သောကကင်းကွာ စိတ်ချမ်းသာ နှလုံးသားမှာ ဘုရားတည်

အယ်ဒီတာ့ အာဘော် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်နေရာ အနှံ့အပြားတွင် ဘုရားပုထိုးစေတီများမှာ  လက်ညှိုးထိုး မလွဲအောင် များပြား လှသည်။ ကမ္ဘာတွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးနိုင်ငံအဖြစ် ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ဘုရားတစ်ဆူ တည်လျှင် ကုသိုလ်အနန္တရသည်ဟူ၍ယုံကြည်ကြသည်။ ရှေးခေတ် အဆက်ဆက်က တည်ထား ကိုးကွယ်ခဲ့သော ရှေးဟောင်းစေတီ၊  ဘုရားများရှိသကဲ့သို့ပင်  ယခုမျက်မှောက်ကာလတွင်လည်း  အသစ် အသစ်များ တည်ထား ကိုးကွယ်ကြသော စေတီ၊ ဘုရားများမှာ အဆူဆူပင်ဖြစ်ပေသည်။ ဘုရားပုထိုးစေတီများတည်ထား ကိုးကွယ်ခြင်းကို  ဘုရားရှင်ကိုယ်တော်တိုင် ခွင့်ပြုထားသည့်အတွက် ဗုဒ္ဓဘာ သာဝင် တိုင်းက ဘုရားဒကာ၊ ဘုရားဒကာမအမည်ခံယူလိုကြသည်။ ဘုရားတစ်ဆူတည်ဖို့အရေးသည် ကုသိုလ်စိတ် ရှိရုံဖြင့်အထမြောက်နိုင်သည် မဟုတ်သေး။ မြေနှင့်ငွေရှိဖို့လည်း လိုအပ်လှပေသေးသည်။ ထိုသို့ သော အခက်အခဲများကြောင့် လူတိုင်း ဘုရားဒကာ မဖြစ်ကြပါ။ ဘုရား တည်ချင်လျက်နှင့် မတည်နိုင်သည်မျိုး  ဖြစ်ကြရသည်။ အကယ်၍မြေလည်းမလို၊ ငွေလည်းမလိုဘဲ ဘုရားတစ်ဆူ အလွယ်တကူ တည်ခွင့်ရမည်ဆိုလျှင်  လူတိုင်းဝမ်းသာကြပေလိမ့်မည်။ တိပိဋကဓရ ယောဆရာတော်က   လူတိုင်းဘုရားတည်နည်းဓမ္မပုံပြင်ကို  ဟောကြားတော်မူသည်။ တစ်ခါတုန်းက မြို့ငယ်တစ်ခုတွင် ဖိုးထိန်ဆိုသူ တစ်ယောက်ရှိသည်။ သူက လူချမ်းသာတစ်ယောက်မဟုတ် သော် လည်း ဘုရားတည်ချင် စိတ်ရှိနေသည်။ ထို့ကြောင့် ဘုရားတည်ရန်ဟူသော အတိတ်နှင့် ထီထိုးထားသည်။ ထီတစ်သိန်း ဆုပေါက်သည်။  ထီပေါက်သည့်အခါ သူရည်ရွယ်ချက်ရှိသည့်အတိုင်း ဘုရားတည်ရန်  စီစဉ် ဆောင်ရွက် သည်။ ငွေကျပ်ငါးသောင်းနှင့် မြေတစ်ကွက် ဝယ်လိုက်သည်။ ကျန်သည့်ငါးသောင်းဖြင့် မတည်ပြီး ဘုရားတည်ရန် စီမံထားသည်။ ဘုရားတည်ရန်ပြင်ဆင်နေဆဲမှာပင် သူဝယ်ထားသည့်မြေကွက်က အရှုပ်အရှင်းဖြစ်လာသည်။ သူဝယ်ပြီးခါမှ မြေပိုင်ရှင် အစစ် ကပေါ်လာသဖြင့်  အမှုရင်ဆိုင်ရသည်။ ဖိုးထိန်တစ်ယောက် အလွန်ပင် အလုပ်ရှုပ်သွားသည်။ အမှုဖြစ်လိုက်သည့်အတွက် ဘုရားတည်ရန် စီမံထားသည့် ငွေကျပ်ငါးသောင်းပါကုန် သွားခဲ့သည်။ ထီပေါက်သော ငွေကျပ်တစ်သိန်းက တစ်ပြားမှ မကျန်သည့်အပြင်  နောက်ထပ်  ငွေသုံး၊ လေးသောင်းပါ အဆစ်ကုန်သွားသည်။ စိတ်အလွန် ရှုပ်သွားပြီး သူ့အဖြစ်ကိုသူ ပြန်စဉ်းစားကြည့်သည်။ ''သြော်..