ရွှင်လန်းချမ်းမြေ့ ချင်းအမျိုးသားနေ့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်)

ရွှင်လန်းချမ်းမြေ့ ချင်းအမျိုးသားနေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းစသည့် တိုင်းရင်းသား လူမျိုးအပေါင်း တို့သည် အေးအတူပူအမျှ နေထိုင်လျက်ရှိကြသည်။ တိုင်းရင်းသားအသီးသီးတို့တွင် သက်ဆိုင်ရာမျိုးနွယ်စုများအလိုက် အမျိုးသား နေ့များသတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်းကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်သည် (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ  ၂၀ ရက်တွင် ချင်းပြည်နယ်ဖလမ်းမြို့၌ လူထုညီလာခံ ကျင်းပပြီး တိုက်သူကြီးများ(စော်ဘွားများ)အုပ်ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြ သည်။ အုပ်ချုပ်ရေးစနစ်ဟောင်းမှ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်သို့ ပြောင်းလဲရန်ဆုံးဖြတ်ခဲ့သည့် ဖလမ်းမြို့လူထု ညီလာခံကျင်းပခဲ့ သည့် ဖေဖော်ဝါရီ ၂၀ ရက်ကို “ချင်းအမျိုးသားနေ့” အဖြစ် ၁၉၅၀  ပြည့်နှစ်အောက်တိုဘာ ၉ ရက်တွင် ရန်ကုန်မြို့၌ကျင်းပသည့် သတ္တမအကြိမ် ချင်းရေးရာကောင်စီညီလာခံကရွေးချယ်သတ်မှတ်အတည်ပြုခဲ့သည်။

ချင်းအမျိုးသားနေ့သည် ဘာသာစကား၊ ယဉ်ကျေးမှုသမိုင်းအစဉ်အလာနှင့် ရိုးရာဓလေ့ထုံးတမ်း အရတူညီသည့် ချင်းမျိုးနွယ်စုဝင် အားလုံးအတွက် သမိုင်းဝင်နေ့ထူးနေ့မြတ်ဖြစ်သည်။ ချင်းမျိုးနွယ်စုအားလုံးအတွက် လေးနက်သော အဓိပ္ပာယ်ရှိပြီး အနှစ်သာရ ပြည့်ဝသည့်နေ့လည်းဖြစ်သည်။ ချင်းပြည်နယ်တွင် မြောက်မှတောင်သို့ သွယ်တန်းနေသည့်တောင်တန်းများ၊ ရှားပါးအပင်များ ပေါက်ရောက်ပြီး ရှားပါးသတ္တဝါများခိုအောင်းရာ ခေါ်နူးစုမ်တောင်၊ လှပသည့်ရိဒ်ရေကန်၊ ကုလားတန်မြစ်၊ မဏိပူရ်မြစ်၊ ဘွေနူးမြစ်၊  ဘုံတလာရေတံခွန်စသည့် လှပသည့် သဘာဝအရင်းအမြစ်များ တည်ရှိသည်။ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုများပြားစွာ လာရောက်ကြမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူတို့၏ လူမှုစီးပွားဘဝလုံခြုံရေးအတွက် ပြည်ထောင်စု တစ်ဝန်းလုံး တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင် လျက်ရှိသည်။ ထို့ပြင် တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်စေရန် ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်ဝန်းလုံး တစ်ပြေးညီဖွံ့ဖြိုး တိုးတက်စေရေး ဆောင်ရွက်လျက်ရှိရာတွင် ချင်းပြည်နယ် အနှံ့အပြားတွင် မဟာဓာတ်အား လိုင်းမှလျှပ်စစ်မီးရရှိရေး၊ ဖလမ်းမြို့တွင် ချင်းပြည်နယ်၏ ပထမဆုံးလေယာဉ်ကွင်း တည်ဆောက်ခြင်း၊ ပလက်ဝမြို့တွင် ကုလားတန်မြစ်ဝှမ်းဖွံ့ဖြိုးရေး စီမံကိန်းများကို ဆောင်ရွက်ခြင်းများ လုပ်ဆောင်ပေးလျက် ရှိသည်။

ချင်းပြည်နယ်သည် တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အတွက် ချင်းတောင်တန်း များအပေါ်တွင် ဆက်သွယ် သွားလာရေးအဆင်ပြေစေရန် နိုင်ငံတော်အစိုးရအနေဖြင့် လမ်းများအသစ်ဖောက်လုပ်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိသည်။ ထို့အတူ ချင်းပြည်နယ်အတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပေးခြင်း၊ အဆင့်တိုးမြှင့်ပေးခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများ ပြုပြင်ပေးခြင်းနှင့် ဆရာ၊ ဆရာမများ တိုးချဲ့ခန့်ထားပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုဆေးရုံ၊ ဆေးခန်းများ တိုးချဲ့ဖွင့်လှစ်ပေးခြင်းနှင့် ဆရာဝန်လိုအပ်မှု ဖြည့်ဆည်းပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲပြီး ဝေးလံခေါင်ဖျားဒေသများတွင် တပ်မတော်မှဆရာဝန်များက စေတနာဖြင့် ကူညီဆောင်ရွက်ပေးခြင်းများ ဖြည့်ဆည်းပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၁၂)ရပ်တွင် “တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်း အစဉ်အလာ များကို လေးစားလိုက်နာပြီး အမျိုးသားရေး စိတ်ဓာတ်ကိုအခြေခံသည့် ကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေး စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး” ဟူသောအချက်ပါဝင်သည်။ ထိုဦးတည်ချက်အတိုင်း တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ ထုံးတမ်းအစဉ် အလာများ၊ ယဉ်ကျေးမှုရိုးရာဓလေ့ပွဲတော်များ၊ ဘာသာစကား၊ စာပေနှင့် တိုင်းရင်းသား အခွင့်အရေးများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်မှန်းချက်ထားဆောင်ရွက်ကြရမည်ဖြစ်သည်။

ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှုဓလေ့ထုံးတမ်းနှင့်ဘာသာ၊ စာပေတို့သည် ပြည်ထောင်စု ၏ပဒေသာစုံ အလှတရားများဖြစ်သည်။ ချင်းတိုင်းရင်းသားမျိုးနွယ်စုများအနေဖြင့်လည်း မိမိတို့၏ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအစဉ်အလာများ ဖွံ့ဖြိုးတိုးတက်ပြီး မိမိတို့၏ရိုးရာယဉ်ကျေးမှုများ တည်တံ့ခိုင်မြဲရေးအတွက် နိုင်ငံတော်အစိုးရနှင့် လက်တွဲကြိုးပမ်းကြရန်လိုအပ်ပါသည်။ အစဉ်အလာကြီးမားပြီး ချင်းလူမျိုးများ တစ်လုံးတစ်ဝတည်း စုစည်းစေခဲ့သော အောက်ချင်း ငှက်ပမာသစ္စာရှိမှု၊ ပွင့်လင်းမှု၊ အမှန်တရားကိုချစ်မြတ်နိုးမှုများသည် ချင်းတိုင်းရင်းသားများ၏ ဓလေ့စရိုက်ကောင်းများဖြစ်သည်။ ထိုဓလေ့စရိုက်ကောင်းများဖြင့် မိမိတို့ဒေသနှင့်နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့တွင် ချင်းမျိုးနွယ်စုအားလုံးအစဉ်ချမ်းမြေ့ပါစေကြောင်း ဆုမွန်တောင်း ရေးသားလိုက်ရပေ သည်။    ။