ကော်ဖီထုတ်ကုန် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်)

ကော်ဖီထုတ်ကုန် ပြည်ပသို့ပိုမိုတင်ပို့နိုင်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နိုင်ငံတော်ကို စတင် ဦးဆောင်သည့်အချိန်မှစ၍ နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ ပေါင်းစုံဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက် လျက်ရှိသည်။ နိုင်ငံရေးအရတည်ငြိမ်မှုရှိစေရေး၊ စီးပွားရေးအရ ဖွံ့ဖြိုးတိုးတက်စေရေး၊ လူမှုရေးအရ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးတို့ကို ဦးတည်လုပ်ဆောင်လျက်ရှိသည်။

နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးတို့သည် တစ်ခုနှင့်တစ်ခုဆက်စပ်လျက်ရှိသည်။ လူတိုင်းတွင် စီးပွားရေးကောင်းမွန်ရန် လိုအပ် သကဲ့သို့ နိုင်ငံတိုင်းတွင်လည်း စီးပွားရေးကောင်းမွန်ရန် လိုအပ်သည်။ စီးပွားရေးကောင်းမွန်မှ ငွေကြေးပိုင်းဆိုင်ရာ အဆင်ပြေပြီး စိတ်သွားတိုင်းကိုယ်ပါ ကောင်းကျိုးလိုရာတို့ ပြည့်စုံပေလိမ့်မည်။ နိုင်ငံတော်အစိုးရအနေဖြင့်  မိမိနိုင်ငံကြီးပွား ချမ်းသာရေးကို ရှေးရှုကာ  စီးပွားရေးတိုးတက်ရန်  အလေးထားလုပ်ဆောင်ပေးလျက်ရှိသည်။ နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စား၊ အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများကို အကောင်အထည်ဖော်ရန် နိုင်ငံတော်အစိုးရက လမ်းညွှန်မှုပြုထားသည်။

နိုင်ငံတော်အကြီးအကဲကိုယ်တိုင် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံတစ်ဝန်း လိုက်လံ ကြည့်ရှုအားပေးလျက်ရှိသည်မှာ ၁၀ ကြိမ်ခန့်ရှိပြီဖြစ်ကြောင်း တွေ့မြင်ကြားသိရသည်။ MSME လုပ်ငန်းများတွင် တစ်ခုအပါအဝင်ဖြစ်သည့် ကော်ဖီလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၂ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ ကော်ဖီလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ကော်ဖီစိုက်ပျိုးရေးဆိုင်ရာများကို ဆွေးနွေးလမ်းညွှန်မှု ပြုခဲ့ကြောင်းသိရှိရသည်။

နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှုပြုရာတွင် “မိမိတို့နိုင်ငံတွင် စိုက်ပျိုးရေးထုတ်ကုန်များစွာရှိပြီး ရာသီသီးနှံ၊ နှစ်ရှည်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံဟူ၍ရှိကြောင်း၊ ကော်ဖီသည် နှစ်ရှည်သီးနှံတွင်ပါရှိပြီး ကမ္ဘာနှင့်အဝှမ်းသောက်သုံးကြသည့် ဈေးကွက်ရှိသည့် သီးနှံတစ်ခုဖြစ်ကြောင်း၊ ထို့ကြောင့် အောင်မြင်အောင် ဆောင်ရွက်မည်ဆိုပါက ကော်ဖီသည် တိုင်းပြည်အတွက် ဒေသအတွက် အကျိုးရှိမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရန်လည်းလိုအပ်မည်ဖြစ်ပြီး  ထိထိရောက်ရောက်ဖြင့် အောင်မြင်အောင် လုပ်ဆောင်ကြစေလိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ကော်ဖီစိုက်ဧက ၄၉၀၀၀ ခန့်ရှိပြီး တစ်ဧက အထွက်နှုန်းတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ရရှိလာသည့် အကျိုးအမြတ်သည်လည်း ကွာခြားသွားမည်ဖြစ်သည်။ စိုက်ဧက တိုးချဲ့ခြင်းထက် အထွက်နှုန်း တိုးတက်အောင် ဆောင်ရွက်ခြင်းမှာ ပိုမိုကောင်းမွန်လှသည်။ အထွက်နှုန်းများ တိုးတက်လာမည်ဆိုပါက ကော်ဖီမှရရှိသည့် ငွေကြေးများစွာ တိုးတက် လာမည်ဖြစ်သည်။ စိုက်ပျိုးသူများအတွက် တစ်ဦးချင်းဝင်ငွေတိုးတက်လာသကဲ့သို့ နိုင်ငံ့ဝင်ငွေများလည်း တိုးတက်လာမည် ဖြစ်သည်။ ပြည်ပသို့ ပိုမိုတင်ပို့နိုင်လေလေ နိုင်ငံခြားဝင်ငွေများလေလေဖြစ်လာကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်များစွာ အကျိုး ဖြစ်ထွန်းစေမည်ဖြစ်သည်။

