အနာဂတ်နိုင်ငံတော်ကို အလှဆင်နိုင်သူများဖြစ်ရေး

အနာဂတ်နိုင်ငံတော်ကို အလှဆင်နိုင်သူများဖြစ်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်)

    ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာ ပြပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန-၂ ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်၍  စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့သည်။

၂၀၂၃ ခုနှစ်  (၇၅)နှစ်မြောက်  စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေအနုပညာပြပွဲကို ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် စာအုပ်စာစောင်များအား   တန်ဖိုးထားဖတ်ရှုလိုစိတ် ဖြစ်ပေါ်လာစေရန်နှင့် စာပေ၏အကျိုးကျေးဇူး သိရှိနိုင်စေရန်၊ ရုပ်ရှင်အနုပညာမှ တစ်ဆင့် မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရေး၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများ၊ ကိုလိုနီ လက်အောက်ခံ ဘဝတွင် တွေ့ကြုံခံစားရမှုများကို သိမြင်စေကာ မိမိတို့နိုင်ငံ၏ လွတ်လပ်ရေးကို အလေးထား တန်ဖိုးထားတတ်စေရန်၊ ဓာတ်ပုံအနုပညာပြပွဲမှ တစ်ဆင့် မြန်မာနိုင်ငံ၏ အေးချမ်းတည်ငြိမ်မှု၊ သာယာလှပမှု၊ ဖွံ့ဖြိုးတိုးတက်မှုများ၊ ချစ်စဖွယ်ကျေးလက်ဒေသ အလှအပများကို သိရှိခံစားပြီး မိမိတို့၏ တိုင်းဒေသကြီး/ပြည်နယ်များအပေါ် မြတ်နိုးတန်ဖိုးထားစိတ်များ ဖြစ်ပေါ်လာစေရန် ပြခန်းများ ခင်းကျင်းပြသမှုများမှ တစ်ဆင့် ဝန်ကြီးဌာန အသီးသီး၏ လုပ်ငန်းဆောင်ရွက်ချက်များကို အလွယ်တကူ သိမြင်နိုင်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့သည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် လူငယ်နှင့်စာပေ အနုပညာပြပွဲ ပြခန်းများနှင့် “ကြီးမြတ်သော မြန်မာ” မှတ်တမ်းရုပ်ရှင်ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းတို့ကို ၂ နာရီခွဲကြာ စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှုခဲ့ကြသည်။ လူငယ်နှင့်စာပေ အနုပညာပြပွဲ အခမ်းအနား ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာတွင် သက်ဆိုင်ရာ ကျောင်းများအလိုက်  “သွေးရင်းများပီပီ” “ပြည်မြန်မာ”၊ “ဇာတိမာန်”၊ “ထာဝရမြန်မာ”၊ “ပြည်ထောင်စုအင်အား”၊ “ထာဝရငြိမ်းချမ်းရေး” တေးသီချင်းများဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေကြသည်။

ထို့ပြင် အနုပညာရှင်များက “လွတ်လပ်ရေးတေးသံ”နှင့် “တာဝန်ကိုယ်စီထိန်းသိမ်းမည်” တေးသီချင်း များဖြင့် သီဆိုကပြခဲ့ကြသည်။ အဆိုပါ ကပြဖျော်ဖြေခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် အနုပညာရှင်များကို နိုင်ငံတော်အကြီးအကဲနှင့် ဇနီးတို့က ဂုဏ်ပြုပန်းခြင်းနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ပြပွဲကို ဒီဇင်ဘာ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ပြပွဲတွင် ဝန်ကြီးဌာန အသီးသီးမှ ပြခန်းပေါင်း ၆၂ ခန်းဖွင့်လှစ် ပြသထားပြီး စာအုပ်၊ စာစောင်ပြခန်းများနှင့် စာအုပ်အရောင်းဆိုင်များ၊ “ကြီးမြတ်သော မြန်မာ” မှတ်တမ်းရုပ်ရှင် ရိုက်ကူးခဲ့မှု မှတ်တမ်းပြခန်းများကို စိတ်ပါဝင်စားဖွယ်ဖြစ်အောင် ခင်းကျင်းပြသ ဖွင့်လှစ်ထားသည်။ ကျောင်းသား၊ ကျောင်းသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ လာရောက်လေ့လာလျက် ရှိကြောင်း သိရသည်။

