တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ

တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်)

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် သမိုင်းအစဉ်အဆက် မရှိမဖြစ်သော အရာမှာ တပ်မတော်သာဖြစ်သည်။

တပ်မတော်တစ်ရပ်ရှိနေမှသာ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲနေပေမည်။ တပ်မတော်သည် စစ်ရေးစွမ်းရည်၊ အုပ်ချုပ်ရေးစွမ်းရည်၊ စည်းရုံးရေးစွမ်းရည်ဟူသော စွမ်းရည်သုံးရပ်ပြည့်စုံ နေရမည်ဖြစ်သည်။ စွမ်းရည်သုံးရပ်နှင့်ပြည့်စုံနေမှသာ နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို စွမ်းအားပြည့် ကာကွယ်နိုင်မည်ဖြစ်သည်။ နိုင်ငံတော်ကာကွယ်ရေး တာဝန်ဆိုသည်မှာ စဉ်ဆက်မပြတ် စွမ်းဆောင်နေရမည့် အမျိုးသားရေးတာဝန်ဖြစ်သည်။

မြန်မာ့သမိုင်းကို ဆစ်ပိုင်းလေ့လာလျှင် ကိုယ့်ထီးကိုယ်နန်းဖြင့် ကိုယ်ပိုင်အချုပ်အခြာနှင့် နေထိုင်ခဲ့ရသော အချိန်ကာလ၊  သူတစ်ပါးအုပ်ချုပ်မှုကို ခံခဲ့ရသော ကိုလိုနီခေတ် အချိန်ကာလနှင့် လွတ်လပ်ရေး ရရှိသည်မှ ယနေ့အထိ အချိန်ကာလဟူ၍ ကာလသုံးပါးကို တွေ့မြင်နိုင်သည်။ သူ့ကျွန်အဖြစ်နွံနစ်ခဲ့ရသော အကြောင်းများတွင် ကာကွယ်ရေးစွမ်းအား လျော့နည်းခြင်းမှာ အဓိကနေရာတွင် တည်ရှိနေသည်။ ကိုလိုနီခေတ်တွင် မြန်မာတို့၏ ကိုယ်ပိုင်တပ်မတော်မှာလည်း ဆုံးရှုံးသွားခဲ့ရသည်။ ထို့ကြောင့် လွတ်လပ်ရေး ကြိုးပမ်းမှုကာလတစ်လျှောက်တွင် တပ်မတော်တစ်ရပ် ပေါ်ပေါက်ရေးကို ပင်ပင်ပန်းပန်း ကြိုးစားခဲ့ကြရသည်။

နယ်ချဲ့အင်္ဂလိပ်တို့၏ အုပ်ချုပ်မှုအောက်တွင် လျှို့ဝှက်လှုပ်ရှားကာ တပ်မတော်တစ်ရပ် ပေါ်ပေါက်ရေးကို ကြိုးစားခဲ့ကြသော  ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့၏ စွန့်လွှတ်စွန့်စားမှုကြောင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ) ပေါ်ပေါက်လာခဲ့ရသည်။ ဘီအိုင်အေသည် ယနေ့မြန်မာ့တပ်မတော်၏

အဦးအစပင်ဖြစ်သည်။ ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရဲဘော်သုံးကျိပ်တို့က လက်မောင်းသွေးဖောက် သစ္စာရေသောက်ကာ စတင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းခဲ့သည့် နေရာမှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဦးလွန်းဖေ၏ နေအိမ်တွင်ဖြစ်သည်။

ထိုင်းနိုင်ငံနှင့်မြန်မာနိုင်ငံတို့သည် အိမ်နီးချင်း မိတ်ဆွေရင်းများဖြစ်သည်။ ထိုင်းနိုင်ငံတွင် စတင်ဖွဲ့စည်းခဲ့သည့် သမိုင်းကြောင်းတွင် ထိုင်းနိုင်ငံသည်လည်း မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုကို တစ်ဖက်တစ်လမ်းမှ ကူညီသည်ဟု မြန်မာတို့က မှတ်ယူထားသည်။ တပ်မတော်နေ့နှင့် ပတ်သက်သည့် အကြောင်းအရာများ ရေးဖွဲ့တိုင်း ဘီအိုင်အေကို ထိုင်းနိုင်ငံတွင် စတင်ဖွဲ့စည်းကြောင်း အထင်အရှား ရေးဖွဲ့ကြသည်။ ထိုင်းနှင့်မြန်မာတို့မှာ နိုင်ငံနယ်နိမိတ်အရ ပိုင်းခြား သတ်မှတ်ထားသော်လည်း အသားအရောင်အရ ခွဲခြားမရနိုင်သူများ ဖြစ်သည်။

