လူငယ်တိုင်းအတွက် ကျန်းမာရေးနှင့်ပညာရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်)

လူငယ်တိုင်းအတွက် ကျန်းမာရေးနှင့်ပညာရေး

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသောဦးတည်ချက်မှာ နိုင်ငံတော်ကို အုပ်ချုပ်သောအစိုးရ အဆက်ဆက်က ဦးဆောင်မှုပြုနေရမည့် ဦးတည်ချက်ဖြစ်သည်။ နိုင်ငံသားတိုင်း အသက်အရွယ်မရွေး လိုက်နာဖြည့်ဆည်း လုပ်ကိုင်ဆောင်ရွက်နေရမည့် ထာဝရကိစ္စရပ်လည်းဖြစ်သည်။ ကျန်းမာရေးနှင့်ပညာသင်ကြားရေးသည် မွေးဖွားသည်မှ ကွယ်လွန်သည့်တိုင် ဖြည့်ဆည်းနေရမည့်အရာဖြစ်သည်။ တိုးတက်မှုအရှိန်အဟုန်မြင့်မားနေသော ကမ္ဘာကြီးတွင် ပညာရပ်ဆိုင်ရာ များမှာ လိုက်စားလေလေ နယ်ပယ်ကျယ်ဝန်းလေလေဖြစ်သည်။

အတန်းပညာရပ်များမှာ သတ်မှတ်ထားသည့်အတိုင်း နှစ်စဉ်မပျက်မကွက်သင်ယူပါက ရည်မှန်းချက်သို့ ရောက်နိုင်သေးသည်။  ပညာရပ်များကို သင်ယူရန်အတွက် ကျန်းမာရေးကောင်းမွန်နေရပေမည်။ ထို့အတူ လူမှုစီးပွားဘဝ ဆောင်ရွက်ရေးမှာလည်း  ကျန်းမာရေး ကောင်းမွန်နေရပေမည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည် မြင့်မားရေးဦးတည်ချက်ကို ချမှတ်ပေးထားသလို ထိုဦးတည်ချက်အောင်မြင်ရေးအတွက်လည်း လိုအပ်သည့်အရာများကို ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ဆောင်ရွက်ချက်များတွင် ကျောင်းသားအားကစားပွဲတော်များ ကျင်းပပေးခြင်းမှာလည်း တစ်ခု အပါအဝင်ဖြစ်သည်။

နိုင်ငံသားတိုင်း၏ ဘဝအစသည် ကျောင်းသား၊ ကျောင်းသူဘဝကို ဖြတ်သန်းခဲ့ကြရသူများဖြစ်သည်။ ထို့ကြောင့် လူငယ်မောင်မယ် ဘဝကတည်းက ပညာရေးကိုအလေးထားခြင်း၊ အားကစားကို စိတ်ပါဝင်စားခြင်းတို့ရှိနေမှသာ ဘဝတစ်လျှောက် ကျန်းမာကြံ့ခိုင်၍ ပညာရည်ပြည့်ဝနေသူများဖြစ်လာပေလိမ့်မည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  အခြေခံပညာကျောင်းသားအားကစားပွဲတော်ကို ဇန်နဝါရီ ၁၇ ရက်မှ ၂၇ ရက်အထိ အောင်မြင်စွာကျင်းပပေးခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  အခြေခံပညာကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ(အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကို  ဇန်နဝါရီ ၂၇ ရက်ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှုအားပေးပြီး ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းကို ဂုဏ်ပြုချီးမြှင့်ငွေနှင့် တံခွန်စိုက်ဖလားတို့ကို ပေးအပ်ချီးမြှင့်သည်။ ထို့အတူ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်   အခြေခံပညာ ကျောင်းသား အားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့မှ ပြိုင်ပွဲဝင်အသင်းများအား တစ်သင်း လျှင် ငွေကျပ်သိန်း ၅၀ စီကိုလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုသို့ချီးမြှင့်ပေးခြင်းဖြင့် ပြိုင်ပွဲဝင်အသင်းများအနေဖြင့် မိမိတို့၏ ကြိုးစားမှုကို နိုင်ငံတော်အကြီးအကဲက အသိအမှတ် ဂုဏ်ပြုခြင်း အတွက် ဝမ်းသာပျော်ရွှင်နေကြမည်ဖြစ်သည်။

