အတူတိုင်းရင်းသား ပြည်သူအပေါင်းတို့သည် ဥမကွဲသိုက်မပျက် အေးအတူပူအမျှအတူတကွ လက်တွဲနေထိုင်ကြရေးအတွက် စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်ရေးကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။ တိုင်းရင်းသားအချင်းချင်းညီညွတ်ရေး၊ ပြည်သူလူထု၏ လူမှုဘဝဖွံ့ဖြိုးရေးကိုလည်း အားတက်သရောလုပ်ဆောင်ပေးလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏ စွမ်းဆောင်မှုကို သဘာဝတရားကပင် အထောက်အကူပြုလျက်ရှိသည်မှာ ကျောက်သံပတ္တမြားတို့ပေါ်ထွန်းခြင်း၊ ဆင်ဖြူရတနာပေါ်ထွန်းခြင်း၊ အကြမ်းဖက်အဖျက်သမားတို့ကို ဖမ်းဆီးရမိခြင်းတို့က သက်သေပြုလျက်ရှိသည်။

နိုင်ငံတော်အစိုးရတစ်ရပ်သည် ရှေးထုံးစဉ်လာသတ်မှတ်ချက်ဖြစ်သော မင်းကျင့်တရား(၁၀)ပါးနှင့်အညီ အုပ်ချုပ်သည့်အခါတိုင်း အနှောင့်အယှက် အဖျက်အဆီးများ ကင်းစင်လွင့်ပျောက်ကာ တိုင်းပြည်သာယာဝပြောလေ့ရှိသည်။ ဒါနံ- ပေးလှူခြင်း၊ သီလံ- ငါးပါးသီလနှင့် ပြည့်စုံခြင်း၊ ပရိစ္စာဂ-အမှုထမ်းတို့အား ရိက္ခာပေးကမ်းခြင်း၊ အဇ္ဇဝံ- ရိုးသားဖြောင့်မတ်ခြင်း၊ မဒ္ဒဝံ- သာယာနူးညံ့စွာ ပြောဆိုကျင့်ကြံခြင်း၊ တပံ-အကျင့်သီလတို့ကို ခြိုးခြံစွာစောင့်ထိန်းခြင်း၊ အကောဓံ-အမျက်မထွက်ခြင်း၊ အဝိဟိံသံ- မနှိပ်စက်ခြင်း၊ ခန္တီ-သည်းခံခြင်း၊ အဝိရောဓနံ-ပြည်သူတို့သဘောနှင့် မဆန့်ကျင်ခြင်းတို့သည် မင်းကျင့်တရား(၁၀)ပါးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြည်သူလူထု၏ ဆန္ဒဖြစ်သော စစ်မှန်၍စည်းကမ်းပြည့်၀ သောပါတီစုံဒီမိုကရေစီ စနစ်တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကိုထိန်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုသို့ထိန်းသိမ်း ဆောင်ရွက်နေသည့် ဖြစ်ရပ်မှန်ကို မသိနားမလည်သူအချို့သည် ပြည်ပနိုင်ငံအချို့၊ ပြည်တွင်း၊ ပြည်ပမီဒီယာအချို့၏ သွေးထိုး လှုံ့ဆော် ကောလာဟလမဟုတ်မမှန် သတင်းစကားများကိုယုံစားကာ လမ်းမှားသို့ရောက်သွားကြသည်။ ထိုသို့လမ်းမှား ရောက်သွား သူများအားလုံးကို နေ့စဉ်နေ့တိုင်း ပြန်လည်ဖိတ်ခေါ်လျက်ရှိသည့်အတွက် လူငယ်မောင်မယ်တို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လျက်ရှိသည်မှာ နေ့စဉ်ပင်ဖြစ်သည်။

မိဘဆိုသည်မှာ မလိမ္မာတစ်ခါမိုက်သောသားသမီးများကို သည်းခံခွင့်လွှတ်ပေးလေ့ရှိသည့်အတိုင်း  နိုင်ငံတော်အစိုးရက လွတ်ငြိမ်း ချမ်းသာခွင့်များပေးကာ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များ ပြုလျက်ရှိသည်။ ယခုအခါ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ကို ဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးအတွက်လည်းကောင်း၊ လူသားချင်း စာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှုသောအားဖြင့် လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်ထုတ်ပြန်ပေးခဲ့သည်။ ထို့ပြင် ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့် ကြောင်း အမိန့်များ ထုတ်ပြန်ပေးခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည့်ဖြစ်စဉ်များမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပထမအကြိမ်မှ စတင်ရေတွက်ကြည့်လျှင် ၂၀၂၂ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်ဖြစ်သည့် ဧပြီ  ၁၇ ရက်တွင် ဒသမအကြိမ်မြောက် ပေးခဲ့ပြီးဖြစ်သည်။ ယခုအကြိမ်မှာ(၁၁) ကြိမ်မြောက်ပေးခြင်းဖြစ်သည့်အတွက် နိုင်ငံအချင်းချင်းချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာ လာမည့်အပြင် ပြည်သူများအနေဖြင့်လည်းလွန်စွာအားရဝမ်းသာဖြစ်နေမည်မှာအမှန်ပင်ဖြစ်သည်။ မိသားစုတိုင်းပျော် ရွှင်ချမ်းမြေ့စွာ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုးတိုးတက်ကြီးပွားရေးကို ကျရာကဏ္ဍမှ အားသွန်ခွန်စိုက်ကြိုးပမ်းရင်း မိမိတို့၏ ဘဝခရီးလမ်းကို လျှောက်လှမ်း ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရ၏ ပြည်သူလူထုအပေါ်ထားရှိသော မေတ္တာ၊ စေတနာ၊ ကရုဏာတို့အပေါ် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။