အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲနှင့် မြန်မာလူငယ်များ

အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲနှင့် မြန်မာလူငယ်များ

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၇ ရက်)

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသည့် ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်)ကို ဒီဇင်ဘာ ၁၄ ရက်က နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုကို မြန်မာနိုင်ငံ၊ ဒုတိယဆုကို မလေးရှားနိုင်ငံ၊ တတိယဆုကို လာအိုနိုင်ငံတို့က ရရှိကြကြောင်း သိရှိရသည်။ အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲများကို   ဒေသတွင်း လူငယ်များအကြားခိုင်မာအားကောင်းသည့် ချစ်ကြည်ရင်းနှီးမှုကို အထောက်အကူပြုနိုင်စေရန် ၂၀၀၂ ခုနှစ်မှ စတင်၍ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ နှစ်နှစ်တစ်ကြိမ် အလှည့်ကျ ကျင်းပခြင်းဖြစ်သည်။

ပြိုင်ပွဲကျင်းပမှုများကို ပြန်လည်ကြည့်ပါက ၂၀၀၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ၂၀၀၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၂၀၀၆ ခုနှစ်တွင် မလေးရှားနိုင်ငံ၊  ၂၀၀၉ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၁၂ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ၂၀၁၄ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၂၀၁၆ ခုနှစ်တွင် လာအိုနိုင်ငံ၊ ၂၀၁၈ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံနှင့် ၂၀၂၀ ပြည့်နှစ်တွင် စင်ကာပူနိုင်ငံတို့က အိမ်ရှင်အဖြစ် ကျင်းပခဲ့သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင် အဖြစ်လက်ခံ ကျင်းပခြင်းဖြစ်သည်။

အာဆီယံဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ(ဒေသတွင်းအဆင့်) ဖွင့်ပွဲအခမ်းအနားကို နံနက် ၉ နာရီတွင် ကျင်းပသည်။ ကျင်းပပုံများကို အများပြည်သူများနှင့် နိုင်ငံတကာကသိရှိစေရန် အတွက် ရုပ်မြင်သံကြားလိုင်းများမှ တိုက်ရိုက် ထုတ်လွှင့်ပေးခဲ့သည်။  ထိုသို့တိုက်ရိုက်ထုတ်လွှင့်ခြင်းအားဖြင့်   အခမ်းအနား၏ အစီအစဉ်အားလုံးကို တွေ့မြင်နိုင်ပြီး  လှပသော မြင်ကွင်းများကို တွေ့မြင်နိုင်သည်။ ဘရူနိုင်း၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့မှ ကိုယ်စားပြု ယှဉ်ပြိုင်ကြမည့် ကျောင်းသား၊ ကျောင်းသူများက Onlineဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ ASEAN Anthem သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုင်းရင်းသား၊ တိုင်းရင်းသူများက 'Welcome to the 10th ASEAN Quiz''  တေးသီချင်းဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြသည်။ ထို့နောက်  ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသည့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူများနှင့် ကြီးကြပ်သူများက နိုင်ငံအလိုက်နှုတ်ဆက်ကြသည်။ အာဆီယံ လူငယ်များနှင့် ကြီးကြပ်သူများကို မြင်တွေ့ရသည်မှာ ဆွေမျိုးရင်းချာများကို မြင်တွေ့ရသကဲ့သို့ ပြည်သူတို့ ခံစားမိကြသည်။ အာဆီယံမိသားစု အသိုက်အဝန်းတစ်ခု ကိုမြင်တွေ့ကြရသည်မှာ ချစ်ခင်နှစ်သက်ဖွယ်ဖြစ်သည်။

ASEAN Quiz ပြိုင်ပွဲသည်  အာဆီယံ၏ အသိအမြင်မြှင့်တင်ရေးကို  ထင်ဟပ်စေသည့်အပြင် အာဆီယံလူငယ်များ၏ ချစ်ကြည်ရင်းနှီးမှုကို တိုးပွားလာစေရန်နှင့်  အာဆီယံကို  ပိုမိုလေးနက်သည့် နားလည်သဘောပေါက်မှုနှင့် တန်ဖိုးထားမှုများကို ရရှိစေမည့်  အခွင့်အလမ်းများ ဖော်ဆောင်ပေးသည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်းသိရသည်။ ပြိုင်ပွဲ၏အဓိက ရည်ရွယ်ချက်မှာ  လူငယ်မျိုးဆက်သစ်များ အနေဖြင့်  အာဆီယံ အကြောင်း ပိုမိုသိရှိနားလည်စေရန်နှင့် အာဆီယံဒေသတွင်း နိုင်ငံများ၏  ယဉ်ကျေးမှု၊ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အသိပညာဗဟုသုတများ မြှင့်တင်ပေးရန်ဖြစ်သည်။

