မိတ်ဆွေဟန်ဆောင်သူသည် ကြောက်စရာအကောင်းဆုံး

လူမှုပတ်ဝန်းကျင်တွင် လူသားမှန်သမျှသည် မိတ်ဆွေအပေါင်းအသင်းနှင့် နေထိုင်ကြရသည်။ လူတစ်ဦးချင်းစီတွင် မိတ်ဆွေများ ရှိတတ်ကြသကဲ့သို့ တိုင်းပြည်တိုင်းတွင်လည်း မိတ်ဆွေနိုင်ငံများ ရှိကြရသည်။ မိတ်ဆွေဟုဆိုရာတွင် မိတ်ဆွေကောင်းလည်း ရှိသကဲ့သို့ ဟန်ဆောင်ပေါင်းတတ်သော မိတ်ဆွေဆိုးများလည်း ရှိတတ်ကြသည်။ မိမိတွင်အခက်အခဲတစ်စုံတစ်ရာ ကြုံရသည့်အခါတိုင်း ကူညီပေးတတ်သူ၊ သာရေးနာရေးတွင် လက်မနှေးဘဲကူညီတတ်သူ စသည်ဖြင့်   မိတ်ဆွေကောင်းတို့၏ ဓလေ့သဘာဝကို ဖော်ပြထားသည်။

မိတ်ဆွေကောင်းရှိသူမှာ လုပ်ဆောင်သမျှလုပ်ငန်းတိုင်းရာနှုန်းပြည့်အောင်မြင်သည်။

မိတ်ဆွေဟန်ဆောင်သူ မိမိမှာရှိနေပြီ ဆိုလျှင်တော့ မိမိဘဝအတွက် ဆူးငြောင့်ခလုတ်သာ ဖြစ်ပေလိမ့်မည်။

မြန်မာ့သမိုင်းတွင် မြန်မာတို့ ကျွန်ဖြစ်ခဲ့ရခြင်းသည် မိတ်ဆွေဟန်ဆောင်သူကြောင့် ဖြစ်ရခြင်းမှာ  အမှန်တရား ဖြစ်ပေသည်။ အထူးသဖြင့် အင်္ဂလိပ်-မြန်မာတတိယစစ်ပွဲ မဖြစ်မီ အချိန်ကာလများတွင် မြန်မာနိုင်ငံ၌ရှိနေသော မိတ်ဆွေများမှာ အစစ်အမှန်များ မဟုတ်ကြောင်း သမိုင်းမှတ်တမ်းများက ဖော်ပြထားပြီးဖြစ်သည်။ မြန်မာတစ်နိုင်ငံလုံးကို သိမ်းပိုက်နိုင်ရေးအတွက် အလွန့်အလွန်ကောင်းသော မိတ်ဆွေများအဖြစ် ဟန်ဆောင်ခဲ့ကြသည်။ ဟန်ဆောင်ကောင်းသော မိတ်ဆွေကြောင့် မြန်မာတို့ ကျွန်ဖြစ်ခဲ့ရသည်။ ဟန်ဆောင်ကောင်းသော မိတ်ဆွေသည် အနီးကပ်ဆုံးရန်သူဖြစ်ပေသည်။

ယနေ့လူငယ်မောင်မယ်များကို မိတ်ဆွေကောင်းမိတ်ဆွေစစ်များနှင့် ကြုံတွေ့စေလိုသည်။ မိမိကောင်းကျိုးကို ရှေးရှုဆောင်ရွက် ကူညီမည့်သူများကို ရွေးချယ်ပေါင်းသင်း တတ်စေချင်သည်။ တစ်ခါက ဖြစ်ရပ်တစ်ခုကို ဖော်ပြချင်သည်။ ရွာတစ်ရွာတွင် သိုးများကိုမွေးမြူထိန်းကျောင်းနေသူ တစ်ယောက်ရှိသည်။ သူသည်နေ့စဉ်သိုးများကို တောင်ခြေ စားကျက်တွင် ထိန်းကျောင်းရသည်။ ညနေချမ်းအချိန်တန်လျှင် သိုးများကို သိုးခြံအတွင်းသို့ သွင်းရသည်။ ထိုသို့သွင်းသည့် အခါတိုင်း သူ၏သိုးများကို ရေတွက်ကြည့်သည်။ သတိဖြင့် သေချာရေတွက်ကြည့်သောအခါ နေ့စဉ်သိုးတစ်ကောင်တစ်ကောင် ပျောက်ဆုံးနေသည်ကိုတွေ့မြင်မိသည်။ သိုးတွေဘယ်လိုကြောင့် ပျောက်ဆုံးနေပါလိမ့်။ ကိုယ်တိုင်လည်းစနစ်တကျစောင့်ကြည့်နေပါလျက်နဲ့ဟူ၍ သိုးကျောင်းသား စဉ်းစားနေသည်။

