အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်ကြသူများ

အားကစားဖြင့် နိုင်ငံ့ဂုဏ်ဆောင်ကြသူများ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၀ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် နေပြည်တော် ဇေယျာသီရိ တပ်မတော်အားကစားကွင်း၌ နိုဝင်ဘာ ၁၄ ရက်ညနေ ပိုင်းက ကျင်းပသည့် ၂၀၂၂ ခုနှစ် တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ အဖွင့်မိန့်ခွန်းပြောကြားရာတွင် “အားကစားဆိုသည်မှာ ပြောင်းလဲလာသည့် အခြေအနေအရပ်ရပ်နှင့်အညီ နိုင်ငံနှင့် လူမျိုးဂုဏ်ကိုမြှင့်တင်ပေးသည့် အမျိုးသားရေး တာဝန်တစ်ရပ်လည်း ဖြစ်လာနေပြီကို ပြောကြားလိုကြောင်း၊ မိမိအသင်း၊ မိမိနိုင်ငံအတွက် နောက်ဆုံးမိနစ်၊ နောက်ဆုံးစက္ကန့် အပိုင်းအခြားအထိ ပြိုင်ဘက်ကို အလျှော့မပေးဘဲ အားကစားစိတ်ဓာတ် အပြည့်နှင့်ယှဉ်ပြိုင်ခြင်းသည် နိုင်ငံ့ပုံရိပ်ကိုမြှင့်တင်မည်ဟူသည့် ခံယူချက်ကြောင့်ပင်ဖြစ်ကြောင်း၊ အားကစားသမားကောင်း တစ်ယောက်၏ အောင်မြင်မှုနှင့်ထင်ပေါ်ကျော်ကြားမှုများသည် ရေမြင့်လျှင်ကြာတင့် ဆိုသကဲ့သို့ ၎င်း၏ကိုယ်စားပြု နိုင်ငံကိုပါ အလိုလိုမြှင့်တင်ပေးပြီးသား ဖြစ်စေခဲ့ကြောင်း” ဟူ၍ပြောကြားခဲ့သည်။

အားကစားဟူသည်မှာ ကြံ့ခိုင်မှု၊ ခွန်အားရှိမှု၊ လျင်မြန်မှု၊ ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ပူးပေါင်းဆောင် ရွက်မှု စသည့် အခြေခံအချက် ခြောက်ချက်အပေါ်တွင် မူတည်လျက်ရှိသည်။ ထို့ပြင် မိမိတို့၏ ကျွမ်းကျင်မှု အတွေ့အကြုံနှင့် အလေ့အကျင့်တို့ကို စဉ်းစားဆင်ခြင်ဉာဏ်၊ လျှပ်တစ်ပြက်ဖြတ်ထိုးဉာဏ်၊ မှန်ကန်သည့် အယူအဆ၊ မှန်ကန်မြန်ဆန်သည့် ဆုံးဖြတ်ချက်များနှင့် ပေါင်းစပ်အသုံးချ ယှဉ်ပြိုင်ပါက အောင်ပွဲဆင်နိုင် မည်ဖြစ်သည်။ တပ်မတော်သားတို့ အနေဖြင့် အမြဲတမ်း လေ့လာ၊ လေ့ကျင့်၊  လိုက်နာဟူသည့်အတိုင်း ပြုမူဆောင်ရွက်လျက်ရှိရာ လေ့ကျင့်မှကျွမ်းကျင်၊ ကျွမ်းကျင်မှရဲရင့်၊ ရဲရင့်မှအောင်ပွဲဆင်ဆိုသည့်အတိုင်း ပြိုင်လျှင်နိုင်ရမည်သာဖြစ်သည်။

မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းသည် ဗီယက်နမ်နိုင်ငံတွင်  နိုဝင်ဘာ ၄ ရက်မှ ၁၁ ရက်ထိ ကျင်းပခဲ့သည့် (၃၀)ကြိမ်မြောက်  အာဆီယံနိုင်ငံ တပ်မတော်(ကြည်း)များ သေနတ်ပစ်ပြိုင်ပွဲ (AARM-30) သို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။  မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းတွင်  အသင်းခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးသိန်းစိုးထွန်း ဦးဆောင်၍ အုပ်ချုပ်သူ၊ နည်းပြများနှင့် သေနတ်ပစ်အားကစားသမား စုစုပေါင်း ၄၂ ဦးတို့ပါဝင်သည်။ ပစ္စတိုအမျိုးသား အသင်း၊ ပစ္စတိုအမျိုးသမီးအသင်း၊ ကာဘိုင်အမျိုးသား အသင်း၊ ရိုင်ဖယ်အမျိုးသား အသင်းနှင့် စက်သေနတ်အမျိုးသား အသင်းတို့ပါဝင်ကြောင်း သိရသည်။

