တည်ငြိမ်ဖွံ့ဖြိုး တိုးတက်စေမည် ရခိုင်ပြည်နယ်

တည်ငြိမ်ဖွံ့ဖြိုး တိုးတက်စေမည် ရခိုင်ပြည်နယ်

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီက နိုင်ငံတော်အစိုးရ တာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ  ဆောင်ရွက်လျက်ရှိပြီး ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်(၉)ရပ်ကို ချမှတ်ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေး၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ပြီး   စီးပွားရေး လုပ်ငန်းများ ပြန်လည်ဦးမော့လာစေရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်များ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် ဖွံ့ဖြိုးမှု နောက်ကျနေသည့်ဒေသများကို ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်လျက်ရှိသည်။ ရခိုင်ပြည်နယ်သည် သဘာဝအနေအထားအရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး အခြားဒေသများနှင့် နှိုင်းစာလျှင် ဖွံ့ဖြိုးမှု နောက်ကျကျန်နေခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရသည် “ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ”ကိုဖွဲ့စည်းပြီး ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ကဏ္ဍအလိုက်အစီအမံများ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်သည် ရေခံ၊ မြေခံကောင်းမွန်သော သဘာဝပထဝီဝင် အနေအထားကြောင့် ဆန်ရေစပါး၊ သားငါးနှင့် အဖိုးတန်သဘာဝ ထွက်ကုန်များရှိသည့် ဒေသတစ်ခုဖြစ်သည်။ ဒေသခံ တိုင်းရင်းသားတို့၏ ချစ်ခင်မြတ်နိုးဖွယ်ရာ ဓလေ့ထုံးတမ်း အစဉ်အလာများ၊ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြင့် ပြည့်စုံကြွယ်ဝသည့် ဒေသတစ်ခု ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသာသနာတော် ထွန်းလင်းတောက်ပရာ ဒေသဖြစ်ခဲ့ပြီး မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင် မြို့တော်အဖြစ်   အသိအမှတ်ပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ရခိုင်ပြည်နယ်သည် ရှေးယခင်မှ ယနေ့အချိန်အထိ ရဟန်းစာဆို၊ လူစာဆိုများသာမက ရခိုင်လူမျိုးပညာရှိများ၊ ပညာရှင်များ များစွာပေါ်ပေါက်ခဲ့သည်။ ရခိုင်စာပေသည် ဓညဝတီခေတ် အေဒီ(၁)ရာစုခန့်ကပင် စတင်ထွန်းကားခဲ့ပြီး မြန်မာစာပေတွင် ထင်ရှားသည့် လောကသာရပျို့ကို ရခိုင်သူမြတ်က လေးမြို့ခေတ်တွင် ရေးသားခဲ့ကြောင်းသိရသည်။ စာပေယဉ်ကျေးမှုဓလေ့ ထုံးစံစသည်တို့တွင် အဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ပေါများလှသည့်ပြည်နယ်ဖြစ်သည်။ ထို့ကြောင့် ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ၊ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်နိုင်သော အခင်းအကျင်း ပြည့်စုံသည့် ပြည်နယ်တစ်ခုဖြစ်သည်။

မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကို မောင်နှမများသည် ရှေးနှစ်ပေါင်း များစွာကပင် အေးအတူပူအမျှ စုပေါင်းနေထိုင်လျက်ရှိပြီး တိုင်းရင်းသားလူမျိုးတို့၏ ရိုးရာအမွေအနှစ်များ၊ စာပေ၊ သဘင်၊ ဂီတစသည့် အနုပညာများသည် နှစ်ပေါင်းထောင်ချီ ဖြစ်တည်လာခဲ့ကြပါသည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် လူမျိုးအလိုက် တေးသီချင်းများလည်း များစွာရှိကြရာတွင် သံစဉ်တေးသွား တစ်ခုကိုကြားလိုက်သည်နှင့် ဤသည်မှာ ရခိုင်သီချင်း၊ ဤသည်မှာ မွန်သီချင်း၊ ဤသည်မှာ ထားဝယ်သီချင်းစသည်ဖြင့် ခွဲခြားသိနိုင်သည်။ ဆိုလိုသည်မှာ လူမျိုးစုတိုင်းတွင် ကိုယ်ပိုင်ဂီတရှိနေခြင်းကို ပြဆိုခြင်းဖြစ်သည်။

ခေတ်အဆက်ဆက် အစိုးရများသည် ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးခဲ့သည်။ တပ်မတော်အစိုးရ လက်ထက်တွင် ရခိုင်ပြည်နယ်ကို အခြားဒေသများထက် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျမကျန်ရစ်စေရန် လမ်းပန်းဆက်သွယ်ရေးကို အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးခဲ့သည့် အတွက် ဖွံ့ဖြိုးတိုးတက်လာခဲ့သည်။ ပြည်ထောင်စုဖွား တိုင်းရင်းသား သွေးချင်းဒေသများသို့  အချိန်မရွေး ကူးလူးသွားလာ ဆက်ဆံနိုင်သဖြင့် တိုင်းရင်းသား အချင်းချင်းချစ်ကြည် ရင်းနှီးမှုများ တိုးပွားစေခဲ့သည်။ နိုင်ငံရေး၊ တိုင်းရင်းသားရေးများအရ ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သဖြင့် ရခိုင်ပြည်နယ်ဖွံ့ဖြိုး တိုးတက်မှု အဟန့်အတားများကိုလည်း ကောင်းဆုံးကျော်လွှားပြီး ဖြေရှင်းရန်ဆောင်ရွက်လျက်ရှိပေရာ ရခိုင်ပြည်နယ် အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်သည်ကို မြင်တွေ့ရတော့မည်ဖြစ်သည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ တွင် “ပြည်နယ်အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့မှာ မှီတင်းနေထိုင်ကြသော တိုင်းရင်းသားအားလုံး၏ စည်းလုံးညီညွတ်မှုနှင့် ပြည်ထောင်စုစိတ်ဓာတ် ခိုင်မြဲရေးတို့ပေါ်တွင် မှီတည်လျက် ရှိပါသည်။ ရခိုင်ပြည်နယ် အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ၏ ငြိမ်းချမ်းရေးနှင့်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အားကြိုးမာန်တက် ပူးပေါင်းဆောင်ရွက်မှုများသည် ဒေသအတွင်းတည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေပြီး နိုင်ငံတော် တည်ဆောက်ရေးအတွက် စွမ်းအားတစ်ရပ်အဖြစ်ဖြစ် တည်လျက်ရှိပါသည်”ဟူ၍ ဖော်ပြထားပါသည်။ အနှစ်ချုပ်ဆိုရသော် ရခိုင်ပြည်နယ်တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်သူ၊ ပြည်နယ်သားများက  ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ နိုင်ငံတော်အစိုးရနှင့် အတူ ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း။   ။