တပ်မတော်အင်အား ပြည်ထွန်းကား

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၇ ရက်)

တပ်မတော်အင်အား ပြည်ထွန်းကား

အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့လို စွမ်းရည်ရှိသောရှင်ဘုရင်များ လက်ထက်တွင် အင်အားတောင့်တင်းသော တပ်မတော်အားကျောရိုးပြုလျက် မြန်မာ့ရွှေခေတ်ကို တည်ထောင်နိုင်ခဲ့သော်လည်း စွမ်းရည်နိမ့်ပါးသော ဘုရင်များလက်ထက်တွင် တိုင်းပြည်သည်လည်း အစိတ်စိတ်အမြွှာမြွှာဖြစ်ကာ နောက်ဆုံး၌ တိုင်းတစ်ပါးလက်အောက် လျှောကျသက်ဆင်းခဲ့ရသည်။ နှစ်ပေါင်းရာချီ၍ နယ်ချဲ့လက်အောက်နေခဲ့ရခြင်း၊  နယ်ချဲ့တို့၏ လူထုဆက်သွယ်ရေးနည်းလမ်းများ အလွှမ်းမိုးခံရခြင်း၊ စိတ်ဓာတ် စစ်ဆင်ရေးအဖြစ် မြန်မာ့သမိုင်းကို နှိမ့်ချရေးသားခြင်းများကြောင့် မျိုးချစ်စိတ်ဓာတ်များလျော့နည်းခဲ့ရသည်။

ကိုလိုနီခေတ်တွင် မျိုးချစ်စိတ်ရှိသူဆရာတော်၊ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များပေါ်ထွန်းလာခြင်းကြောင့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်း၌ တပ်မတော်တစ်ရပ် ပိုင်ဆိုင်လာခဲ့သည်။ တိုင်းပြည်တစ်ပြည် ငြိမ်းချမ်းသာယာမှု၊ စည်ပင်ဝဖြိုးမှုနှင့် ဂုဏ်သိက္ခာ မြင့်မားမှု တို့အတွက် ခေတ်အဆက်ဆက်၌ နိုင်ငံသားတို့ရုန်းကန်လှုပ်ရှားခဲ့ကြသည်။ အထူးသဖြင့် မြန်မာ့နိုင်ငံရေးတွင် တပ်မတော်က ဦးဆောင် ပါဝင်ခဲ့ရသော  အခန်းကဏ္ဍများကို မေ့ပျောက်ထား၍မရပေ။

ရှေးခေတ်က အနော်ရထာ၊ ဘုရင့်နောင်၊ အလောင်းမင်းတရားတို့သည် ကိုယ်တိုင်က တိုက်ပွဲကိုဦးဆောင်သောရှင်ဘုရင်များဖြစ်သလို တောင့်တင်းခိုင်မာသော တပ်မတော်ကျောထောက်နောက်ခံဖြင့် တိုင်းပြည်ကို စည်းရုံးနိုင်ခဲ့ခြင်းဖြစ်သကဲ့သို့ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး တောင်းဆိုမှုတွင်လည်း ဖက်ဆစ်တော်လှန်ရေးကာလ၌ မြန်မာ့တပ်မတော်၏ စွမ်းရည်ကို အလေးထားခဲ့သောကြောင့် ဗြိတိသျှနယ်ချဲ့ထံမှ မြန်မာ့လွတ်လပ်ရေးကို ပြန်လည်ရယူပေးနိုင်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်သည် နိုင်ငံတော်အတွက် ဖြူစင်သောနှလုံးသား၊ သန့်ရှင်းသောစေတနာဖြင့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသော အမျိုးသားရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင် လျက်ရှိသည်။ နိုင်ငံရေးဆိုသည်မှာ ကြက်ဥအရောင်တိမ်တောင်သဖွယ် မင်းရေးကျယ်သည်ဖြစ်ရာ  အဟန့်ကောင်းရန်လိုပေသည်။ လူသည်ကြောင်ကို မကြောက်သော်ငြား ကျားကိုမူကြောက်ရွံ့တတ်သည်။ အရှိန်အဟုန်အဟန့်ကောင်းလျှင် မိမိကလွှမ်းမိုးနိုင်သည်။ ယနေ့ကာလတိုင်းပြည်၏ ဦးဆောင်မှုအဝန်းအဝိုင်း၌ တပ်မတော်ကအနီးကပ်ရှိနေခြင်းဖြင့် အရှိန်အဝါလည်း ပို၍တောက်ပြောင် လာရုံမက ဘေးအန္တရာယ်ကိုလည်း အချိန်မီတားဆီးနိုင်သည်။

