နိုင်ငံနှင့် တပ်မတော်အတွက် မျိုးဆက်သစ် နည်းပညာရှင်များ

နိုင်ငံနှင့် တပ်မတော်အတွက် မျိုးဆက်သစ် နည်းပညာရှင်များ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်)

အဖွဲ့အစည်းတစ်ခု ခိုင်ခိုင်မာမာနှင့် အဓွန့်ရှည်ကြာစွာ ရပ်တည်နိုင်ရန်အတွက် မှန်ကန်သည့်မူဝါဒ၊ တိကျခိုင်မာသည့် စည်းမျဉ်း၊ စည်းကမ်း၊ လိုက်နာစောင့်ထိန်းရမည့် ဥပဒေ၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့် ကြီးကြပ်ကွပ်ကဲမှုများနှင့် စနစ်တကျဖွဲ့စည်း လေ့ကျင့်မှုများ ရှိရမည်ဖြစ်ပေသည်။ စည်းကမ်းကောင်းမွန်သည့် အဖွဲ့အစည်းသည် ကြာရှည်တည်တံ့ခိုင်မြဲပြီး ရည်မှန်းချက် တာဝန်များကိုလည်း အောင်မြင်အောင် ဆောင်ရွက်နိုင်သည်။ တပ်မတော်အနေဖြင့် စတင်သန္ဓေတည် ပေါက်ဖွားလာကတည်းက စည်းကမ်းနှင့်အမိန့် နာခံမှုကောင်းသည့် တပ်မတော်ဖြစ်သည့်အတွက် နိုင်ငံတော်အတွက် အခိုင်မာဆုံး အဖွဲ့အစည်းတစ်ခုအဖြစ် အစဉ်အမြဲရပ်တည်နေခြင်းဖြစ်သည်။

တပ်မတော်ကို နိုင်ငံတော်ကာကွယ်ရေး တာဝန်များကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် သမားရိုးကျ စစ်ပွဲဆင်နိုင်သည့် တိုက်စွမ်းရည်နှင့် တိုက်စွမ်းအားရှိသော ခေတ်မီတပ်မတော် တစ်ရပ်အဖြစ် ရည်မှန်း ဆောင်ရွက်လျက်ရှိသည်။ Standard Army ဖွဲ့စည်းတည်ဆောက်ရာတွင် တပ်မတော်(ကြည်း)၊ တပ်မတော်(ရေ)၊ တပ်မတော်(လေ)နှင့် အသစ်ဖွဲ့စည်းခဲ့သည့် ကမ်းခြေစောင့်တပ်ဖွဲ့များကိုပါ  တစ်ပြိုင်နက် အဆင့်မြှင့် တည်ဆောက်နေခြင်းဖြစ်သည်။

ယနေ့ခေတ်သည် စစ်ဘက်သိပ္ပံနှင့် နည်းပညာတိုးတက် ပြောင်းလဲလာသည်နှင့်အမျှ ခေတ်သစ်စစ်ပွဲများတွင် သတင်းစုံစွာရရှိရေး၊ လုံခြုံမှုနှင့် အကာအကွယ်ရရှိရေး၊ ထိရောက်စွာချေမှုန်း တိုက်ခိုက်နိုင်ရေးနှင့် အဆုံးအဖြတ် တိုက်ပွဲများတွင် အချိန်တိုအတွင်း ဆင်နွှဲနိုင်ရေးအတွက် နည်းပညာအပေါ်များစွာ မှီခိုအသုံးပြုလာကြပြီ ဖြစ်သည်။ နိုင်ငံတကာတွင် ဖြစ်ပေါ်တိုးတက်နေသည့် စစ်ဘက်သိပ္ပံနှင့် နည်းပညာတိုးတက် ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာပြီး နိုင်ငံနှင့် တပ်မတော်အတွက် အကောင်းဆုံး အသုံးပြုရမည်ဖြစ်သည်။

ကမ္ဘာတွင် သိပ္ပံပညာ ထွန်းကားလာမှုကြောင့် နိုင်ငံရေး၊  စီးပွားရေး၊  လူမှုရေးဆိုင်ရာ နည်းပညာများ တိုးတက်လာခြင်းနှင့်အတူ စစ်မှုအတတ်ပညာများသည် ပြောင်းလဲ တိုးတက်လျက်ရှိသည်။ တိုးတက်လာသော စစ်မှုအတတ်ပညာများကို မြန်မာလူငယ်များ ခေတ်နှင့်အညီ ခေတ်မီအောင်  သင်ယူတတ်မြောက် ထားကြရမည်ဖြစ်သည်။ စစ်မှုအတတ်ပညာ တိုးတက်မှုနှင့်အညီ စစ်နည်းဗျူဟာ၊ စစ်မဟာဗျူဟာနှင့် စစ်အခြေခံသဘောတရားများလည်း ပြောင်းလဲတိုးတက်နေသည်။ ထို့ကြောင့်  တပ်မတော်တွင်    ခေတ်နှင့်အညီ ရင်ပေါင်တန်းနိုင်ရန် အင်ဂျင်နီယာ ဗိုလ်လောင်းများကို လေ့ကျင့် သင်ကြားပေးနေခြင်းမှာ တပ်မတော်အတွက် အားတစ်ရပ်အဖြစ် ပေါ်ပေါက်လာရန်ဖြစ်သည်။