စိန်ရတုဆိုသည်မှာ လူတိုင်းအတွက် တစ်သက်တွင်တစ်ကြိမ်သာ ကြုံတွေ့နိုင်သလို ကြုံတောင့်ကြုံခဲသော စိန်ရတုလွတ်လပ်ရေးနေ့ကို လူငယ်မောင်မယ်တို့ ကြုံတွေ့ရခြင်းဖြစ်သည်။ လွတ်လပ်ရေး ရရှိခဲ့၍သာ မိမိတို့နိုင်ငံတွင် ယခုကဲ့သို့ လွတ်လပ်ရေးနှင့် ပတ်သက်သော ပြပွဲ၊ ပြိုင်ပွဲအခမ်းအနားများကို ကျင်းပနိုင်ခြင်းဖြစ်သည်။ အဆိုပါပွဲတော်တွင် စိတ်ချမ်းသာ ကိုယ်ကျန်းမာနှင့် တက်ကြွရွှင်လန်းစွာ ကပြနေကြသော ကျောင်းသား၊ ကျောင်းသူများကို မြင်တွေ့ရသည်။   ထို့အတူ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ သာမဏေများနှင့် သီလရှင်များကို မြင်တွေ့ရသည်။

ထိုလူငယ်များသည် သက်ဆိုင်ရာ ပညာရပ်များ တတ်မြောက်ပြီးကြသည်နှင့် နိုင်ငံတော်တာဝန်များကို ကျရာအခန်းကဏ္ဍမှ ပါဝင်ထမ်းဆောင်ကြရပေမည်။ သာမဏေများနှင့် သီလရှင်များသည်လည်း အနာဂတ် သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ကြပေမည်။ လူငယ်အားလုံးတို့သည် နိုင်ငံတော်ကို ကာကွယ် စောင့်ရှောက်သူများ မလွဲမသွေဖြစ်ကြမည်မှာ အမှန်ဖြစ်သည်။ အမျိုးဘာသာ သာသနာမကွယ်ပျောက်အောင် ထိန်းသိမ်းကြမည့်သူများ၊ အမိမြေကို တစ်လက်မမျှ အထိမခံနိုင်ကြသူများ၊ မိမိအမျိုးအနွယ်နှင့် ယဉ်ကျေးမှုကို စောင့်ရှောက်ကြသူများ ဖြစ်လာကြပေလိမ့်မည်။ ထိုသို့ဖြစ်လာကြစေရန်လည်း ဤကဲ့သို့သော ပြပွဲများကို စဉ်ဆက်မပြတ် လုပ်ဆောင်သင့်သည်။

လူငယ်တိုင်းတွင် အရေးကြီးသည်မှာ အတွေးအခေါ် အယူအဆ မလွဲမှားစေရေးသည် အဓိကဖြစ်သည်။

အတွေးအခေါ်အယူအဆ လွဲမှားသွားလျှင် လူငယ်တို့၏ အနာဂတ်ပျောက်ဆုံး သွားမည့်အပြင် တိုင်းပြည်နှင့် လူမျိုးအတွက်လည်း နစ်နာဆုံးရှုံးပေလိမ့်မည်။ လူငယ်နှင့်စာပေ အနုပညာပြပွဲကျင်းပသည့် ရည်ရွယ်ချက်များမှာ လွန်စွာကောင်းမွန်လှပေရာ နိုင်ငံတော်၏ အနာဂတ်ကို  ပိုင်စိုးကြမည့် လူငယ်များကို ထူးချွန်ထက်မြက်ကာ ပညာပြည့်ဝ နှလုံးလှသူများ ဖြစ်စေချင်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။