မြန်မာနိုင်ငံသည် နိုင်ငံရေးပထဝီအနေအထားအရ အရေးပါသောနေရာတွင် တည်ရှိနေခြင်းကြောင့် နိုင်ငံ၏လွတ်လပ်ရေး အချုပ်အခြာအာဏာကို  ခိုင်မာစွာစောင့်ထိန်းနိုင်သည့်တပ်မတော်တစ်ရပ် စဉ်ဆက်မပြတ်ရှိနေရမည်ဖြစ်သည်။ ကျေးဇူးတော်ရှင် အမရပူရမဟာဂန္ဓာရုံကျောင်းတိုက်ဆရာတော် အရှင်ဇနကာ ဘိဝံသက “လွတ်လပ်ရေးရလျှင် အဘယ်ဌာနသည်နိုင်ငံတော်အတွက် လိုရင်းပဓာနဖြစ်သနည်းဟု ပြဿနာ တစ်ရပ်ကို စဉ်းစားခဲ့သည်။ ထိုအခါ စစ်တပ်နှင့်သာသနာတော်သည် နိုင်ငံတော်အတွက် လိုရင်း ပဓာနဖြစ်၏ဟု ဆရာတော်၏စိတ်မှာ အဖြေတွေ့လာပါသည်” ဟူ၍ မိန့်ကြားတော်မူခဲ့သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလမှ ယနေ့တိုင် ဖြစ်စဉ်ဖြစ်ရပ်များကို ပြန်ပြောင်းလေ့လာလျှင် တပ်မတော်တစ်ရပ်ခိုင်မာစွာ တည်ရှိနေခြင်းကြောင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟူသောအမည်ကို ခံ့ညားစွာတည်နေခြင်းဖြစ်သည်။ လူသားတို့ဘဝ တွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ပိုင်းခြားသတ်မှတ်ထားရာ အတိတ်သည် ကျန်ခဲ့ပြီဖြစ်သည်။ အရေးကြီးသည်မှာ ပစ္စုပ္ပန်ကာလ ဖြစ်သည်။ ပစ္စုပ္ပန်တွင် အကောင်းဆုံးစွမ်းဆောင်မှုပြုနိုင်ကြမှသာ အနာဂတ်ကာလသည် ဖြောင့်ဖြူးနေမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ ဖြစ်စဉ်မှန်သမျှတွင် တပ်မတော်၏အင်အားကြီးမားခြင်း၊ စွမ်းရည်ရှိခြင်းတို့အပေါ် မူတည်လျက်ရှိသည်။ လွတ်လပ်ရေး ရပြီးမကြာမီတွင် ပြည်တွင်းသောင်းကျန်းမှု စစ်မီးကြီးပေါ်လာပြီး ရန်ကုန်အစိုးရဟူ၍ လှောင်ပြောင်ခေါ်ခံခဲ့ရသည်။ တပ်မတော် အနေဖြင့် အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးများကို အသက်သွေးချွေးမြောက်မြားစွာပေးဆပ်ပြီး တိုင်းပြည်အေးချမ်းအောင် ဆောင်ရွက် ပေးနိုင်ခဲ့သည်။ ၁၉၅၀ ပြည့်နှစ်မှ ၁၉၆၁ ခုနှစ်အထိ တရုတ်ဖြူကူမင်တန်များ၏ကျူးကျော်မှုကို မဲခေါင် စစ်ဆင်ရေးကြီး အပါအဝင် စစ်ဆင်ရေးကြီးအကြိမ် ၃၀ နှင့်စစ်ဆင်ရေးငယ်များစွာဆင်နွှဲပြီး နိုင်ငံတော်ကို ပြည်ပကျူးကျော်မှု အန္တရာယ်မှ ကာကွယ် စောင့်ရှောက်ပေးခဲ့သည်မှာ ထင်ရှားသောသမိုင်းဖြစ်သည်။

ထို့ပြင် တပ်မတော်အနေဖြင့် ၁၉၅၈ ခုနှစ် နိုင်ငံရေးအကျပ်အတည်း၊ ၁၉၆၂ ခုနှစ် ပြည်ထောင်စုပြိုကွဲမည့်အန္တရာယ်၊ ၁၉၈၈ ခုနှစ် ဆူပူမှုအရေးအခင်းနှင့် အုပ်ချုပ်ရေးယန္တရားပျက်ပြားမှု စသည့်နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားသည့် အရေးကိစ္စများနှင့် ကြုံတွေ့ချိန်များတွင် တပ်မတော်သည်မှန်ကန်သည့်ရပ်တည်ချက်၊ အမျိုးသားရေးခံယူချက်များနှင့်အတူ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်ပေးခဲ့သည်။ တပ်မတော်၏ အင်အားခိုင်မာကျစ်လျစ်မှုသည် တိုင်းပြည်ကောင်းကျိုးကို ဖြစ်ထွန်းစေခဲ့သည်။

မျက်မှောက်ကာလတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့မှာ နိုင်ငံတစ်နိုင်ငံကို သမားရိုးကျနည်းဖြစ်သည့်စစ်ရေးနည်းတစ်ခုတည်းဖြင့် ကျူးကျော်သိမ်းပိုက်ခြင်းမျိုးမဟုတ်တော့ဘဲ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘောတရားရေး၊ ဝါဒဖြန့်ချိရေး၊ သံတမန်ရေး အစရှိသည့် နည်းလမ်းများဖြင့်ကျူးကျော်နေသည်ကို ထင်ရှားစွာတွေ့မြင်နေရသည်။ ထို့ကြောင့် တပ်မတော်ကိုကဏ္ဍစုံတွင် အင်အားရှိအောင် ကြိုးပမ်းဆောင်ရွက်နေသည်မှာ တိုင်းပြည်ထွန်းကားရေးအတွက်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။     ။