လူချွန်လူကောင်းများပေါ်ထွန်းရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မတ် ၉ ရက်)

လူချွန်လူကောင်းများပေါ်ထွန်းရေး

လူရည်ချွန်ဆိုသည်မှာ အရည်အသွေးပြောင်မြောက် ဘက်စုံထူးချွန်သော လူငယ်ပင်ဖြစ်သည်။ လူတွင်လူမွန် လွှားတံခွန်သို့ လူမွန် တစ်ယောက် တစ်ခေါ်လောက်အောင် ခါရောက်ချိန်ဆုံး တုမဲ့နှုန်းသည် ရွှေဘုန်းမော်ရမည်ကိုသာ ဟူ၍ နေမိဘုံခန်းပျို့၏ အစတွင် ပါရှိသည့်အတိုင်း သူတို့သည် တစ်နေ့တွင် ရွှေဘုန်းမော်ကြရမည့် သူများဖြစ်သည်။ အနာဂတ်တွင် ထွန်းလင်းတောက်ပကာ နိုင်ငံ့ကောင်းကျိုး သယ်ပိုးဆောင်ရွက်အောင်မြင်နိုင်သူများ ဖြစ်မည်ဟု ဆိုလိုရင်းဖြစ်သည်။ သူတို့သည် မိဘပြည်သူများ၏ သားသမီး ရတနာများသာဖြစ်သည်။ သူတို့၏ပြောင်မြောက်သော ဘက်စုံအရည်အသွေးများကြောင့် ထူးချွန်ကြသည့် လူရည်မွန် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူလူငယ်များအဖြစ် ရွေးချယ်ခံရခြင်း ဖြစ်သည်။

လူရည်ချွန်စီမံကိန်းသည် ဂုဏ်ပြုသင့်သောကျောင်းသား၊ ကျောင်းသူများကို ကောင်းမြတ်သော မေတ္တာစေတနာဖြင့် ဂုဏ်ပြုခြင်း ဖြစ်၍ ဤစီမံကိန်းမှာ စဉ်ဆက်မပြတ်ရှိသင့်သည့် စီမံကိန်းဖြစ်သည်။ လူရည်ချွန်စီမံကိန်း သမိုင်းကြောင်းကို ပြန်ပြောင်းလေ့လာ ကြည့်လျှင် ပထမဆုံးအကြိမ် လူရည်ချွန်စီမံကိန်းမှာ ၁၉၆၄ ခုနှစ်တွင်စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၄ ခုနှစ် ဧပြီ ၂၀ ရက်မှ မေ ၈ ရက် အထိ ငပလီတွင်ဖွင့်လှစ် စခန်းချပြီး မေ ၉ ရက်မှ ၁၇ ရက်အထိ ရန်ကုန်တွင် စခန်းချသည်။

လူရည်ချွန်များသည် နိုင်ငံတော်အစိုးရက ရွေးချယ်ချီးမြှင့်မြှောက် စားခံရသူများဖြစ်သည်။ နိုင်ငံတော် အစိုးရက ချီးမြှင့်မြှောက်စား သည်မှာလည်း အကြောင်းမဲ့မဟုတ်ပါ။ တစ်နေ့တွင် သူတို့လေးတွေသည် နိုင်ငံတော်အား အလုပ်အကျွေးပြုကြမည့် နိုင်ငံ့သား ကောင်းသမီးမွန်များအဖြစ် ပြုစုပျိုးထောင်ပေးခြင်းဖြစ်သည်။ ပန်းတစ်ခက် သစ်တစ်ပင်ကို ယနေ့စိုက်၍ မနက်ဖြန်မသီးမပွင့်နိုင်ပါ။ အချိန်ကိုစောင့်ရသည်။ ပြုစုပျိုးထောင်ပေးရသည်။ ရေခံမြေခံကောင်းဖို့လိုသည်။ လောင်းရိပ်လွတ်ဖို့လိုသည်။ အခက်အလက်ပြည့်စုံ အောင်စောင့်ရသည်။ အချိန်တန်လျှင် အသီးအပွင့်များ ဝေဆာလာပါလိမ့်မည်။ ပွင့်ချိန်မတန် သီးချိန်မရောက်သေးခင် ပေါင်းသင် ရေလောင်း မြေတောင်မြှောက်ပေးရပေမည်။

လူရည်ချွန်စီမံကိန်းဆိုသည်မှာ ဘက်စုံပညာထူးချွန်ပြောင်မြောက်သော နိုင်ငံချစ်သားကောင်းသမီးမွန် များကိုမွေးထုတ်ပေးခြင်း ဖြစ်သည်။ ဘက်စုံပညာဆိုသည်မှာ ကာယ၊ ဉာဏ၊ စာရိတ္တနှင့်ရသခံစားတတ်မှု များပင်ဖြစ်သည်။ ဤအချက်ကိုရှင်းရသော် ကျောင်းသားလူငယ်တစ်ယောက်သည် ဉာဏ်ပညာထက်မြက်၍ ဉာဏအင်အား ဖွံ့ဖြိုးတိုးတက်မှုရှိသည့်တိုင် ကျန်းမာသန်စွမ်းမှု မရှိဘဲ ကာယအားချို့တဲ့နေမည်ဆိုပါက မိမိတတ်စွမ်းသည့်ပညာဖြင့် နိုင်ငံအကျိုးသယ်ပိုးဆောင်ရွက်ရာတွင် ထိရောက်ပေါက် မြောက်စွာဆောင်ရွက် နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