ထို့ကြောင့် အခါတိုင်းထက်ပို၍ သိုးအုပ်အတွင်းဝင်၍ နေ့ရောညပါစောင့်ရှောက်သည်။ တစ်နေ့သ၌ သိုးအုပ်ထဲတွင် သိုးတစ်ကောင်သည် မြက်ကိုမစား အခြားသိုးများကဲ့သို့ မရွေ့လျားသည်ကို အကဲခတ်မိသည်။ ဤအကောင်သိုးမဖြစ်နိုင်။ သိုးရေခြုံထားခြင်းသာ ဖြစ်ရမည်။ ရန်သူကိုတွေ့ပြီဖြစ်၍ သိုးကျောင်းသားသည် သိုးယောင်ဆောင်နေသောအကောင်ကို ကြိုးကွင်းပစ်၍ဖမ်းလိုက်သည်။ ထို့နောက် သစ်ပင်တွင် ထိုအကောင်ကို တွဲလောင်းချည်ထားလိုက်သည်။

ထိုအချိန်တွင် အခြားသိုးကျောင်းသားနှစ်ဦးရောက်ရှိလာသည်။  သစ်ပင်တွင်တွဲလောင်းချည်ထားသော သိုးတစ်ကောင်ကို တွေ့မြင်ကြသည်။ ဤသိုးကို အဘယ်ကြောင့်ကြိုးဖြင့် ဆွဲချည်ထားပါသနည်းဟု မေးကြသည်။ ထိုအခါ သိုးကျောင်းသားက ဤအကောင်သည် သိုးမဟုတ်ပါ။ သိုးရေခြုံထားသော ဝံပုလွေသာ ဖြစ်ပါသည်ဟု ပြန်ဖြေသည်။

ဖြစ်စဉ်အမှန်ကား ဝံပုလွေသည် တောင်ခြေရှိတောထဲတွင်နေထိုင်စဉ် တောင်ခြေရှိစားကျက်တွင် သိုးတစ်အုပ်ကို တွေ့မြင်သည်။ သိုးများကို တွေ့မြင်သည့်အခါ သိုးများကိုဖမ်းစားချင်စိတ်ဖြစ်လာသည်။ အကြမ်းပတမ်း ဝင်ရောက်ဆွဲကာ စားသောက်လျှင် ဒီနေ့တစ်ရက်စာမျှသာ စားရမည်။ သိုးတွေကိုတစ်ရက်တစ်ကောင်စားချင်သည်။ ထို့ကြောင့် အကြံထုတ်သည်။ ဝံပုလွေက သူ့ကိုယ်ပေါ်တွင် သိုးရေကိုခြုံလွှမ်း၍ သိုးအဖြစ်ဟန်ဆောင်ကာ သိုးအုပ်ထဲသို့ဝင်လိုက်သည်။ ဤသို့ဖြင့် သိုးများကို နေ့စဉ်ဖမ်း၍ စားခဲ့သည်။

ယခုအခါ ဝံပုလွေ၏ လိမ်ညာမှု၊ ရက်စက်မှုတို့ဘူးပေါ်သလိုပေါ်သွားခဲ့သည်။ ထို့ကြောင့် အခြားသော သိုးကျောင်းသားနှစ်ယောက်က မိတ်ဆွေဟန်ဆောင်သူသည် ကြောက်စရာအကောင်းဆုံးရန်သူဖြစ်သည် ဟု မှတ်ချက်ပြုပြောဆိုသည်။ ဤဖြစ်ရပ်ပုံပြင်ကလေးက လူ့ဘဝတွင် ဖြစ်ပျက်တတ်သော သဘာဝကို ပေါ်လွင်စေသည်။ လောကတွင် မိတ်ကောင်းဆွေကောင်း ရှိနေခြင်းသည် အကောင်းဆုံးဖြစ်သော်လည်း မိတ်ဆွေ ဟန်ဆောင်နေသူ ရှိနေပြီဆိုလျှင် မိမိတို့တွင် ကြောက်စရာ အကောင်းဆုံးရန်သူရှိနေခြင်း ဖြစ်ပါကြောင်း သတိပြုနိုင်ကြပါရန် ရေးသား လိုက်ရပေသည်။