အသင်းလိုက်အမှတ်ပေး ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခု၊ ထိလဲပြား ပစ်ခတ်စဉ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၆ ခု၊ ငွေတံဆိပ် ၆ ခု၊ ကြေးတံဆိပ် ၄ ခုတို့ရရှိခဲ့ပြီး စုစုပေါင်း ရွှေတံဆိပ် ၁၂ ခု၊ ငွေတံဆိပ် ၁၂ ခု၊ ကြေးတံဆိပ် ၈ ခုရရှိခဲ့သည်။ နိုင်ငံအလိုက်အဆင့် သတ်မှတ်မှုတွင် မြန်မာ့ တပ်မတော်သေနတ်ပစ် အသင်းက စတုတ္ထအဆင့်တွင်ရပ်တည်နိုင်ခဲ့သည်။ ပြိုင်ပွဲတွင် လာအိုတပ်မတော်မှ သေနတ်ပစ်အသင်းအနေဖြင့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်းနည်းတူ ဆုတံဆိပ်ရရှိမှုများ တူညီ ခဲ့သော်လည်း ရိုင်ဖယ်ပစ်ခတ်စဉ်ပြိုင်ပွဲ အမှတ်ပေးပွဲစဉ်(၁)တွင် မြန်မာအသင်းမှရမှတ်ပေါင်း ၃၃၅.၁၄ မှတ်ရရှိခဲ့ပြီး လာအိုအသင်းမှ ရမှတ်ပေါင်း ၂၂၀.၀၅ မှတ်သာရရှိခဲ့သည်။  ထို့ကြောင့်  နိုင်ငံအလိုက် အဆင့်သတ်မှတ်ချက်တွင် မြန်မာကစတုတ္ထ၊ လာအိုကပဉ္စမ ရရှိခြင်းဖြစ်သည်။

“တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေး”ဟူသည့် ဦးတည်ချက်မှာ တပ်မတော်သားများ အပါအဝင် နိုင်ငံသူ၊ နိုင်ငံသားအားလုံးအစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်နေရမည့် ဦးတည်ချက်ဖြစ်သည်။ 

ကျန်းမာကြံ့ခိုင်နေရမည်၊  ပညာရည်မြင့်မားနေရမည်။  သို့မှသာ နိုင်ငံတော်သည် စဉ်ဆက်မပြတ်  ဖွံ့ဖြိုးတိုးတက်နေမည်ဖြစ်သည်။ တပ်မတော်သည် နိုင်ငံအတွက် ကျစ်လျစ်ခိုင်မာ စုစည်းညီညွတ်သောအဖွဲ့ အစည်းတစ်ရပ်ဖြစ်သည်။ ထိုသို့တပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာ ရှိနေခြင်းကြောင့်လည်း နိုင်ငံတော်တွင် အရေးပေါ်အခြေအနေနှင့်ကြုံရတိုင်း နိုင်ငံတော်ကို ဦးဆောင်ထိန်းသိမ်းနိုင်ခြင်းဖြစ်သည်။

တပ်မတော်သားတို့သည် စိတ်ဓာတ်၊ စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှု ဟူသော အရည်အချင်း ငါးပါးနှင့်ပြည့်စုံသူများဖြစ်ကြသည်။ ပြည့်စုံနေအောင်လည်း ကြိုးစားလေ့ကျင့် ဖြည့်ဆည်းနေကြရသည်။ ထိုသို့ လေ့ကျင့်ဖြည့်ဆည်းသည့် ကိစ္စရပ်များတွင် တပ်မတော်(ကြည်း၊ ရေ၊လေ) အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ လွန်ခဲ့သည့်နှစ်များက ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းမြင့်မားမှုများကြောင့် ပြိုင်ပွဲများ ရပ်နားထားရပြီး တပ်မတော်(ကြည်း၊ ရေ၊ လေ)  အားကစားပြိုင်ပွဲများကို ယခုနှစ်မှ ပြန်လည် ကျင်းပရခြင်းဖြစ်သည်။

တပ်မတော်သားတို့သည် စိတ်ဓာတ်ပိုင်းဆိုင်ရာတွင် သာမန်လူငယ်များထက် ပိုမိုမြင့်မားကြသည်။ကြံ့ခိုင်သည့်စိတ်ဓာတ်၊  စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်၊ ကျည်တစ်တောင့် လူတစ်ယောက်ကျန်သည်အထိ တိုက်ရဲသည့်စိတ်ဓာတ်၊ တပ်မတော်၏ဂုဏ်ကို အသက်စွန့်ပြီး မြှင့်တင်လိုသည့် စိတ်ဓာတ်၊ အချင်းချင်း ရိုင်းပင်းကူညီလိုသည့်စိတ်ဓာတ်၊ ရဲဘော်ရဲဘက်စိတ် ဟူသော တိုက်ပွဲဝင်စိတ်ဓာတ်မျိုးကို အစဉ်ထားရှိကြသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ) အားကစားပြိုင်ပွဲများ ကျင်းပနေခြင်းမှာ နိုင်ငံတော်ကို တစ်ဖက်တစ်လမ်းက ကာကွယ်စောင့်ရှောက်နေခြင်း ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။