ဌာပနာတော်ကုသိုလ်ရှင်များ၏ မြတ်ဒါန

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်)

ဌာပနာတော်ကုသိုလ်ရှင်များ၏ မြတ်ဒါန

မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမှူးပြုသည့် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင် များလှူဒါန်းထားရှိသော ဌာပနာတော်များ သွင်းလှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်ကြောင်းသတင်းကို ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်း ရုပ်မြင်သံကြားသတင်းများတွင် ထင်ထင်ရှားရှား တွေ့မြင်လိုက်ရသည်။ နိုင်ငံတော်အကြီးအကဲက မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ  ရှင်းလင်းဆောင်၌ ပါဠိ ဆရာတော်ကြီး အမှူးပြုသည့် သံဃာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူ ငွေများဆက်ကပ်လှူဒါန်းပါသည်။

ထို့နောက် ပါဠိဆရာတော်ကြီးအမှူးပြုသည့် သံဃာတော်များ၊ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဘုရားဒါယကာများက ရတနာရွှေသေတ္တာတော် များအတွင်းထည့်သွင်းထားသော နိုင်ငံတစ်ဝန်းလုံးရှိ (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ စေတနာရှင်အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် အဖိုးတန်ရတနာ ရွှေငွေကျောက်သံပတ္တမြားများ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများနှင့် ဌာပနာပစ္စည်းများကို ကြည့်ရှု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီးများထံ တင်ပြလျှောက်ထားပြီး ကြည်ညို သဒ္ဓါပွားများကြသည်။ ထို့နောက် ဌာပနာတော် သွင်းလှူပူဇော်ကြသည်။ ဤသည်မှာ ဝမ်းမြောက်ဝမ်းသာ ကြည်နူးဖွယ် ကောင်းလှသည့်မြင်ကွင်းကို တွေ့မြင်ကြရခြင်းဖြစ်သည်။

အဆိုပါ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနတွင် ဌာပနာတော်သွင်းလှူပူဇော်ခြင်းကို ဇန်နဝါရီ ၂၇ ရက်တွင် ပထမအကြိမ် လှူဒါန်းမှုပြုခဲ့ပြီး ဖြစ်သည်။ ထိုစဉ်က(၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ စေတနာရှင် အလှူရှင်များ စုပေါင်းလှူဒါန်းထားသည့် ရွှေထည် ၁၀၄ ကျပ်သား ၆ ပဲ ၃ ရွေး၊ ကျောက်မျက်ရတနာပါရွှေထည်ပစ္စည်း ၂၀၀ ကျပ်သား ၁ ပဲ ၁ ရွေး၊ ကျောက်မျိုးစုံ ၃ ကီလိုဂရမ်အပါအဝင် ဗုဒ္ဓမြတ်စွာဘုရား၏ ဇာတာတော်များ၊ နိုင်ငံတကာမှ ငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေကျောက်သံပတ္တမြားများကို ဌာပနာတော်သွင်းလှူပူဇော်ခဲ့သည်။ ဤမြင်ကွင်း သတင်းကိုလည်း ပြည်သူများ မြင်တွေ့ကြရပြီး ဖြစ်ပါသည်။

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ထားကိုးကွယ်ရန် ဆောင်ရွက် လျက်ရှိသည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရတနာပလ္လင်တော် ထက်အလယ်ဗဟိုဌာနများတွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အမှူးပြုသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တစ်ဝန်းလုံးမှ ဌာပနာတော်ကုသိုလ်ရှင်များ လှူဒါန်းထားသည့် ဌာပနာတော်များ သွင်းလှူပူဇော်ခြင်း မဟာ မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၁၀ ရက်နံနက်ပိုင်းတွင် အဆိုပါ ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်သည့် ရတနာပလ္လင်တော်ထက်၌ ကျင်းပပြုလုပ်ခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် အမျှပေးဝေခဲ့သည်။

ပထမအကြိမ်တွင် မလှူလိုက်ရသော ကုသိုလ်ရှင်များအတွက် ထပ်မံထည့်သွင်းလှူဒါန်းနိုင်ရန် အသိပေးနှိုးဆော်ခဲ့သည်။ နိုင်ငံ တစ်ဝန်းလုံးရှိ (၇)ရက်သား၊ သမီး၊ ဘုရားဒါယကာ၊ ဒါယိကာမများ၊ စေတနာရှင်အလှူရှင်များက နေပြည်တော်ကောင်စီ ပြည်ထောင်စု နယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးမှတာဝန်ရှိသူများထံသို့ လာရောက်လှူဒါန်းကြသည်။ လာရောက် လှူဒါန်းခဲ့ကြသည့် ရွှေထည် ၁၃၆၀ ကျပ်သား ၅ ဒသမ ၄ ရွေး၊ ကျောက်မျက်ရတနာပါ ရွှေထည်ပစ္စည်း ၁၆၈၄ ကျပ်သား ၁၅ ပဲ ၁ ဒသမ ၆ ရွေး၊ ကျောက်မျက်ရတနာပါ ငွေထည်ပစ္စည်း ၁၂၆ ပဲ ၅ ဒသမ ၁ ရွေး၊ ကျောက်မျိုးစုံ၊ ပုလဲမျိုးစုံအပါအဝင် နိုင်ငံတကာမှငွေဒင်္ဂါးပြားများ၊ အဖိုးတန်ရွှေငွေ ကျောက်သံပတ္တမြားများကို ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် အလယ်ဗဟိုဌာနများတွင် ဒုတိယအကြိမ် ဌာပနာတော်သွင်းလှူ ပူဇော်ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်းလုံးရှိ မိဘပြည်သူများအနေဖြင့် ရတနာရွှေငွေကျောက်သံပတ္တမြားသာမက ဘုရားကြီး ဘက်စုံ အလှူငွေများကို ထည့်ဝင်ခဲ့ကြသည်မှာ ငွေကျပ်သိန်းပေါင်း ၈၁၀၀ ကျော်ဖြစ်ကြောင်း သိရှိရသည်။ လူ့ဘဝလူဖြစ်လာခိုက်တွင် ကြုံတောင့်ကြုံခဲ လှူလိုက်ရသော မဟာကုသိုလ်ဖြစ်သည်။ ဤကုသိုလ်တော်မှာ ကမ္ဘာတည်သရွေ့ရှိနေမည့် ထာဝရကုသိုလ်ပင်ဖြစ်သည်။ “မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ထေရဝါဒဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပလျက်ရှိသည်ကို ကမ္ဘာကိုပြသရန်၊ တိုင်းပြည် အေးချမ်းသာယာမှု ရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအားပြည်တွင်း၊ ပြည်ပဘုရားဖူးများလာရောက်ခြင်းဖြင့် ဒေသတိုးတက်စည် ကားမှုကိုအထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအား အထောက်အကူဖြစ်စေရန်” ရည်သန်လျက် အလွန်တရာ မွန်မြတ်သန့်စင် ကောင်းမြတ်သော စေတနာဖြင့် တည်ထားခြင်းဖြစ်ပါကြောင်းရေးသား တင်ပြလိုက်ရပေသည်။    ။