ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်)

ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဒီဇင်ဘာ ၁၃ ရက်မွန်းလွဲပိုင်း တွင် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌တွေ့ဆုံ၍ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းကို သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကို အထူးအားပေး လျက်ရှိသည်။ အလုပ်အကိုင် အခွင့်အလမ်းများပေါများမှသာ အလုပ်လက်မဲ့နှုန်းနည်းပါးပြီး ပြည်သူတို့၏ လူမှုစီးပွားဘဝ မြင့်မားလာမည် ဖြစ်သည်။ ပြည်တွင်းလုပ်ငန်းများမှ အဆင့်မြင့်ထုတ်ကုန်များ ထုတ်လုပ်ကာ ပြည်ပသို့တင်ပို့နိုင်ပါက ပြည်ပဝင်ငွေများလည်း ပိုမိုတိုးပွားလာမည်ဖြစ်သည်။ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ မတည်ထူထောင်ပေးခဲ့ပြီး ကျန်ရှိသည့်ငွေများမှ MSME လုပ်ငန်းများနှင့် မွေးမြူရေးကဏ္ဍမြှင့်တင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၏ MSME ချေးငွေများဆိုင်ရာ အသိပေးကြေညာချက်တစ်ရပ်ကို ဒီဇင်ဘာ ၁၅ ရက်ထုတ် နေ့စဉ်သတင်းစာများတွင် ဖော်ပြထားသည်။ JICA Two-Step Loan ချေးငွေဆက်သွယ်ချေးယူနိုင်သည့် ဘဏ်များ၊ ချေးငွေသက်တမ်း၊ ချေးငွေပမာဏ(အများဆုံး)၊ အတိုးနှုန်း (မရွှေ့ ပြောင်းနိုင်သော အာမခံပစ္စည်းဖြင့် ချေးယူလျှင် ၅ ဒသမ ၅ ရာခိုင်နှုန်း၊ အပေါင်းပစ္စည်းလျှော့ပေါ့ ချေးငွေချေးယူလျှင် ၆ ရာခိုင်နှုန်း) အပေါင်ပစ္စည်း စသည်ဖြင့် ဖော်ပြထားသည်။

ထို့အတူ MEB (MSME) ချေးငွေဆောင်ရွက်သည့်ဘဏ်၊ ချေးငွေသက်တမ်း၊ ချေးငွေပမာဏ၊ အတိုးနှုန်းစသည်တို့ကိုလည်း ဖော်ပြ ထားသည်။ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအထိ နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် ထုတ်ချေးသည့် ချေးငွေအစီအစဉ်များအနက် SMIDB (SME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၄၅၆ ဦးသို့ ချေးငွေကျပ် ၂၀၆၃၈ သန်း၊ JICA Two-Step Loan (MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၂၀၄၅ ဦးသို့ ချေးငွေကျပ် ၃၆၄၅၃၄ ဒသမ ၁၈ သန်းနှင့် MEB (MSME) ချေးငွေအစီအစဉ်မှ လုပ်ငန်းရှင် ၃၄၂ ဦးသို့ ချေးငွေကျပ် ၂၅၉၇၇ သန်းထုတ်ချေးပြီးဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့် နိုင်ငံတစ်ဝန်းလုံးသို့ လှည့်လည်ကာ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်ပေးလျက်ရှိရာ ကချင်ပြည်နယ်ခရီးစဉ်မှာလည်း ပြည်နယ်အတွင်းအသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးရန် လာရောက်တွေ့ဆုံခြင်းဖြစ်ပါသည်။ မြန်မာ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံသာမက ဖွံ့ဖြိုးပြီးနိုင်ငံများမှာပင် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းကျော်မှာ MSME လုပ်ငန်းများသာ ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် လက်ရှိနိုင်ငံ့တာဝန်များကို ထမ်းဆောင်နေချိန်တွင် ပြည်ပမှချေးငွေနှင့် အထောက် အပံ့များရရှိမှုမရှိသော်လည်း ပြည်ပချေးငွေများကို ပြန်လည်ပေးဆပ်လျက်ရှိသည်။ ယခင်က ကုန်သွယ်မှုလိုငွေ အများအပြားရှိခဲ့ပြီး တိုင်းပြည်အတွက် စိုးရိမ်ဖွယ်ရာအနေအထားသို့ရောက်ရှိခဲ့ပြီး ကြွေးမြီအများအပြား ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယခုအခါပြည်တွင်း ကုန်ထုတ်လုပ်မှု စီးပွားရေးကို အားပေးဆောင်ရွက်လျက်ရှိခြင်းကြောင့် နိုင်ငံ၏စီးပွားရေးမှာ အထိုက်အလျောက် ပြန်လည်မြင့်တက် လာပြီဖြစ်သည်။

နိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများဖြစ်သည့် ကျေးလက်စီးပွားရေး တစ်နည်းအားဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နိုင်ငံတော်က အားပေးဆောင်ရွက်လျက်ရှိသည့်အတွက် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်လာမည် ဖြစ်သည်။ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာပါက ဝယ်လိုအားတက်လာမည်ဖြစ်သည်။ MSME လုပ်ငန်းများကို ပြည်တွင်း စီးပွားရေး အားပေးခြင်း၊ ပြည်ပသွင်းကုန် အစားထိုးနိုင်ခြင်း၊ ပြည်ပပို့ကုန်ကဏ္ဍ မြှင့်တင်နိုင်ခြင်းများကို ပိုမိုလုပ်ဆောင်နိုင်မည်ဆိုပါက နိုင်ငံစီးပွားရေးမှာ တိုးတက်သည်ထက် တိုးတက်လာမည်သာ ဖြစ်သည်။

ကချင်ပြည်နယ်အတွင်း  ရော်ဘာစိုက်ပျိုးမှုများသဖြင့် ရော်ဘာထွက်ကုန်များဖြင့် တာယာများနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ထုတ်လုပ်နိုင်သည်။ ဒေသတွင်းလူသုံးကုန်ပစ္စည်းများကို လုံလောက်စွာထုတ်လုပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များကို ထုတ်လုပ်ပြီး ပြည်ပနိုင်ငံများသို့ပါ ပြန်လည်တင်ပို့နိုင်မည်ဖြစ်သည်။ ဝါးနှင့်သစ်များ ပေါများစွာရှိသည့်အတွက် သစ်နှင့်ဝါးများကိုအသုံးပြု၍ စက္ကူပျော့ဖတ်များ ထုတ်လုပ်ပြီး နိုင်ငံ၏စက္ကူလိုအပ်ချက်ကို ဖြည့်တင်းနိုင်မည်ဖြစ်သည်။ ထို့အတူ ကချင်ပြည်နယ်အတွင်းမှ ထွက်ရှိသည့် သစ်သီးများကိုလည်း တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်မည်ဆိုပါက ကချင် ပြည်နယ်စီးပွားရေး၊ နိုင်ငံတော်၏ စီးပွားရေး ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။