သွေးစည်းမှုဖြင့် ... လွတ်လပ်ရေး…
ရှေးယခင်ကတည်းက ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းနှင့် ထည်ဝါစွာနေထိုင်ခဲ့သည့် မြန်မာနိုင်ငံသည်နယ်ချဲ့အင်္ဂလိပ်တို့၏ ၁၈၂၄ ခုနှစ်တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲ ၁၈၅၂ ခုနှစ်တွင် ဒုတိယစစ်ပွဲနှင့် ၁၈၈၅ ခုနှစ်တွင် တတိယစစ်ပွဲဟူ၍ သုံးကြိမ် ကျူးကျော်စစ်ဆင်နွှဲခြင်းခံရကာ ၁၈၈၆ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။
နှစ်ပေါင်းထောင်နှင့်ချီ၍ လွတ်လပ်သော အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံအဖြစ်မှ ထီးကျိုးစည်ပေါက်သူ့ကျွန်ဘဝ ရောက်ရသည်မှာ ညီညွတ်ရမည့် အင်အားစုများ မညီညွတ်ကြခြင်းနှင့် ပြည်သူတို့ တစ်သားတည်းမရှိခြင်း၊ အထွေထွေ ခေတ်နောက်ကျနေရသော အခြေအနေနှင့် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံတော်ကို ကာကွယ်ရန် စနစ်တကျ ဖွဲ့စည်းလေ့ကျင့်ထားသည့် တပ်မတော်မရှိခြင်းတို့ကြောင့် ဖြစ်ရသည်မှာ ထင်ရှားသော သမိုင်းသင်ခန်းစာများကို မမေ့အပ်ပေ။
ဗြိတိသျှတို့သည် မြန်မာနိုင်ငံအား ကျူးကျော်စစ်သုံးကြိမ်ဆင်နွှဲ၍ သိမ်းပိုက်နိုင်ခဲ့သော်လည်း မြန်မာတိုင်းရင်းသားများ၏ ကိုယ့်မင်းကိုယ့်ချင်းနှင့် နေလိုသော စိတ်ဓာတ်ကိုမူ ချိုးနှိမ်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။
ဗြိတိသျှတို့လက်အောက်သို့ မန္တလေးနေပြည်တော် ကျဆုံးပြီး သီပေါမင်းပါတော်မူသည်နှင့် တစ်ပြိုင်နက် သူ့ကျွန်မခံလိုသော တိုင်းရင်းသားများသည် ရရာလက်နက်ကို စွဲကိုင်၍ ဗြိတိသျှတို့အား တွန်းလှန်ခဲ့ကြသည်။ နယ်ချဲ့ဗြိတိသျှတို့အား ဆန့်ကျင် တိုက်ခိုက်ခဲ့သူများတွင် ဘုန်းကြီးရဟန်းများ၊ မင်းညီမင်းသားများ၊ မင်းမှုထမ်းများ၊ သာမန်အရပ်သားများ စသည့်အလွှာမျိုးစုံနှင့် တိုင်းရင်းသားလူမျိုး ပေါင်းစုံပါဝင်ခဲ့ကြသည်။ မြန်မာတိုင်းရင်းသားများ၏ နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများသည် ကြီးမားပြင်းထန်လှသည့် အတွက် ဗြိတိသျှတို့ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်စဉ်က အသုံးပြုခဲ့သော အင်အားထက် ပိုမိုများပြားသော အင်အားကိုအသုံးပြု၍ ဆယ်နှစ်ကျော်ကြာသည်အထိ နှိမ်နင်းခဲ့ရသည်။
နယ်ချဲ့အင်္ဂလိပ်တို့၏ ဖိနှိပ်အုပ်ချုပ်မှု အောက်တွင် မြန်မာတိုင်းရင်းသား လူမျိုးတို့သည် နယ်ချဲ့ဖိနှိပ်မှုမှ လွတ်မြောက်ရန် နည်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး၁၉၀၆ ခုနှစ်မှစတင်ပြီး အမျိုးသားရေး လှုပ်ရှားမှုများ လုပ်ဆောင်လာခဲ့ကြရာ ထိုလှုပ်ရှားမှုများက အနုနည်းဖြင့် ဗြိတိသျှနယ်ချဲ့ဆန့်ကျင်ရေး လုပ်ငန်းများကို စတင်ပေးခဲ့သဖြင့် မီးခဲပြာဖုံးဖြစ်နေသော မြန်မာတိုင်းရင်းသားတို့၏ မျိုးချစ်စိတ်ဓာတ်နှင့် ဇာတိသွေး၊ ဇာတိမာန်တို့ကို ပြန်လည် ထွန်းတောက်စေခဲ့သည်။ ထိုမျှမက ၁၉၂၀ပြည့်နှစ် တက္ကသိုလ်ကျောင်းသားသပိတ်၊ ၁၉၃၀ ပြည့်နှစ်တွင်ဖြစ်ပွားခဲ့သော ဆရာစံဦးဆောင်သော တောင်သူလယ်သမား အရေးတော်ပုံ၊ ၁၉၃၈ ခုနှစ်တွင် ပေါ်ပေါက်ခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံကြီး တို့သည် အမျိုးသားရေး စိတ်ဓာတ်နှင့် အမျိုးသားရေးလှုပ်ရှားမှုများကို ပိုမိုတက်ကြွလာစေသော လှုံ့ဆော်မှုများဖြစ်ခဲ့သည်။
ထိုသို့လှုပ်ရှားမှုများတွင်လည်း တောင်သူလယ်သမားများနှင့် အလုပ်သမားများ အပါအဝင် ရဟန်းရှင်လူနှင့် လူထုလူတန်းစား အသီးသီးပါဝင်လာကြပြီး နောက်ဆုံးတွင်နယ်ချဲ့ကို လက်နက်ကိုင်တွန်းလှန်ရန် မြန်မာမျိုးချစ်လူငယ်များသည် ပြည်ပအကူအညီများ ရှာဖွေခဲ့ကြပါသည်။
ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ အင်္ဂလိပ်အခက် ဗမာ့အချက်ဟူသော ကြွေးကြော်သံများနှင့်အတူ မြန်မာ့မျိုးချစ်လူငယ်များ နိုင်ငံခြားအကူအညီ ရှာရန်ကြိုးစားရာမှ ဂျပန်တို့နှင့် အဆက်အသွယ် ရခဲ့ပြီး ၁၉၄၁ ခုနှစ်အတွင်း အခက်အခဲ အမျိုးမျိုးကိုကျော်ဖြတ်ကာ မျိုးချစ်လူငယ်တို့သည် အသုတ် လေးသုတ်ခွဲ၍ လျှို့ဝှက်စွာဖြင့် ဂျပန်နိုင်ငံ ဟိုင်နန်နှင့် ဖော်မိုဆာကျွန်းတို့သို့ သွားရောက်ခဲ့ကြပြီး မြန်မာ့လွတ်လပ်ရေး အတွက် ပင်ပန်းဆင်းရဲသည့် ဒဏ်ကိုခံကာ ဂျပန်တို့ထံမှ စစ်ပညာများသင်ယူခဲ့ကြသည်။ စစ်ပြီးခေတ်လွတ်လပ်ရေး ကြိုးပမ်းမှုတွင်လည်း ရဲဘော်သုံးကျိပ်ဝင်များအတွင်းမှပင် စစ်ရေးနှင့်နိုင်ငံရေး ထိပ်တန်းခေါင်းဆောင်များ ပေါ်ထွက်ခဲ့ပြီး နှစ်ဆယ်ရာစုခေတ် မြန်မာ့တပ်မတော်ကို ပြုစုပျိုးထောင်ပေးသူများမှာလည်း ရဲဘော် သုံးကျိပ်ဝင်များပင်ဖြစ်သည်။
၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ဗန်ကောက်မြို့ရှိ ဦးလွန်းဖေနေအိမ်၌ ပထမ အကြိမ် သွေးသောက်ပွဲပြုလုပ်ပြီး ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)ကို စတင်ဖွဲ့စည်းခဲ့သည်။ ဒီဇင်ဘာ ၃၀ ရက် တွင် ရဲဘော်သုံးကျိပ်ဝင်များသည် ဒုတိယ အကြိမ် သွေးသောက်ပွဲပြုလုပ်ခဲ့သည်။
ထို့နောက် ဒီဇင်ဘာလ ၃၁ ရက်တွင် ဗမာ့လွတ်လပ်ရေး တပ်မတော်သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ရန်အတွက် ဗမာ့လွတ်လပ်ရေး တပ်မတော်စစ်ဌာနချုပ် မော်လမြိုင်စစ်ကြောင်း၊ ထားဝယ်စစ်ကြောင်း၊ ရေကြောင်းချီတပ်ဖွဲ့၊ တာနာကာတပ်ဖွဲ့နှင့် အတွင်းသူပုန် တပ်ဖွဲ့များကိုဖွဲ့စည်းခဲ့သည်။
ထားဝယ်စစ်ကြောင်းသည် ပဲခူးမြို့ကို သိမ်းပိုက်ပြီးနောက် ဂျပန်တပ်မ(၅၅)မှ တပ်ဖွဲ့အချို့နှင့်အတူ ရန်ကုန်မြို့သို့ ဦးတည် ချီတက်ခဲ့ရာ မတ်လ ၈ ရက်တွင် ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့သည်။
ဗမာ့လွတ်လပ်ရေး တပ်မတော်စစ်ဌာနချုပ်နှင့် မော်လမြိုင်စစ်ကြောင်းသည် ထန်းတပင်မြို့ကိုသိမ်းပိုက်ပြီး ရန်ကုန်မြို့သို့ မတ်လ ၁၂ ရက်တွင် ရောက်ရှိသည်။
ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ရန်ကုန်မြို့ကို သိမ်းပိုက်ပြီးနောက် အထက်မြန်မာပြည်သို့ ချီတက်ရန် ပြင်ဆင်ခဲ့ပြီး ဗမာ့လွတ်လပ်ရေးတပ်မတော် စစ်သေနာပတိချုပ် ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးသော ဗမာ့လွတ်လပ်ရေး တပ်မတော် တပ်မ(၁)နှင့် တပ်မ(၂)တို့သည် ၁၉၄၂ ခုနှစ် ဧပြီလဆန်းမှစတင်၍ အထက်မြန်မာပြည်သို့ ချီတက်သွားခဲ့ကြသည်။ ဗမာ့လွတ်လပ်ရေး တပ်မတော်သည် ဂျပန်တပ်များနှင့် ရင်ပေါင်
တန်းချီတက်ကာ မြန်မာပြည်မှ ဆုတ်ခွာလျက်ရှိသော အင်္ဂလိပ်တပ်များကို လိုက်လံ တိုက်ခိုက်ပြီး အထက်မြန်မာပြည် တစ်ခုလုံးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တပ်မတော်နှင့် ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)တို့သည် မြန်မာနိုင်ငံကို သိမ်းပိုက်မိပြီးသောအခါ ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)အင်အားသည် ၅၀၀၀၀ ကျော်အထိ တိုးမြင့်လာသည့်အတွက် ဂျပန်တို့သည် ဗမာ့လွတ်လပ်ရေး တပ်မတော် (ဘီအိုင်အေ)အင်အားကို စိုးရိမ်လာကာ ဗမာ့လွတ်လပ်ရေး တပ်မတော်ကို ပိုမိုစနစ်ကျသော တပ်မတော်အဖြစ် ဖွဲ့စည်းပေးမည်ဟူသော အကြောင်းပြချက်ဖြင့် ဘီအိုင်အေကို ဖျက်သိမ်းပြီး အင်အား ၃၀၀၀ သာ ပါဝင်သော ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army-BDA)အဖြစ် ၁၉၄၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်တွင် ပြန်လည်ဖွဲ့စည်းခဲ့သည်။ ၁၉၄၂ ခုနှစ် ဇူလိုင်လ၂၈ ရက်တွင် ဂျပန်အမှတ်(၁၅)တပ်တော်မှူး ဒုတိယဗိုလ်ချုပ်ကြီးအီဒါက ဗိုလ်ချုပ်အောင်ဆန်းအား ဗိုလ်မှူးကြီးအဆင့်ဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် လည်းကောင်း၊ ဗိုလ်စကြာနှင့် ဗိုလ်လက်ျာတို့အား ဗိုလ်မှူးအဆင့်ဖြင့် စစ်ဦးစီးများအဖြစ် လည်းကောင်း ခန့်အပ်ပေးခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့ကာကွယ်ရေး တပ်မတော် တည်ထောင်ဖွဲ့စည်းသည့် အချိန်မှစ၍ အင်အားတောင့်တင်းခိုင်မာသော တပ်မတော်ကြီး တစ်ရပ်ဖြစ်လာအောင် အစဉ်တစိုက် ကြိုးပမ်းအားထုတ်ခဲ့သည်။
၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်တွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးခဲ့သော်လည်း အစစ်အမှန် လွတ်လပ်ရေး မဟုတ်ဘဲ လုပ်ပိုင်ခွင့်အာဏာအားလုံးကို ဂျပန်စစ်ဘက် အာဏာပိုင်များကသာ ချုပ်ကိုင်ထားသည့်အတွက် လွတ်လပ်ရေးကြေညာပြီးနောက် ၁၉၄၃ ခုနှစ် စက်တင်ဘာလ၁၅ ရက်တွင် ဗဟိုစစ်အဖွဲ့ချုပ်ကြီး(ကာကွယ်ရေးကောင်စီ) အစည်းအဝေးတစ်ရပ်ကို စစ်ဝန်ကြီးရုံး၌ ကျင်းပပြုလုပ်ရာ ယင်းအစည်းအဝေးမှ ဗမာ့ကာကွယ်ရေး တပ်မတော်ကိုဗမာ့အမျိုးသား တပ်မတော် (Burma National Army-BNA) အမည်သို့ ပြောင်းလဲခေါ်ဝေါ်ရန် ဆုံးဖြတ်ခဲ့ပြီး ၁၉၄၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်တွင် ဗမာ့ကာကွယ်ရေး တပ်မတော်ကို ဗမာ့အမျိုးသား တပ်မတော်အဖြစ် အမည်ပြောင်းလဲခဲ့သည်။