ပြင်ဦးလွင်ဒေသကော်ဖီစိုက်ပျိုးရေးသည် ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသစီးပွားရေးကိုအထောက် အကူပြုသည့်လုပ်ငန်းဖြစ်သဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးလျက်ရှိ သကဲ့သို့ သက်ဆိုင်သူများအနေဖြင့်လည်း နိုင်ငံ့အကျိုး၊ မိမိအကျိုးအတွက် ကော်ဖီလုပ်ငန်းများတိုးတက်သည်ထက် ပိုမိုတိုးတက်အောင် လုပ်ဆောင်ကြရမည်ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်း စသည့် အချက်လေးချက်ဖြင့် ပြည့်စုံရန်လိုအပ်သည်။ ထို့အတူ လုပ်ငန်းတစ်ခုဆောင်ရွက်ရာတွင် ထုတ်လုပ်မှု၊ ရောင်းဝယ်မှုနှင့်ဝန်ဆောင်မှုဟူ၍ရှိပေရာ နိုင်ငံတော် အနေဖြင့် လိုအပ်သည့် ကူညီပံ့ပိုးမှုများလည်း ဆောင်ရွက်ပေးလျက်ရှိသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးသီးနှံမှန်သမျှသည် မျိုးကောင်းမျိုးသန့်များကိုရွေးချယ်စိုက်ပျိုးမှသာလျှင် အထွက်နှုန်းနှင့် အရည်အသွေး ကောင်းမွန်မည်ဖြစ်သည်။ ကော်ဖီသည် စိုစွတ်သောရာသီဥတုကိုကြိုက် နှစ်သက်ပြီး ရေရရှိမှုလည်း ပြည့်စုံရန်လိုအပ်သည်။ စိုက်ပျိုးမြေများ ကောင်းမွန်စေရေးအတွက် မြေပြင်ဆင်မှုများကို ဆောင်ရွက်ရမည်ဖြစ်သည်။ MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ်ကောင်း စသည့်အချက်များဖြင့် ပြည့်စုံရန် လိုအပ်သည်။ ကော်ဖီ စိုက်ပျိုးမှုမှာ သာမန်စိုက်ပျိုးမှုဖြင့် ကျေနပ်နေ၍မဖြစ်သည့်အတွက် လုပ်ငန်းရှင်တိုင်းက ကြိုးစားလုပ်ဆောင် ကြရန် လိုအပ်လှသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ကော်ဖီထုတ်ကုန်များ ဈေးကွက်ရရှိရေးနှင့် အရည်အသွေးမြင့်ထုတ်ကုန် ဖြစ်စေရေးအတွက် အစိုးရ ကဝိုင်းဝန်း ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ချေးငွေများ ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိသလို ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများအတွက် ထိုက်သင့်သည့်အတိုးနှုန်းဖြင့်  ချေးငွေများ ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော် အကြီးအကဲကမိန့်ကြားထားသည်။ အနှစ်ချုပ်ဆိုရသော် ကော်ဖီလုပ်ငန်းများ အောင်မြင်တိုးတက်ကာ ပြည်ပသို့ ပိုမိုတင်ပို့နိုင်ပါစေကြောင်း ရေးသားလိုက်ရပေသည်။    ။