အခြေခံပညာ ကျောင်းသားအားကစားပြိုင်ပွဲမှစတင်၍ အားကစားထူးချွန်သည့် ကျောင်းသား၊ ကျောင်းသူများကို ရွေးချယ် လေ့ကျင့်ပေးသွားပါက အခြေခံကျောင်းသားများ တက္ကသိုလ်တက်ရောက်ချိန်တွင် အာဆီယံတက္ကသိုလ် အားကစားပြိုင်ပွဲများကို လည်း အရည်အသွေးပိုမိုကောင်းမွန်စွာဖြင့်ပါဝင်ယှဉ်ပြိုင်သွားနိုင်မည်ဖြစ်သည်။ ဤသို့ဖြင့် နိုင်ငံ့လက်ရွေးစင် အားကစားသမား ကောင်းများလည်း ပိုမိုပေါ်ထွက်လာမည်ဖြစ်သည်။ လူငယ်စွမ်းအားများသည် နိုင်ငံတော်၏အားများဖြစ်သည်။ လူငယ်မောင်မယ်တို့ ကြိုးစားမှုကြောင့် အောင်မြင်မှုရခဲ့လျှင် နိုင်ငံတော်၏ ဂုဏ်သိက္ခာလည်း မြင့်မားလာမည်ဖြစ်သည်။ ထို့အတူ မိမိတို့တစ်ဦးချင်း၏ လူနေမှုဘဝမှာလည်း မြင့်မားလာမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)တွင် ကျန်းမာရေး၊ ပညာရေးတို့နှင့်ပတ်သက်၍ အထူးအလေးပေးပြောကြားခဲ့ရာတွင် “လူနေမှုစနစ်မြှင့်တင်နိုင်ဖို့ဆိုလို့ရှိရင် စီးပွားရေး ကောင်းအောင်လုပ်ရမယ်။ စီးပွားရေးကောင်းဖို့ဆိုရင်လည်း အတန်းပညာ၊ အတတ်ပညာတွေရှိအောင်လုပ်ပေးရမယ်။ ဒီလိုသွားရ မယ်။ ဒါကြောင့် ကျွန်တော်တို့က အတန်းပညာနဲ့ပတ်သက်ရင် အနည်းဆုံးတော့ KG+9 ကိုသွားဖို့လိုတယ်။ KG+9 ဖြစ်လာပြီ ဆိုလို့ရှိရင် Vocational Training အနိမ့်ဆုံးသွားလို့ရပြီ။ ဒါကြောင့် စက်မှုစိုက်ပျိုးမွေးမြူရေး ကျောင်းလေးတွေ ခရိုင်အလိုက် ဖွင့်ပေးမယ်။ အဲ့ဒီကနေပြီးတော့ ပထမဦးဆုံးကျောင်း ၅၀ ပေါ့။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေ ပညာတတ်ဖို့လိုတာပဲ။ ပညာရေးအတွက်ရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့ပေးရဲပါတယ်။ ပေးလည်းပေးနိုင်ပါတယ်။ ပေးလည်း ပေးရဲပါတယ်။ ကျောင်း ၅၀ ကနေပြီးတော့ ခရိုင်အားလုံး၊ ခရိုင်ကနေပြီးတော့ အဓိကကျတဲ့မြို့နယ်တွေပါ ကျောင်းတွေ တိုးချဲ့ပြီးဖွင့်လာပြီးတော့မှ။ သူ့ရဲ့အခြေခံလုပ်နိုင်တဲ့ဟာတွေကို ကျွန်တော်တို့သွားကြရမယ်” ဟူ၍ထည့်သွင်းပြောကြားခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်တို့ဘဝတွင် ကျန်းမာရေးနှင့်ပညာရေးကို ပြည့်ဝအောင် ဖြည့်ဆည်း ခြင်းဖြင့် မိမိတို့၏အနာဂတ်လှပရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။