ထို့ပြင် အာဆီယံ လူငယ်များအကြား ချစ်ကြည်ရင်းနှီးမှုနှင့်  ယှဉ်ပြိုင်လိုသည့် စိတ်ဓာတ်များကို ဖော်ထုတ်ပေးရန်၊ ဒေသတွင်းငြိမ်းချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် သာယာဝပြောရေးကို ထိန်းသိမ်းပြီး ပိုမိုအောင်မြင်မှု ရရှိစေရန်၊  အာဆီယံ၏ မျှော်မှန်းချက် အခန်းကဏ္ဍများနှင့် တာဝန်များကို  နားလည် သဘောပေါက်စေရန်၊ အသိပညာဗဟုသုတ မြှင့်တင်ပေးနိုင်ရန်၊ ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ပေးနိုင်ရန်နှင့်  အာဆီယံပြည်သူလူထုအကြား  အသိပညာ ပေးနိုင်ရန်ဖြစ်သည်။

ယခုကဲ့သို့ ASEAN Quiz  ဒေသတွင်း အဆင့်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် နိုင်ငံများအနေဖြင့် Theme တစ်ခုကိုလည်း ရွေးချယ်ဆောင်ရွက် ကြရသည့်အတွက် မြန်မာနိုင်ငံက ရွေးချယ်ထားသည်မှာ   ASEAN: A Community of Peace, Prosperity and Sustainability (အာဆီယံသည် ငြိမ်းချမ်းမှု၊  သာယာဝပြောမှုနှင့်  ရေရှည်တည်တံ့ခိုင်မြဲမှု ရှိသည့် အသိုက်အဝန်းတစ်ခုဖြစ်သည်)   ဆိုသည့် Theme ကိုရွေးချယ် အတည်ပြုခဲ့သည်။ အာဆီယံနိုင်ငံများမှ   ခေါင်းဆောင်များ လက်မှတ်ရေးထိုးထားပြီး အာဆီယံပဋိညာဉ် စာတမ်းတွင်ပါရှိသည့် ရည်ရွယ်ချက်များ၊ အာဆီယံဆောင်ပုဒ်ဖြစ်သည့် တစ်ခုတည်းသောအမြင်၊ တစ်ခုတည်းသော သွင်ပြင်လက္ခဏာ၊  တစ်ခုတည်းသော အသိုက်အဝန်း ဆိုသည့်ဆောင်ပုဒ်များကို ထင်ဟပ်ပေါ်လွင်စေရန် Theme ကို စီစဉ်ရွေးချယ်ထားခြင်း ဖြစ်သည်။

အာဆီယံဉာဏ်စမ်းပဟေဠိပြိုင်ပွဲ (ဒေသတွင်းအဆင့်)တွင်  အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေး အသိုက်အဝန်း၊ အာဆီယံစီးပွားရေး အသိုက်အဝန်း၊ အာဆီယံလူမှုရေးနှင့် ယဉ်ကျေးမှု အသိုက်အဝန်းနှင့်  အာဆီယံဒေသဆိုင်ရာ အထွေထွေဗဟုသုတများကို Multiple Choice, Fill in the Blank, True or False, Mixed Question ပွဲစဉ်လေးခုဖြင့် အာဆီယံနိုင်ငံများမှ ကိုယ်စားပြုကျောင်းသား၊ ကျောင်းသူများက ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါပြိုင်ပွဲတွင်   ပထမဆုရရှိအောင် ကြိုးစားယှဉ်ပြိုင်ခဲ့ကြသော   မြန်မာနိုင်ငံမှ ကြီးကြပ်သူနှင့် ကျောင်းသား၊ ကျောင်းသူများအား မြဝတီက ဂုဏ်ပြုကြိုဆိုပါကြောင်း ရေးသား လိုက်ရပေသည်။   ။