ပြင်ဦၤးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်မှ ကျင့်ဝတ် တီထွင် စွမ်းအားရှင် ဆိုသည့် တပ်မတော် နည်းပညာတက္ကသိုလ် လမ်းညွှန်ဆောင်ပုဒ်နှင့်အညီ အင်ဂျင်နီယာ ကျင့်ဝတ်များကို လိုက်နာပြီး အရာရာတွင် တီထွင်ဖန်တီးနိုင်သည့် စိတ်ကူးစိတ်သန်းနှင့် လက်တွေ့အကောင်အထည် ဖော်နိုင်စွမ်းအားများ ရှိကြရမည်ဖြစ်သည်။ ယခုဆိုလျှင် တပ်မတော်နည်းပညာ တက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၄)သို့ပင် ရောက်ရှိလာပြီဖြစ်သည်။ ယနေ့ခေတ်သမိုင်းသစ်တွင် မိမိတိုင်းပြည်ကို တည်ဆောက်ကြရာ၌ နိုင်ငံတော်၊ ပြည်သူနှင့် တပ်မတော်က အားကိုးအားထား ပြုထိုက်သော အင်ဂျင်နီယာအရာရှိများအဖြစ် ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။

ယနေ့ခေတ်သည် နည်းပညာနှင့် ပတ်သက်လျှင် လွန်စွာမြင့်မားလျက်ရှိသည်။ မျိုးဆက်သစ်လူငယ် မောင်မယ်များအနေဖြင့် ထိုမြင့်မားလာသော နည်းပညာများကို ပိုင်နိုင်စွာအသုံးပြုရန် လိုအပ်သည်။ ထိုသို့ အသုံးပြုနိုင်မှသာ နိုင်ငံနှင့်လူမျိုး ကြီးပွားတိုးတက်မည်ဖြစ်သည်။ တပ်မတော်ကို အသိပညာရှင်၊ အတတ်ပညာရှင်များ၏ မျိုးချစ်စိတ်၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် တီထွင်ကြိုးစား အားထုတ်မှုများဖြင့် တည်ဆောက်လျက်ရှိသည်။

မျက်မှောက်ခေတ်ကာလ ကာကွယ်ရေးနှင့် လုံခြုံရေးစနစ်များသည် နည်းပညာဆိုင်ရာ တိုးတက်မှုကြောင့် နည်းပညာစွမ်းရည်မြင့်မား သာလွန်မှုကို အင်အားပြုသည့် ခေတ်သစ်ကာကွယ်ရေးစနစ်ဖြစ်သည်။ ထိုစနစ်အတွင်း ပြိုင်ပွဲတစ်ခုပမာ နိုင်ငံအချင်းချင်း အားပြိုင်လျက်ရှိပေရာ တပ်မတော်အနေဖြင့် ခေတ်နှင့်အညီ ခေတ်မီစေရေး အလေးထားလုပ်ဆောင်ကာ မျိုးဆက်သစ် နည်းပညာရှင်များကို မွေးထုတ်နေခြင်းဖြစ်သည်။

နိုင်ငံအသီးသီးသည် အချိန်ကိုက်၊ နေရာကိုက် ကြိုတင်လက်ဦးမှုရယူချေမှုန်းနိုင်ရန် တိကျစွာ ပစ်ခတ်နိုင်သည့်  စွမ်းအားကြီးမားသော ခေတ်မီလက်နက် ကိရိယာပစ္စည်းများနှင့် နည်းပညာများပါ ပေါင်းစပ် အသုံးပြုနေကြပြီဖြစ်ရာ မြန်မာနိုင်ငံသည်လည်း ခေတ်မီနည်းပညာနှင့်အတူ လိုက်ပါစီးမျောရမည်ဖြစ်သည်။

ထိုသို့လိုက်ပါနိုင်ရန် ခေတ်မီမျိုးဆက်သစ် နည်းပညာရှင်လူငယ်များ များစွာလိုအပ်ပေသည်။ ထိုနည်းပညာရှင်များသည်လည်း အမိနိုင်ငံကိုချစ်သူ၊ မိမိတပ်မတော်ကို တန်ဖိုးထားသူများ ဖြစ်ရပေမည်။ တိတိကျကျဆိုရလျှင် သစ္စာလေးချက်ကို အမှန်တကယ် ဦးထိပ်ရွက်သူများသာဖြစ်ရပေမည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံနှင့် တပ်မတော်အတွက် မျိုးဆက်သစ် နည်းပညာရှင်များ ပေါ်ထွန်းလာခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။     ။