တရားထူး တရားဦး ဟောကျူးမိန့်လာ ဓမ္မစကြာ

ဓမ္မစကြာတရားတော်သည် မြတ်ဗုဒ္ဓ၏သာသနာတွင်တရားဦးဖြစ်၍ တရားထူးလည်းဖြစ်သည်။ ဗုဒ္ဓ မြတ်စွာသည် မဟာသက္ကရာဇ် ၁ဝ၃ ခုနှစ် ကဆုန်လပြည့်နေ့တွင် ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပြီးနောက်နှစ်လပြည့် မြောက်သည့် ဝါဆိုလပြည့် စနေနေ့တွင် ဓမ္မစကြာတရားတော်ကိုဟောကြားတော်မူခဲ့သည်။ ဓမ္မသဘင်ဆင်ယင် ကျင်းပသည့်နေရာမှာ ဗာရာဏသီမြို့အနီး ဣသိပတနအမည်ရသော မိဂဒါဝုန်တောဖြစ်ပြီး တစ်သောင်းသော စကြဝဠာလောကဓာတ်မှ မရေမတွက်နိုင်သောနတ်ဗြဟ္မာများနှင့် လူသားထဲမှ ပဉ္စဝဂ္ဂီငါးဦးတို့ တရားနာ ယူကြသည်။ ဓမ္မစကြာတရားတော်သည် ဗုဒ္ဓသာသနာတော်တွင် ဓမ္မပန္နက်ချမှတ်စိုက်ထူသည့်တရားတော်လည်း ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည်ဓမ္မစကြာတရားကိုဟောကြားတော်မူခြင်းဖြင့် မိမိ၏ဝါဒလမ်းစဉ်ကိုထုတ်ဖော် ကြေညာ လိုက်ခြင်းပင်ဖြစ်သည်။ ဗုဒ္ဓ၏ဝါဒလမ်းစဉ်မှာ အစွန်းနှစ်ပါးဝါဒလမ်းစဉ်ကိုရှောင်ရှားသည့် အလယ်အလတ် လမ်းစဉ်ခေါ် မဇ္ဈိမပဋိပဒါလမ်းစဉ်ဖြစ်သည်။ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုသည်မှာ မဂ္ဂင်ရှစ်ပါး အကျင့်မြတ်တရား လမ်းစဉ်ဖြစ်သည်။   ဓမ္မစကြာတရားတော်တွင် ကာမဂုဏ်လိုက်စားသည့် ကာမသုခလ္လိကာနုယောဂလမ်းစဉ်ကို လက်ယာ လမ်းစဉ်အဖြစ်ဖြင့်လည်းကောင်း၊ ခန္ဓာကိုယ်ကိုညှဉ်းဆဲသည့် အတ္တကိလမထာနုယောဂလမ်းစဉ်ကို လက်ဝဲ လမ်းစဉ်အဖြစ်ဖြင့်လည်းကောင်းခံယူကာ ရှောင်ရှားရမည့်လမ်းစဉ်များအဖြစ်သတ်မှတ်ထားသည်။ ထိုဝါဒ လမ်းစဉ်နှစ်မျိုးမှလွတ်သော မဂ္ဂင်ရှစ်ပါးကိုကျင့်သုံးသည့် အလယ်အလတ်မဇ္ဈိမပဋိပဒါလမ်းစဉ်ကိုလက်ကိုင်ပြု ရမည့်လမ်းစဉ်အဖြစ်သတ်မှတ်ထားသည်။ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုသည်မှာ သစ္စာလေးပါးမြတ်တရားကို သိ၊ ပယ်၊ ဆိုက်၊ ပွားအဆင့်ရောက်အောင် မဂ္ဂင်ရှစ်ပါးအကျင့်မြတ်တရားဖြင့် အဆင့်ဆင့်ကျင့်ကြံပွားများအား ထုတ်ခြင်းပင်ဖြစ်သည်။ ထိုသို့ကျင့်ကြံပွားများအားထုတ်ခြင်းဖြင့် ဘာသာရေးခံယူချက်ခိုင်မာလာမည့်အပြင် ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာ နိဗ္ဗာန်မျက်မှောက်ပြုနိုင်သည်အထိ အဆုံးစွန်သောကောင်းကျိုးချမ်းသာကို ရရှိမည် ဖြစ်သည်။ တရားသဘောမှာ သမ္မာဒိဋ္ဌိ- မှန်မှန်ကန်ကန်သိမြင်ခြင်း၊ သမ္မာသင်္ကပ္ပ- မှန်မှန်ကန်ကန် ကြံစည်စဉ်းစားခြင်း၊ သမ္မာဝါစာ-မှန်မှန်ကန်ကန်ပြောဆိုခြင်း၊ သမ္မာကမ္မန္တ-မှန်မှန်ကန်ကန်ပြုမူခြင်း၊ သမ္မာအာဇီဝ- မှန်မှန်ကန်ကန်အသက်မွေးခြင်း၊ သမ္မာဝါယာမ-မှန်မှန်ကန်ကန်အားထုတ်ခြင်း၊ သမ္မာသတိ- မှန်မှန်ကန်ကန် အမှတ်ရခြင်း၊ သမ္မာသမာဓိ- မှန်မှန်ကန်ကန်တည်ကြည်ခြင်းတို့ဖြစ်သည်။ ဗုဒ္ဓမြတ်စွာသည် ဓမ္မစကြာတရားတော်တွင် အရေးပါသောသစ္စာလေးပါးတရားတော်ကို ဆက်လက် ဟောတော် မူသည်။ သစ္စာလေးပါးတရားတော်သည် ဗုဒ္ဓဘာသာဝင်တိုင်း မသိမဖြစ်အမှန်တကယ်သိရမည့် တရားတော် ဖြစ်သည်။ သစ္စာလေးပါးတရားတော်ကိုမသိဘဲ နိဗ္ဗာန်မျက်မှောက်ပြုရိုးထုံးစံမရှိပေ။ ဗုဒ္ဓမြတ်စွာဟောကြားသည့် တရားတော်တိုင်းမှာလည်း  သစ္စာလေးပါးဦးတည်ချက်ထားသည်ချည်းဖြစ်သည်။ သစ္စာလေးပါးတရားသဘောမှာ  ဒုက္ခသစ္စာ- ဆင်းရဲအစစ်အမှန်တရား၊ သမုဒယသစ္စာ- ဆင်းရဲဖြစ်ကြောင်းအစစ်အမှန်တရား၊ နိရောဓသစ္စာ- ဆင်းရဲငြိမ်းရာအစစ်အမှန်တရား၊ မဂ္ဂသစ္စာ- ဆင်းရဲငြိမ်းရာရောက်ကြောင်း၊ အကျင့်လမ်းကောင်း အစစ်အမှန် တရားတို့ဖြစ်သည်။ ဗုဒ္ဓလောင်းလျာသည်  ဘုရားမဖြစ်မီက လေးအသင်္ချေနှင့်ကမ္ဘာတစ်သိန်း ပါရမီတော် ဖြည့်ကျင့်ခဲ့ရသည်။ ဘုရားဖြစ်လာသောအခါတွင်လည်း ၄၅ ဝါကာလပတ်လုံး လူနတ်ဗြဟ္မာသတ္တဝါတို့၏ ကောင်းကျိုးအတွက် တရားဟောရသည်။ ဓမ္မစကြာဒေသနာတော်သည် ဘုရားရှင်၏အဦးဆုံးတရားဖြစ်သည်။ ဓမ္မစကြာတရားဟောတော်မူခြင်းကို လယ်တီဆရာတော်ကြီးကစာပန်းချီဖွဲ့ဆိုထားသည်မှာ ''ဘုရားဖြစ်ခါ၊ မိဂဒါသို့၊ စကြာရွှေဖွား၊ ဖြန့်ချိသွား၍၊ ငါးပါးဝဂ္ဂီ၊ စုံအညီနှင့်၊ မဟီတစ်သောင်း၊ တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား၊  ဝါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေကြွေလျှံတက်၊ ဓမ္မစက်ကို၊ မိန့်မြွက်ထွေပြား၊ ဟောဖော်ကြားသည်၊ တရားနတ်စည်ရွမ်းတယ်ကို '' ဟူ၍ဖြစ်ပေသည်။ ဓမ္မစကြာတရားတော်သည် ဗုဒ္ဓဘာသာဝင်တိုင်း အမှန်တကယ်လေ့လာသင့်သည့်တရားတော် ဖြစ်သည်။ မြတ်စွာဘုရားသည် သစ္စာလေးပါးမြတ်တရားကို  ပိုင်းခြားထင်ထင်တကယ်သိမြင်ပြီဖြစ်၍ ဘုရားဖြစ်ကြောင်း ဝန်ခံမိန့်တော်မူသည်။   ဗုဒ္ဓမြတ်စွာ၏ အရဟတ္တမဂ်Óဏ်တော်သည် အခြားအခြားရဟန္တာအရှင်မြတ်များ၏ အရဟတ္တမဂ်Óဏ်တော်ထက်သာလွန်မြင့်မြတ်၏။ အသာလွန်ဆုံး၊ အမြင့်မြတ်ဆုံးဖြစ်၏။ ထိုမဂ်ဉာဏ်ကို ရတော်မူသည်နှင့်တစ်ပြိုင်နက် သိဖွယ်မှန်သမျှမကျန်ရအောင် အလုံးစုံကိုအကုန်အစင်သိမြင်တော်မူသော သဗ္ဗညုတဉာဏ်တော်ကြီးကို ပါရရှိပိုင်ဆိုင်ပြီးဖြစ်သွားသည်။ ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းအနေဖြင့်  ဝါဆိုလပြည့်နေ့သည် ဝါတွင်းကာလသို့စတင်ရောက်ရှိသည့်နေ့ဖြစ်သည့်အတွက် လောကီလောကုတ္တရာ နှစ်ဖြာကောင်းကျိုး သယ်ပိုးဆောင်ရွက်အောင်မြင်နိုင်ကြပါစေကြောင်း ဆုတောင်းလိုက်ရပေသည်။