စကားအပြောအဆိုအရ ကွဲပြားခြားနားသော်လည်း လူနေမှုယဉ်ကျေးမှု ဓလေ့စရိုက်မှာ များစွာ တူညီကြသည်။

မြန်မာနိုင်ငံသည် ထေရဝါဒဗုဒ္ဓဘာသာကို သက်ဝင်ကိုးကွယ် ယုံကြည်ကြသလို ထိုင်းနိုင်ငံမှာလည်း ဗုဒ္ဓဘာသာကိုးကွယ်မှု အများဆုံးရှိကြသည်။ အိမ်နီးချင်းနှစ်နိုင်ငံအဖြစ် လွန်ခဲ့သော နှစ်ပေါင်းများစွာ ကတည်းကပင်ဖြစ်တည်ခဲ့ကြသည်။ မြန်မာ-ထိုင်းနှစ်နိုင်ငံသည် ၁၉၄၈ ခုနှစ် သြဂုတ် ၂၄ ရက်မှစတင်ကာ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့ပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်လျက် ရှိသည့်နိုင်ငံများဖြစ်သည်။

အိမ်နီးချင်းကောင်းနိုင်ငံများ ဖြစ်သည့်အားလျော်စွာ ကြာရှည်ခိုင်မာသော ဆက်ဆံရေး သမိုင်းအစဉ်အလာရှိသည်။ တစ်ဦးကိုတစ်ဦး တန်ဖိုးထား ဆက်ဆံခြင်းဖြစ်သည့်အတွက် အိမ်နီးချင်းကောင်း ဆက်ဆံရေးခိုင်မြဲလျက်ရှိသည်။

နှစ်နိုင်ငံယဉ်ကျေးမှု အဆို၊ အက၊ အတီးများမှာ လွန်စွာနီးစပ်မှုရှိသည်။ မြန်မာတို့၏ ရှေးမြန်မာမင်းများ လက်ထက်က  သီဆိုကပြဖျော်ဖြေခဲ့ကြသော သီချင်းများ၊ ပြဇာတ်များမှာ(ယခင်အခေါ်) ယိုးဒယားနှင့်  ဆက်နွှယ်မှုရှိသော သီချင်းများလည်း ပါဝင်သည်။ မြန်မာတို့၏ အနုသုခုမပညာရပ် မဟာဂီတသီချင်းများတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် သီချင်းများကိုပိုင်းခြားထားသည်။ ဥပမာအားဖြင့် ကြိုးသီချင်း၊ ဘွဲ့သီချင်း၊ သီချင်းခံ၊ ပတ်ပျိုး၊ ဘောလယ်စသည်ဖြင့်ရှိရာတွင် ယိုးဒယားသီချင်းများ ကဏ္ဍလည်း ပါဝင်သည်။ ရာမဇာတ်ထွက် ယိုးဒယားသီချင်းဖြစ်သည့် “ပန်းမြိုင်လယ်၊ သာနယ်ဗွေ၊ မျှော်လေတိုင်း” အစချီသီချင်းမှာ တီးကွက်၊ ဆိုကွက် အလွန်နားဝင်ငြိမ့်ညောင်း နားထောင်ကောင်းသည့် သီချင်းဖြစ်သည်။ ဤသည်ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံနှင့်ထိုင်းနိုင်ငံ  နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု နယ်ပယ်မှာ ကျယ်ဝန်းခဲ့ကြောင်း လေ့လာသိရှိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ် အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး 8th High Level Committee Meeting ကို ဇန်နဝါရီ ၂၀ ရက်တွင် စတင်ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားရာတွင်”ယခုကျင်းပပြုလုပ်သည့် (၈)ကြိမ်မြောက် မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးမှ တစ်ဆင့် တပ်မတော်နှစ်ရပ်အကြား ယုံကြည်မှု၊ အပြန်အလှန် နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှု တို့ကို ပိုမိုတိုးတက် အားကောင်းလာစေရန် တည်ဆောက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့အနေဖြင့် နှစ်နိုင်ငံနှင့် တပ်မတော်နှစ်ရပ် အကြား  ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး တို့ကို  အရှိန်အဟုန်မပျက်စေဘဲ ကောင်းမွန်သည်ထက် ကောင်းမွန်အောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို အခိုင်အမာ ပြောကြားလိုကြောင်း” ပြောကြားခဲ့သည်။

မြန်မာ-ထိုင်း တပ်မတော်နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးပွဲများ ကျင်းပလာခဲ့ရာ ယခုအခါ (၈)ကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။  တပ်မတော်နှစ်ရပ်အကြား ပိုမိုခိုင်မာသော ချစ်ကြည်ရင်းနှီးမှု တည်ဆောက်နိုင်ခြင်းနှင့်အတူ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုသည်လည်း ပိုမိုတိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။