စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးနိုင်ရေး ထပ်မံအသိပေးနှိုးဆော်ခြင်း

နေပြည်တော်၊ သြဂုတ် - ၉

၁။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ၈-၈-၂၀၂၀ ရက်မှ ၁၄-၈-၂၀၂၀ ရက်အထိ ရက်ထပ်မံတိုးမြှင့်ကပ်ထားကြေညာထားရှိမှု၊ တပ်မတော် ဌာနချုပ်၊ တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတို့ရှိ တပ်တွင်းနေ တပ်မိသားစုဝင်များ၏ မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားမှုများကို ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိမှုနှင့် တပ်ပြင်နေ တပ်မတော်သားမိသားစုဝင်များလည်း မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှု စစ်ဆေးခြင်းများကို သက်ဆိုင်ရာနေရာအလိုက်ပြုလုပ်သွားနိုင်ရေး အသိပေးနှိုးဆော်ခြင်း များကို သြဂုတ်  ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။

၂။    ထို့အတူ စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင်များနှင့် တပ်ပြင်နေ တပ်မတော်သား မိသားစုဝင်များအနေဖြင့် မိမိအမည် မဲစာရင်းတွင် မပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ အချက်အလက်ပြင်ဆင်လိုပါက ပုံစံ(၄-ဂ)ဖြင့် ဖြည့်စွက်ပြင်ဆင်ခြင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်နှင့်အညီ ဆောင်ရွက်နိုင်ရေး၊  ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရန် သက်ဆိုင်ရာသို့ အချိန်မီသတင်းပို့တင်ပြနိုင်ရေး မဲဆန္ဒရှင်စာရင်းကြည့်ရှုစစ်ဆေးခြင်းများနှင့် သတင်းပို့တင်ပြခြင်းများ ပြုလုပ်သွားရန် ထပ်မံ အသိပေးနှိုးဆော်အပ်ပါသည်။