ချစ်သူများနှင့် ကွေကွင်းခြင်းကင်းပါစေ

အယ်ဒီတာ့အာဘော်

(၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာ ၂၅ ရက်)

“ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊ ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည် ရွမ်းတယ်ကို...” ဟူ၍ ဓမ္မစကြာဟောတော်မူသော နေ့ကို လယ်တီဆရာတော်ဘုရားကြီးက ရေးဖွဲ့ခဲ့သည်။ မြတ်စွာဘုရားသခင်၏ ပထမဦးဆုံးဟောကြားသော တရားတော်သည် ဓမ္မစကြာတရားတော်ဖြစ်ပေသည်။

ထိုတရားတော်တွင် အယုတ်တရားနှစ်ပါး၊ အလယ်အလတ်အကျင့်တရား၊ သစ္စာလေးပါး စသည်ဖြင့် စုံလင် အောင်ဟောကြားတော်မူလေသည်။ ဒုက္ခသစ္စာ၌ အပ္ပိယေဟိ သမ္ပယောဂေါဒုက္ခော၊ ပိယေဟိ ဝိပ္ပယောဂေါ ဒုက္ခောဟူ၍ပါရှိပါသည်။ အဓိပ္ပာယ်အားဖြင့် မချစ်မနှစ်သက်အပ်ကုန်သောသူတို့နှင့် အတူတကွပေါင်းသင်း၍ နေရမှုကြီးသည်လည်း ဆင်းရဲ၏။ ချစ်နှစ်သက်အပ်ကုန်သော သူတို့နှင့် ကွေကွင်းခွဲခွာ၍ နေရမှုကြီးသည် လည်း ဆင်းရဲ၏ဟူ၍ လယ်တီဆရာတော်ဘုရားကြီးက ဘာသာပြန်ဆိုပေးထားသည်။

ယနေ့ကမ္ဘာကြီးတွင် ကြုံတွေ့နေရသည်က မချစ်မနှစ်သက်အပ်သော ကိုဗစ်ရောဂါနှင့် ရင်ဆိုင်ကြုံတွေ့ နေကြရသည်။ ထိုရောဂါဆိုးကြောင့် ချစ်ခင်ရသူလူသားများ ကြွေလွင့်ပျက်ပြုန်းနေရသည်။ အသက်အရွယ် မရွေးဒုက္ခပေးလျက်ရှိသော ဤရောဂါကြောင့် မြန်မာနိုင်ငံတွင်ပင် သေဆုံးသူ ၁၀၀၀ ကျော်နေပြီဖြစ်သည်။ ကိုလိုနီခေတ်တွင် မြန်မာနိုင်ငံ၌ ကပ်ရောဂါဘေးကြုံတွေ့ရစဉ် လယ်တီဆရာတော်ဘုရားကြီး အစီအမံဖြင့် အမြို့မြို့အနယ်နယ်တွင် ဘေးကင်းစေရေး စီမံဆောင်ရွက်ပေးခဲ့သည်။ ဆရာတော်ကြီး၏ စီမံဆောင်ရွက်မှု ကိုအနှစ်ချုပ်ကြည့်လျှင် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါး မမေ့လျော့စေရေးနှင့် လူတိုင်းသတိတရား အမြဲ ရှိစေရေးဖြစ်သည်။

လူတိုင်းသည် သက်ဆိုင်ရာ ဘာသာတရားတွင် နှစ်သက်ယုံကြည်ပြီး မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ပြီး စိတ်နှလုံးကိုဖြူစင်အောင် ပြုမူနေထိုင်ကြမှသာ ဘေးဆိုးရန်ဆိုး အန္တရာယ်ဆိုးမှ ကင်းဝေးနိုင်မည်ဖြစ်ပေ သည်။ အသိတရား၊ သတိတရား လက်ကိုင်ထား၍ သွားလာနေထိုင်ကြမည်ဆိုလျှင် ရောဂါဆိုးကူးစက် ပျံ့နှံ့မှုကို ရပ်တန့်စေနိုင်မည်ဖြစ်ပေသည်။ ပြည်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန် တာဝန်ရှိသူ များက စဉ်ဆက်မပြတ် တိုက်တွန်းနှိုးဆော်လျက်ရှိသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ မချစ်ခင်မနှစ် သက်သောအရာနှင့် တူယှဉ်နေချင်လိမ့်မည်မဟုတ်ပါ။ ထို့အတူ ချစ်ခင်သူများနှင့်လည်း အတူတကွ ပျော်ပျော် ရွှင်ရွှင် နေချင်ကြပါသည်။