ထို့ကြောင့် ဉာဏအင်အားဖွံ့ဖြိုးတိုးတက်မှုရှိသကဲ့သို့ ကာယစွမ်းပကားပြည့်စုံရန် လိုသည်ဟုဆိုသည်။ ကျောင်းသား၊ ကျောင်းသူ တစ်ယောက်သည် ကာယစွမ်းအား၊ ဉာဏစွမ်းအားပြည့်ဝသည်။ သို့သော် သူသည် စာရိတ္တမကောင်းခဲ့သော် လုပ်ငန်းခွင်၌ မှန်ကန် တိုးတက်အောင်ဆောင်ရွက်နိုင်ပါမည်လား။ လုပ်ငန်းခွင်၌ တာဝန်ယူရပြီဆိုလျှင် ရိုးသားရန်လိုသည်။ နိုင်ငံတော်အပေါ် သစ္စာရှိရန် လိုသည်။ ကျောင်းသား လူငယ်ဘဝကပင် မြင့်မားသောစာရိတ္တကောင်းများ မွေးမြူကိန်းအောင်းနေစေရန် လေ့ကျင့်ပျိုးထောင်ပေး ရသည်။

ထိုမျှသာမက ရသခံစားတတ်မှုရှိသော လူငယ်များဖြစ်စေရန်လည်း လိုအပ်သည်။ ရသခံစားတတ်မှုကြောင့် အလှအပကိုမြတ်နိုး သည်။ စာ၊ ကဗျာ၊ ဂီတနှင့်တကွ မြန်မာ့ရိုးရာ ဓလေ့ယဉ်ကျေးမှုများကို လေ့လာနာယူမည်။ မိမိနိုင်ငံ၏ ရိုးရာဓလေ့ယဉ်ကျေးမှုများကို သိရှိနားလည်၍ မြတ်နိုးမှုနှင့်နိုင်ငံချစ်စိတ်များရင့်သန် ခိုင်မာလာမည်။ ထို့ကြောင့် သိမ်မွေ့သော ရသခံစားတတ်သည့် လူငယ်များ ဖြစ်လာစေရန် အထူးလိုအပ် သည်။ ဤသို့ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်မောင်မယ်များကို လူရည်ချွန်စီမံကိန်းများက မွေးထုတ် ပေးလျက်ရှိသည်။ အပန်းဖြေစခန်းများတွင် အနားယူခြင်းမှာ အပန်းဖြေရုံသက်သက်မဟုတ်ဘဲ ဒေသန္တရဗဟုသုတ ပြည့်ဝစေရန် မျှော်မှန်းခြင်းဖြစ်သည်။ ရသမျှအချိန်တွင် အလုပ်ရုံ၊ စက်ရုံ၊ မွေးမြူစိုက်ပျိုးရေး၊ လူမှုရေးအဖြာဖြာ၊ ရိုးရာဓလေ့ယဉ်ကျေးမှုများကို စိတ်ပါဝင်စားစွာလေ့လာကြခြင်းဖြင့် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတိုးပွားစေသည်။

လူရည်ချွန်စခန်းကို ၁၉၆၄ ခုနှစ်က ငပလီတွင်စတင်၍ဖွင့်လှစ်ခဲ့ပြီး နောင်တွင် အင်းလေးခေါင်တိုင် စခန်း၊ ပွဲကောက်ရေတံခွန် စသည်ဖြင့် နေရာများပြားလှသည်။ တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းတွင် လူငယ်မောင်မယ်တို့သည် မျိုးဆက်သစ်ရတနာများ ဖြစ်ကြ သည်။ ထို့ကြောင့် တိုင်းပြည်တိုင်း၊ လူမျိုးတိုင်းက လူငယ်များကို ပြုစုပျိုးထောင်စောင့်ရှောက်ကြသည်။ လူငယ်ဟူသည်မှာ  ပင်ကိုသဘာဝတက်ကြွနေသည်။ နိုးကြား နေသည်။ ဖျတ်လတ်နေသည်။ သွက်လက်နေသည်။ လှုပ်လှုပ်ရှားရှားရှိနေသည်။ တီထွင် လိုစိတ်၊ ပါဝင်ဆင်နွှဲလိုစိတ်၊ ဦးဆောင်လိုစိတ်၊ အများ၏အားကိုးမှုကို ခံယူလိုစိတ်၊ အများအတွက် မိမိကိုယ်ကျိုးကိုမငဲ့ဘဲ ဆောင်ရွက်ပေး လိုစိတ်တို့သည်လည်းရှိနေပြန်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်မှနှစ်စဉ်လူရည်ချွန်များကို ချီးမြှင့်မြှောက်စား လျက်ရှိသည်မှာ နိုင်ငံတော်၏ အနာဂတ်အတွက် ကောင်းမွန်သောလုပ်ငန်းတစ်ခုဖြစ်ပါကြောင်း ဂုဏ်ပြုရေးသားလိုက်ရပေသည်။    ။