တောင်သူလယ်သမား ပြည့်အင်အား

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၂ ရက်)

တောင်သူလယ်သမား ပြည့်အင်အား

မြန်မာနိုင်ငံ၏စီးပွားရေး ကုန်ထုတ်လုပ်ငန်းကြီးများအနက် လယ်ယာကဏ္ဍသည် အခြေခံအင်အားစုကြီးဖြစ်သည်။ စီးပွားရေး၊ လူမှုရေးကဏ္ဍများနှင့် အခြေခံကျစွာအထောက်အပံ့ပြုလျက်ရှိသည်မှာ လယ်ယာ စိုက်ပျိုးရေးကဏ္ဍဖြစ်သည်။ နိုင်ငံတော်၏ ရေမြေ သဘာဝအရင်းအမြစ်၊ လုပ်အား၊ ရင်းနှီးမြှုပ်နှံမှုနှင့်ဓန အင်အားများအရ မြန်မာနိုင်ငံအနေဖြင့် လယ်ယာစိုက်ပျိုးရေး နိုင်ငံ တစ်နိုင်ငံအဖြစ် ကာလကြာရှည်စွာကပင် အစဉ်တစိုက်ရပ်တည်လာခဲ့သည်။ ထို့ပြင်နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်(၁၂)ရပ်တွင် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရေးတွင် တောင်သူလယ်သမားတို့၏ လူမှုစီးပွားတိုးတက်ရေးလည်း ပါဝင်သည်။

မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး ပန်းတိုင်ရည်မှန်းချက်မှာ တစ်ဧကလျှင်တင်း ၁၀၀ ဖြစ်သည်။ မြန်မာ တစ်နိုင်ငံ လုံးတွင်ပျမ်းမျှအားဖြင့် တစ်ဧကလျှင် ၇၅ တင်းသာထွက်ရှိကြောင်း သိရှိရသည်။ အဆိုပါပျမ်းမျှ ၇၅ တင်းထက်ပိုမိုထွက်ရှိအောင် ပြုမူလုပ်ဆောင်နိုင်မည်ဆိုပါက အထွက်နှုန်းပိုမိုလာမည်ဖြစ်သည်။ စပါးတစ်ဧကတိုင်းတွင် စပါး ၅ တင်းပိုမိုထွက်ရှိအောင် လုပ်ဆောင်နိုင်မည်ဆိုလျှင် စပါးတင်းပေါင်း ၇၅ သန်းပိုမိုထွက်ရှိမည်ဖြစ်သည်။ စပါးစိုက်တောင်သူများအတွက် ဝယ်လိုအား တက်လာပြီး တိုင်းပြည်အတွက်လည်းဝင်ငွေပိုမိုရရှိမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး(၂/၂၀၂၃)တွင် “၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံစီးပွားရေးအကျပ်အတည်းများရှိခဲ့ကြောင်း၊ သို့သော်ကုန်ဈေးနှုန်းကြီးမြင့်မှုမှလွဲ၍ စားသောက်ကုန်များ ပြတ်လပ်မှုမရှိခဲ့ကြောင်း၊ အခြေခံလူတန်းစားများ၏ လူမှုစီးပွားဘဝကို မြှင့်တင်ပေးခြင်းဖြင့် တိုင်းပြည်သာယာဝပြောမှုကိုလည်း ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လူနည်းစု၏အကျိုးစီးပွားကို အားပေးခြင်းမဟုတ်ဘဲ လူအများစုဖြစ်သည့် ပြည်သူလူထု၏ အကျိုးစီးပွားအတွက် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း” ပြောကြား ခဲ့သည်။ ထိုပြောကြားချက်နှင့်အညီ ပြည်သူလူထု၏ ကောင်းကျိုးစီးပွားကို   အလေးထားဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်သည် ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းဖြင့် တိုင်းကျိုး ပြည်ပြုဆောင်ရွက်နေကြသူများ ဖြစ်ကြသည်။ လူတိုင်းသည်နေ့ စဉ်အစာစားသောက်ခြင်းဖြင့် အသက်ရှင်နေထိုင်ကြရသည်ဖြစ်ရာ ဆန်စပါးသည် လူသားတို့အတွက် မရှိမဖြစ်အရာဖြစ်သည်။ တောင်သူလယ်သမားဦးကြီးများ၏ ဆန်စပါးစိုက်ပျိုးပေးမှုကြောင့်  အခြားသော တိုင်းသူပြည်သားတို့ပါ စားရေရိက္ခာပြည့်ဝစွာနေထိုင်ကြရသည်။ ထို့ကြောင့် တောင်သူလယ်သမားတို့သည် ဆန်စား သုံးသူတိုင်းအတွက် ကျေးဇူးရှင်များဖြစ်ကြသည်။ ထိုကျေးဇူးရှင်များကို  အမှတ်တရဂုဏ်ပြုသောအားဖြင့်  နှစ်စဉ်မတ်လ ၂ ရက်နေ့ ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ်ကာ တရားဝင်ရုံးပိတ်ရက်ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံရှိတောင်သူ လယ်သမားဦးကြီးများ လူမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်အပိုင်းကပံ့ပိုးမှု ပြုနေသကဲ့သို့ တောင်သူ လယ်သမားများအပိုင်းကလည်း ဥစ္စာရင်လိုဥစ္စာရင်ခဲဆိုသည့်ပမာ ကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်သည်။ တက်ညီလက်ညီ လုပ်ဆောင်ကြမှသာ   မည်သည့်လုပ်ငန်းမဆို  အောင်မြင်မှုရှိပေလိမ့်မည်။ ကမ္ဘာနှင့်အဝန်း ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ ကြောင့်  နိုင်ငံအများအပြားသည် စီးပွားရေးကျဆင်းမှုနှင့် ကြုံတွေ့နေကြရသည်။  မြန်မာနိုင်ငံတွင်လည်း  ထိုရောဂါကြောင့် စီးပွားရေး လုပ်ငန်းများတွင် အခက်အခဲနှင့်ကြုံတွေ့ရသည်။

