ဖူးမြော်ပူဇော် မာရဝိဇယရုပ်ပွားတော်

ဖူးမြော်ပူဇော် မာရဝိဇယရုပ်ပွားတော်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်)

မြန်မာနိုင်ငံတွင် ဗုဒ္ဓသာသနာတော်သည် နေလိုလလိုထွန်းလင်း တောက်ပလျက်ရှိသည်။ သာသနာတော် သုံးရပ်တွင် အရင်းအမြစ်ဖြစ်သည့် ပရိယတ်စာပေများကို ကြိုးစားသင်ယူ၍ ပဋိပတ်အကျင့်ကောင်းများကို ကျင့်ကြံပွားများလျက်ရှိသည့် ရဟန်းသံဃာတော်များ၊ လူပုဂ္ဂိုလ်များကို ချီးမြှင့်ထောက်ပံ့ ကူညီပေးခြင်း၊ စေတီပုထိုး၊ ဂူ၊ ကျောင်း၊ သိမ်၊ ဇရပ်နှင့်သာသနိက အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ မွမ်းမံပြင်ဆင်ခြင်းနှင့် ပစ္စည်းလေးပါး အထောက်အပံ့ပြု လှူဒါန်းခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြသည်။ ရှေးကဘုရင်မင်းမြတ်တို့သည် စစ်မက်ဖက်ပြိုင်ရာ၌ပင် သာသနာတော်ကို   ပို၍ချီးမြှောက်နိုင်သူသာ အနိုင်ရပါစေဟူသော ဆုတောင်းမျိုး ဆုတောင်းကြသည်။

ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးဆောင်သာသနာ့ ဒါယကာအဖြစ်ခံယူ၍ ခုနစ်ရက်သားသမီးတို့၏ ကုသိုလ်တော်အဖြစ်  ကမ္ဘာ့အကြီးဆုံး ဖြစ်လာမည့်  စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်နိုင်စေရေး စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် ဆောင်ရွက်လျက်ရှိသည်။ အဆိုပါစကျင်ကျောက်ဆစ်ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးကို နေပြည်တော်ကောင်စီ နယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိသည်မှာ အောင်မြင်ပြီးမြောက် တော့မည်ဖြစ်သည်။

“မာရဝိဇယ”  “ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို”မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက် စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုအား အထောက်အကူဖြစ်စေရန်”စသည့် ရည်ရွယ်ချက်(၄)ရပ်ဖြင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုတည်ထား ကိုးကွယ်လျက်ရှိသည့် “မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး” တည်ထားကိုးကွယ်ပြီးစီးပါက မြန်မာတွင်သာမက  ကမ္ဘာ့နိုင်ငံများတွင်ပါ စကျင်ကျောက်တော်ကြီးဖြင့် ထုဆစ်သည့် ဆင်းတုတော်ကြီးများအနက် အကြီးဆုံးနှင့် ဉာဏ်တော်အမြင့်ဆုံး ဆင်းတုတော်ကြီး ဖြစ်လာပေမည်။

အဆိုပါစကျင်ကျောက်တော်ကြီး သယ်ယူရွှေ့ပြောင်းမှုမှာလည်း ကမ္ဘာတွင် တန်ချိန် အကြီးမားဆုံးနှင့် ခရီးအဝေးဆုံး သယ်ဆောင်မှုဖြစ်ကြောင်း သိရှိရသည်။ မြန်မာတို့သည် ကြည်ညိုသဒ္ဓါစိတ် ပြည့်ဝစွာရှိထားကြသည့် အတွက် ခက်ခဲလှသော သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ အဆင်ပြေချောမွေ့ခြင်းဖြစ်သည်။  စကျင်ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်လာမည့် ကျောက်တော်ကြီးကို ၂၀၁၃ ခုနှစ်တွင် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စကျင်ကျေးရွာအနီး စကျင်တောင်ရှိ Angelo Mining Co.,Ltd ၏လုပ်ကွက်အတွင်းမှ စတင်တူးဖော် တွေ့ရှိခဲ့သည်။ တန်ချိန်အားဖြင့် ၁၀၈၉၀ တန်ခန့်ရှိပြီး   တစ်ဆက်တည်းနှင့် ထုထည်ကြီးမားလွန်းသည့် ကျောက်တော်ကြီးဖြစ်သည့် အတွက် ဗုဒ္ဓရုပ်ပွားတော်အဖြစ် ထုဆစ်တည်ထား ကိုးကွယ်နိုင်ရန် ရွှေဖောင်ဒေးရှင်းမှ တစ်ဆင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လှူဒါန်းခဲ့သည်။

ထို့နောက် စကျင်ကျောက်တော်ကြီး တည်ရှိရာ မတ္တရာမြို့နယ် စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းအထိ ရေလမ်းကြောင်းဖြင့် လည်းကောင်း၊ ၎င်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း နေပြည်တော်သို့ Modular Trailer  များဖြင့် လည်းကောင်း ကြည်ညိုသဒ္ဓါဖြင့် ပင့်ဆောင်ခဲ့ကြသည်။ နေပြည်တော်သို့ရောက်ရှိလာသည့် ကျောက်တုံးတော်ကြီးများကို အဆင့်မြင့်နည်းပညာဖြစ်သည့် CNC Machine  များဖြင့် ပုံဖော်ထုဆစ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်း ဆောင်ရွက်ကြသည်။ ထိုကဲ့သို့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့်နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်းသာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာအပါး ၁၂၀၀ နှင့် လူပရိသတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး အပါအဝင် အခြားသော သာသနိက အဆောက်အအုံများစွာကိုလည်း ထည့်သွင်း တည်ဆောက်လျက်ရှိသည်။ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ  Romanize Language တို့ဖြင့်ကျောက်စာတော်များ တည်ထားလျက်ရှိသည်။

အဆိုပါထုဆစ်ပြီးစီးသည့်  ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာ ကျမ်းစာများကို မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်လျက်ရှိပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာ ကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူကြည်ညိုနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။

ဗုဒ္ဓဘာသာဝင်တို့သည် ကံကံ၏အကျိုးကို သက်ဝင်ယုံကြည်ကြသူများ ဖြစ်သည့်အတွက် နောင်သံသရာ ဘဝခရီးအတွက် လည်းကောင်း၊ မြတ်သောနိဗ္ဗာန်သို့လည်းကောင်း ရည်မျှော်ကိုးလျက် ဗုဒ္ဓဥယျာဉ်တော်အတွင်း မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေးတွင် အလှူငွေပါဝင် လှူဒါန်းလျက်ရှိကြသည်။ ထိုကုသိုလ် အပေါင်းတို့သည် ကမ္ဘာတည်သရွေ့ မြန်မာတို့၏ ထာဝရကုသိုလ်ဖြစ်ပါကြောင်း ရေးသား လိုက်ရပေသည်။   ။