အေးချမ်းသာယာ ပြည်မြန်မာ

အေးချမ်းသာယာ ပြည်မြန်မာ

လူသားတိုင်း၏ စိတ်ဆန္ဒသည် မိမိတို့ရှင်သန်ရမည့်လူမှုဘဝတွင် စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာဖြင့် နေထိုင်လိုကြသည်။ မိမိတို့နေထိုင်ရာပတ်ဝန်းကျင်တွင်  မိမိတို့ကိုးကွယ်ရာဘာသာများအလိုက် တည်ငြိမ် အေးချမ်းစွာဘုရားသွားကျောင်းတက် ကောင်းမှုပြုလိုကြသည်။ တစ်ဝမ်းတစ်ခါးအတွက် စိတ်အေးချမ်းစွာ နေထိုင်စားသောက်လိုသည်မှာ သက်ရှိလောကရှိသတ္တဝါတိုင်း၏ရည်မှန်းချက်ဖြစ်သည်။ သို့သော် စိတ်အလို ဆန္ဒအတိုင်းဖြစ်မလာသော နေရာဒေသများ ရှိနေသည်။ ထိုနေရာများမှာ တရားဥပဒေစိုးမိုးမှုကင်းမဲ့ကာ လက်နက်ကိုင်ပဋိပက္ခများ ရှိနေသောနေရာများဖြစ်သည်။

လက်နက်ကိုင်ပဋိပက္ခ ပေါ်ပေါက်လာခြင်းမှာ အကြောင်းအရာ အမျိုးမျိုးကြောင့်ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း တူညီသောအချက်တစ်ခုမှာ  ဒေသခံပြည်သူများအတွက်ကောင်းကျိုးတစ်စုံတစ်ရာပေါ် ပေါက်လာမှုမရှိခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်  လွတ်လပ်ရေးရရှိပြီးချိန်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်၊  ဆိုရှယ်လစ်ဒီမိုကရေစီစနစ် သို့မဟုတ် တစ်ပါတီစနစ်  စသည်ဖြင့်ကျင့်သုံးခဲ့သည်။ ပါလီမန်ဒီမိုကရေစီ၏ ဆိုးကျိုးကြောင့် တစ်ပါတီစနစ်ကျင့်သုံးခဲ့သည်။ တစ်ဖန် တစ်ပါတီစနစ်၏ အားနည်းချက်များကြောင့် ပါတီစုံဒီမိုကရေစီစနစ်သို့ ပြန်လည်ကူးပြောင်းခဲ့သည်။

ယနေ့အချိန်ကာလသည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးနေသော အချိန်ကာလဖြစ်သည်။ အဆိုပါစစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် အသွင်ကူးပြောင်းရေးကို တပ်မတော်ကပင် ဦးဆောင်ပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်လမ်းကြောင်း လျှောက်လှမ်းရာတွင် လက်နက်ကိုင် ပဋိပက္ခဆိုသည်မှာ  ချုပ်ငြိမ်းရမည့်အရာဖြစ်သည်။ NCA သဘောတူစာချုပ်ပါ အချက်အလက်အများစုမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ဆန္ဒဖြင့်  ရေးဆွဲထားသည့် အချက်များဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏   ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ လုပ်ငန်းစဉ်(၄)ပါ တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်ဟူသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်ကိုဦးဆောင်နေခြင်းဖြစ်ပြီး စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် တည့်မတ်အောင် ထိန်းကျောင်းပေးနေခြင်းဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် နိုင်ငံတော်၏ အရေးကိစ္စများကို အလေးထားဆောင်ရွက်ရန် တိုင်းရင်းသား ခေါင်းဆောင်များကိုလည်း တာဝန်အပ်နှင်းထားသည်။  အထူးသဖြင့် ငြိမ်းချမ်းရေးကို ပိုမိုအလေးထားဆောင်ရွက်လျက်ရှိသည်။

တပ်မတော်အနေဖြင့် တစ်ဖက်သတ်အပစ်အခတ်ရပ်စဲမှုကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၂၃ ခုနှစ်အကုန်အထိ ၅ နှစ်တာ ဆောင်ရွက်ပေးထားပြီး တိုင်းရင်းသားလက်နက်ကိုင်များကို NCA လမ်းကြောင်းပေါ်လျှောက်လှမ်းကြရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျဆွေးနွေးနိုင်ရေး ၂၀၂၂ ခုနှစ်ဧပြီ ၂၂ ရက်တွင်ကမ်းလှမ်းဖိတ်ခေါ်ခဲ့သည်။ NCA လက်မှတ်ရေးထိုးထားပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှ ၇ ဖွဲ့၊ လက်မှတ်မရေးထိုးထားရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့နှင့် တတိယအကြိမ်အထိ ဆွေးနွေးနိုင်ခဲ့ပြီး ဖြစ်သည်။

ထိုကဲ့သို့ဆွေးနွေးရာတွင် စစ်မှန်သည့်ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ် စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတို့နှင့်ပတ်သက်သည်များ၊ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏တောင်းဆိုချက်များ၊ ဒေသနှင့်တိုင်းပြည်အတွက် အမှန်တကယ်လိုအပ်ပြီး ဖြစ်နိုင်သည်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည်ကို ပွင့်လင်းမြင်သာစွာ အကျေအလည်ဆွေးနွေးခဲ့ကြသည်။ ပြည်ထောင်စုသဘော တူစာချုပ်အစိတ်အပိုင်း(၁/၂/၃)ပါ သဘောတူညီချက်များနှင့်ပတ်သက်၍လည်းကောင်း၊ အစိတ်အပိုင်း (၃)ပါ ဆက်လက်ဆွေးနွေးရန်ကျန်ရှိသည့်ဇယား(၂)ပါ ဆွေးနွေးရန်အချက်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးညှိနှိုင်းပြီး နှစ်ဖက်သဘောတူညီချက်များကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။ ဤသည်မှာ  ပါတီစုံဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းရာတွင်   ကောင်းမွန်သောစွမ်းဆောင်ချက်များဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။