နိုင်ငံတိုင်းတွင် ကိုဗစ်-၁၉ ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ တိုးတက်မှုလျော့နည်းနေ သော်လည်းလူတိုင်းသည် နေ့စဉ်အစာ အာဟာရကို မဖြစ်မနေစားသုံးနေကြသည်။ သို့ဖြစ်၍လူသားတို့၏ အာဟာရကိုဖြည့်ဆည်းပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်လုပ်ဆောင်နေကြရမည်သာ ဖြစ်သည်။ ကမ္ဘာတွင်ဖြစ်ပေါ်လာသော အခြေအနေများ ကြောင့်လည်း စိုက်ပျိုးမွေးမြူရေးကဲ့သို့ စားဝတ်နေရေးကိုအခြေခံသော စီးပွားရေးလုပ်ငန်းများမှာ ပိုမိုအရေးပါလျက်ရှိကြောင်း သိမြင်ကြရပြီးဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့်  ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်လျက် ရှိသည်။ လယ်ယာထွက်ကုန်ပစ္စည်းများ၊ မွေးမြူရေးထုတ်ကုန်များသည် လူတို့မဖြစ်မနေ စားသုံးကြရမည်ဖြစ်သည့်အတွက်     ကုန်ထုတ် လုပ်သူများအနေဖြင့် မိမိတို့၏ ပစ္စည်းအရည်အသွေးကောင်းမွန်နေလျှင် ဈေးကွက်သည်ကျယ်ပြန့်နေမည်သာဖြစ်သည်။ ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့တွင် လယ်ယာဦးကြီးများ လုပ်ငန်းအဆင်ပြေပြေနှင့် တိုးတက်ပါစေ၊ ခေတ်မီ နည်းပညာများကို အသုံးပြုလျက် အထွက်နှုန်းတိုးအောင်လုပ်ဆောင်နိုင်ပါစေ၊ ပြည်ပသို့တင်ပို့ရောင်းချနိုင်ခြင်းဖြင့်   နိုင်ငံအတွက် ဝင်ငွေများ တိုးပွားရပါစေကြောင်း ဆုတောင်းဂုဏ်ပြုလိုက်ရပေသည်။    ။