လူတစ်ဦးချင်းစီက ကိုယ်စီအသိတရားဖြင့် အပြင်ထွက်သည့်အခါတိုင်း မဖြစ်မနေ နှာခေါင်းစည်းတပ်သွားပါ။ အပြင်ကပြန်ရောက်သည်နှင့်လက်ဆေးပါ။ အဝတ်အစားတွေလျှော်ဖွပ်ပါ။ သက်ကြီးရွယ်အိုမိဘများနှင့် မထိ တွေ့မိပါစေနှင့်။ အထူးသဖြင့် ဈေးသွားသည့်အခါတိုင်း နှာခေါင်းစည်းတပ်သွားပါ။ ဈေးရောင်းသူများကလည်း နှာခေါင်းစည်းတပ်ရောင်းချပါ။ ကူးစက်ခံရမှုအများဆုံး နေရာသည် ဈေးများဖြစ်နေသည်။ ထို့အတူ အလုပ်ရုံ၊ စက်ရုံကဲ့သို့ နေရာမျိုးတွင်လည်း သတိထားပြီး နှာခေါင်းစည်း တပ်ကြစေချင်သည်။

ရောဂါပိုးရှိသူနှင့် အကာအကွယ်မပါဘဲ တစ်မိနစ်ခန့်စကားပြောမိလျှင် ဗိုင်းရပ်အမှုန်ရာနှင့်ချီ ထုတ်လွှင့် နေသည်။ ငါးမိနစ်ခန့်စကားပြောလျှင် ထောင်နှင့်ချီပြီးရောက်ရှိနိုင်သည်။ ပိုးရှိသူနှင့် ၁၀ မိနစ်ကျော် စကား ပြောခြင်း၊ အလုံပိတ်အခန်းအတွင်း အတူနေထိုင် ပြောဆိုခြင်းများသည် ရောဂါပိုးကူးစက်နှုန်းကိုမြင့်မား စေသည်။

ထို့ကြောင့် လူတိုင်းသည် သွားလာပြောဆိုမှုပြုတိုင်း အချိန်နှင့်အမျှ နှာခေါင်းစည်းတပ်ထားရန်လိုအပ်နေခြင်း ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦးအနည်းဆုံး ခြောက်ပေအကွာမှ တွေ့ဆုံပြောဆိုခြင်းမှာလည်း ရောဂါကူးစက်နိုင် ခြေနည်းပါးနိုင်သည်။

အပ္ပိယေဟိသမ္ပယောဂေါဒုက္ခော (မချစ်မနှစ်သက်အပ်ကုန်သော သူတို့နှင့် အတူတကွပေါင်းသင်း၍ နေရမှုကြီး သည်လည်း ဆင်းရဲ၏) ဆိုသည့်အတိုင်း မချစ်သူနှင့်မဆုံနိုင်ရေးအတွက် တစ်ဦးချင်းမှာ တစ်ကိုယ်ရေ ကာကွယ်မှု အမြဲပြုနေကြရမည်ဖြစ်သည်။ အိမ်တစ်အိမ်နှင့်ဥပမာပြုရလျှင် မိမိအိမ်သို့မလိုလားသောဧည့်သည် မဝင်စေချင်လျှင် မိမိအိမ်တံခါးကို လုံခြုံစွာပိတ်ထားခြင်းသည် အကောင်းဆုံးဖြစ်သည်။ ယခုလည်း ထိုနည်း တူစွာပင် တစ်ဦးချင်းကကြိုတင်ကာကွယ်မှုရှိနေကြရမည်။ ကြိုတင်ကာကွယ်မှုပြုနိုင်ရေးအတွက် တပ်မတော် သည် ပြည်သူအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ ရောဂါကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုနိုင်စေရန် တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့်နှာခေါင်း စည်းများကို ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေ လှူဒါန်းလျက်ရှိသည်။ COVID-19 ရောဂါကူးစက် ပြန့်ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည်းများကို အသုံးပြုခြင်းဖြင့် ချစ်သောသူများနှင့် ကွေကွင်းခြင်းဒုက္ခမှ ကင်းဝေးစေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။