နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ပထမခြေလှမ်း

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်)

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ပထမခြေလှမ်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏  ပထမဦးဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာဖွင့်ပွဲကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ အဆိုပါစင်တာ၌ကျင်းပရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။ ထိုသတင်းမှာ  မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို လိုလားသူနိုင်ငံသားတိုင်းအတွက် ဝမ်းသာဂုဏ်ယူအားတက်ဖွယ်ရာ သတင်းကောင်းတစ်ရပ်ဖြစ်သကဲ့သို့ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ပထမဆုံးခြေလှမ်းတစ်ခုလည်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ ဖွင့်ပွဲအထိမ်းအမှတ် အမှာစကားပြောကြားရာတွင် “နျူကလီးယားနှင့် ဓာတ်ရောင်ခြည် နည်းပညာများကို ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍများတွင် အသုံးချနိုင်သည့် အတွက် နိုင်ငံ၏နျူကလီးယား အခြေခံအဆောက်အအုံ တည်ထောင်နိုင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်ကျွမ်းကျင်သူများ တွေ့ဆုံညှိနှိုင်း ဆွေးနွေးကာ လိုအပ်သည့်နျူကလီးယား ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုံခြုံရေးနှင့် အရေးပေါ်အခြေအနေ တုံ့ပြန်ဆောင်ရွက်ရေး ဆိုင်ရာလုပ်ငန်းများကို  ဆန်းစစ်လေ့လာပြီး အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ  (IAEA) ၏မှတ်တိုင်ပါအချက် (၁၉)ချက်အတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြား ခဲ့သည်။

ကမ္ဘာတွင်ဖွံ့ဖြိုးဆဲနိုင်ငံများ၊ ဖွံ့ဖြိုးပြီးနိုင်ငံများဟူ၍ ခွဲခြားသတ်မှတ်ထားရာတွင် ဖွံ့ဖြိုးပြီးနိုင်ငံတိုင်းမှာ နျူကလီးယားနည်းပညာကို  အသုံးပြုနေကြပြီဖြစ်သည်။ မိမိတို့နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ယခုအခါ နျူကလီးယားနည်းပညာကို စတင်ခြေလှမ်းနေပြီ ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် မိမိနိုင်ငံနှင့်လူမျိုးများ ကဏ္ဍပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကြိုး မာန်တက် ကြိုးစားတည်ဆောက်မှုကြောင့် ယခုကဲ့သို့  ပထမဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက် စင်တာ တည်ဆောက်နိုင်ခြင်းဖြစ်သည်။

အဆိုပါစင်တာတွင် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာအသုံးပြု၍ စိုက်ပျိုးရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ လျှပ်စစ်နှင့်စွမ်းအင် ဆိုင်ရာကဏ္ဍ၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနှင့် အခြားသောကဏ္ဍပေါင်းစုံတို့တွင် အကျိုးရှိစွာအသုံးချနိုင်မည့် အသိပညာ ပေးထားမှုများကို ပြကွက်တစ်ခုချင်းစီအလိုက် စိတ်ဝင်စားဖွယ်ပြသထားသည်။ မြန်မာနိုင်ငံတွင် နျူကလီးယား နည်းပညာဖွံ့ဖြိုး တိုးတက်ရေးနှင့် နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ကူညီထောက်ပံ့ ပေးမှုများအတွက် ROSATOM အဖွဲ့အစည်းကို ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်အကြီးအကဲက ထုတ်ဖော်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် နျူကလီးယားနည်းပညာ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ၂၀၂၂ ခုနှစ် ဇူလိုင် ၁၁ ရက်တွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ROSATOM တို့အကြား နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်း ဆောင်ရွက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ရေးဆိုင်ရာ လေ့ကျင့်ရေးနှင့် ကျွမ်းကျင်မှု အရည်အသွေး ဖွံ့ဖြိုးတိုးတက်မှုတို့တွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထု၏ အပြုသဘောဆောင်သည့် သဘောထားအမြင်များ  ရရှိလာစေရေးအတွက် နားလည်မှုစာချွန်လွှာနှစ်စောင်ကို လက်မှတ်ရေးထိုးခဲ့သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏  ပထမဦး ဆုံးသော နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို တည်ဆောက်နိုင်ရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် သွားရောက်ခဲ့သည့်ခရီးစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း  ROSATOM State Corporations မှတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပြီး သဘောတူညီမှုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ National Research Nuclear University MEPHI တက္ကသိုလ်မှ ကိုယ်စားလှယ် အဖွဲ့အနေဖြင့် ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးမြို့တို့ရှိ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အဓိက နည်းပညာတက္ကသိုလ်များသို့ လာရောက်လေ့လာပြီး MEPHI တက္ကသိုလ်၌ သင်ကြားနိုင်သည့်ဘာသာရပ်များ၊ ပညာသင် လျှောက်ထားနိုင်မှုများ၊ ချိတ်ဆက်ဆောင်ရွက်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများကို တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ထိုသို့ ဆွေးနွေးခဲ့သည့် အတွက် နျူကလီးယား စွမ်းအင်အသုံးချရေးနယ်ပယ်တွင်လူ့စွမ်းအားအရင်းအမြစ်များကို ပြုစုပျိုးထောင်ရာတွင် တစ်တပ်တစ်အား ဖြစ်စေခဲ့သည်။ ROSATOM နှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့် မိမိတို့မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကဏ္ဍပေါင်းစုံအတွက် ပထမခြေ လှမ်းကို  ကြိုဆိုပါကြောင်း  ရေးသားလိုက်ရပေသည်။   ။