ဖက်ဆစ်ဂျပန်တို့အား မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် ဗမာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်ကို တော်လှန်ရာတွင် “ပြည်သူ့လွတ်လပ်ရေး တပ်မတော်”ဟူသော အမည်ကိုသုံးစွဲရန် ၁၉၄၅ ခုနှစ် မတ်လ ၁ ရက်မှ ၃ ရက်အထိရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်၌ ကျင်းပသော ဖက်ဆစ် တော်လှန်ရေးအတွက် ညှိနှိုင်းဆွေးနွေးသည့် အစည်းအဝေးမှ သတ်မှတ်ခဲ့သည်။ မဟာမိတ်တပ်များကမူ ဗမာ့တပ်မတော်ကို ဗမာ့အမျိုးသား တပ်မတော်ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။
ဆာရယ်ဂျီနယ်ဒေါ်မန်စမစ်က ဇွန်လ ၂၉ ရက်တွင် ဗမာ့တပ်မတော်ကို “မျိုးချစ်ဗမာ့တပ်မတော်”ဟု မှည့်ခေါ်ရန် အကြံပြုတင်ပြချက်အရ ဗမာ့တပ်မတော်ကို ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့မှစတင်၍ မျိုးချစ်ဗမာ့ တပ်မတော်ဟု ခေါ်ဝေါ်သုံးစွဲရန် တရားဝင်ပြောင်းလဲ သတ်မှတ်ခဲ့သည်။
၁၉၄၆ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဗြိတိန်ဝန်ကြီးချုပ် အက်တလီက မြန်မာနိုင်ငံဘုရင်ခံ အမှုဆောင်ကောင်စီမှ ကိုယ်စားလှယ်အဖွဲ့ကို ဘုရင့်အစိုးရအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်းကြေညာခဲ့သည်။ ဆွေးနွေးပွဲအား ဇန်နဝါရီလ ၁၄ ရက်နေ့မှစတင်ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့တွင် အပြီးသတ်ဆွေးနွေးနိုင်ခဲ့ပြီးနောက် ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့တွင် အောင်ဆန်း-အက်တလီ စာချုပ်ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ လန်ဒန်ဆွေးနွေးပွဲမှ ပြန်ရောက်လာသည့် အချိန်တွင် ဖဆပလအဖွဲ့ချုပ်မှ အရေးတကြီး ဆောင်ရွက်ရန်ကိစ္စမှာ တိုင်းရင်းသား လူမျိုးစုများ တစည်းတလုံးတည်း ပါဝင်သော ပင်လုံညီလာခံ ကျင်းပရေးပင်ဖြစ်သည်။ ညီလာခံတွင် ဗန်းမော်မှ ကချင်ကိုယ်စားလှယ် တစ်ဦးက မြန်မာတို့နှင့် မပေါင်းဘဲ နယ်ခြားဒေသ အုပ်ချုပ်ရေးနှင့် ပေါင်းရန်ပြောဆိုခြင်း၊ ညောင်ရွှေစော်ဘွားက အောင်ဆန်း-အက်တလီစာချုပ်ကို လက်မခံဟုပြောဆိုခြင်း၊ စော်ဘွားများ ဝေ့လည်ကြောင်ပတ် လုပ်နေခြင်းများ ရှိခဲ့သော်လည်း ပြည်သူ့ကိုယ်စားလှယ်များသည် ဆန္ဒပြပွဲများ စီတန်းလှည့်လည်မှုများ စသော လူထုလှုပ်ရှားမှုဖြင့် ဖိအားပေးခဲ့သောကြောင့် တောင်တန်းဒေသနှင့်ပြည်မ ပူးပေါင်းရေး သဘောတူစာချုပ်ဖြစ်သည့် ပင်လုံစာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ၁၂ ရက်နေ့တွင် အောင်မြင်စွာချုပ်ဆိုနိုင်ခဲ့သည်။
ဆက်လက်ဖော်ပြပါမည်။