ငါ့နှယ် ဘုရားတည်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ထီထိုးတာ၊ ကံပေးလို့ ထီပေါက်ပါတယ်၊ ထီပေါက်ပြန်တော့လည်း တည်မလို့လုပ်တုန်းရှိသေးတယ်။ အမှုတွေရှုပ်၊ အလုပ်တွေရှုပ်နဲ့  တကယ်ပဲစိတ်ညစ်ဖို့ ကောင်းလှပါကလား''ဟု တွေးပြီး   စိတ်ဆင်းရဲခြင်း များစွာဖြစ်နေသည်။ ဘာလုပ်ရရင် ကောင်းမလဲလို့ စဉ်းစား ကြည့်တော့ စိတ်အေးချမ်းသာမှုပေးနိုင်တဲ့ နေရာသွားမှဖြစ်မယ်တွေးမိပြီး မြို့ဦးဘုန်းကြီးကျောင်းသို့ သွားသည်။ ဆရာတော်ထံ ဘုရားတည်ရန်လုပ်ဆောင်ရင်း ငွေကုန်စိတ်ဆင်းရဲဖြစ်ရသည့်အကြောင်းလျှောက်ထားသည်။ ထိုအခါ ဆရာတော်က ''ဖိုးထိန် မင်းဘာဖြစ်လို့ဘုရားတည်ချင်တာလဲ''ဟု မေးသည်။ ဖိုးထိန်က ''ကုသိုလ်  လိုချင်လို့ဘုရား''ဟု လျှောက်ထားသည်။ ကုသိုလ်လိုချင်လို့ ဘုရားတည်လျှင် မြေလည်းမလို၊ ငွေလည်းမလို ကြောင်း  ဆရာတော်ကမိန့်ကြားသည်။ လူတိုင်းမှာ နှလုံးသားမြေကြီးရှိသည်။ ကိုယ်ပိုင်နှလုံးသားမြေကြီးကို ရှင်းထားပြီး မိမိမှာရှိသော ယုံကြည်မှု သဒ္ဓါတရားနှင့် စွမ်းအားကိုသိမြင်သော ဉာဏ်ပညာ၊ အာရုံကိုပုံဖော် ထိန်းသိမ်းနိုင်သော သတိထားရှိကာ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ အစချီကာ  ဘုရားဂုဏ်တော် များပွားများခြင်းသည်  ဘုရားတည်ရန် အစပျိုးခြင်းဖြစ်သည်။  ဘုရားဂုဏ်တော်(၉)ပါး၊  တရားဂုဏ် တော်(၆)ပါး၊ သံဃာဂုဏ်တော်(၉)ပါး စသည်ဖြင့် ရတနာမြတ်သုံးပါးကိုအာရုံပြုကာ စိတ်နှလုံးထဲ ထည့်ထားမည်ဆိုပါက နှလုံးသားတွင် ဘုရားတည်ခြင်းဖြစ်သည်။ ဦးဖိုးထိန်မှာ  ဆရာတော်မိန့်ကြားသည့် အတိုင်း မိမိ နှလုံးသားထဲမှာ တကယ့်သက်တော် ထင်ရှားဘုရား အစစ် ကြွရောက်သီတင်းသုံးနေသလို လေးလေးနက်နက် အာရုံပြုတတ်လာသည်။ စီးပွားရေး၊ လူမှုရေးများ အဆင်ပြေ လာပြီး ပတ်ဝန်းကျင်ကပါလေးစားလာသည်။ လက်တွေ့နှလုံးသားမှာ ဘုရားတည်၊ ပတ်ဝန်းကျင် အပေါ် မေတ္တာရှေ့ထားပြီး ဆောင်ရွက်လာမှုကြောင့် ယခင်ကမြေအမှုလုပ်သူကပင် ဦးဖိုးထိန်ထံ တောင်းပန် စကားပြော လာသည်။ မြေကွက်ပြန်ပေးသည်။ ယခုအခါမှာတော့ ဦးဖိုးထိန်မှာ မြေမလိုတော့ဘဲ နှလုံးသားမှာ ဘုရားတည်ပြီးဖြစ်နေသောကြောင့် ကိုယ်စိတ်နှစ်ဖြာကြည်သာ ချမ်းမြေ့လျက်ရှိနေပြီဖြစ်သည်။ မည်သူမဆို  ဘုရားဂုဏ်ကို စိတ်နှလုံး၌ စူးစူးစိုက်စိုက် လေးလေးနက်နက်ထားကာ အာရုံယူနေသူသည် နှလုံးသားဝယ် ဘုရား တည်နေသူဖြစ်သည်။ မြေပေါ်၊ ကျောင်းပေါ်၊ အိမ်ပေါ်၌တည်ထားသောဘုရားကို မိမိတို့၏ခံတွင်းထဲမှ တစ်ဆင့် အထူး အားဖြင့် စိတ်နှလုံးအတွင်းထိရောက်အောင် တည်ထားတတ်ရမည်ဖြစ်ကြောင်းနှင့် နှလုံးသား ဝယ်ဘုရား တည်နေလျှင်  အကောင်းဆုံးအဆောင်ကိုဆောင်ထားသူဖြစ်၍  ဘေးရန်ကင်းကွာ ကိုယ်စိတ်နှစ်ဖြာ ကြည်သာ ချမ်းမြေ့ကြမှာဖြစ်ကြောင်း ရေးသားတင်ပြ လိုက်ရပေသည်။      ။