လေဘေးသင့်ပြည်သူများကို ထောက်ပံ့အားပေး

လေဘေးသင့်ပြည်သူများကို ထောက်ပံ့အားပေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဧပြီ ၂၄ ရက်)

     လူမှုပတ်ဝန်းကျင်တွင် မမျှော်လင့်ဘဲ မီးလောင်ခြင်း၊ ရေကြီးရေလျှံခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ အပူလှိုင်းဖြတ်သန်းခြင်း စသည်ဖြင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရတတ်သည်။ထိုသို့ သဘာဝဘေး အန္တရာယ်နှင့် ကြုံလေတိုင်း မိမိတို့အား ကူညီကယ်ဆယ်စောင့်ရှောက်သူများကို မျှော်လင့်ကြသည်။ အချိန် နှင့်တစ်ပြေးညီ ရောက်လာကာ လိုအပ်သည်များ ကူညီဖြည့်ဆည်းပေးလျှင် သဘာဝဘေးဒဏ် ခံရသူများ အနေဖြင့် များစွာစိတ်သက်သာမှု ရရှိကြသည်။ အထူးသဖြင့် နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်လာရောက် အားပေးစကား ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းပေးခြင်းကြောင့် မိမိတို့ခံစားနေရသော ပူပန်စိတ်သောကများ နည်းပါးသွားပေလိမ့်မည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုဖြစ်ပွားခဲ့သည့် လယ်ဝေးမြို့နယ် အတွင်းရှိကျေးရွာများမှ လေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ခြင်း သတင်းကို ဧပြီ ၂၂ ရက်ည ရုပ်မြင်သံကြားသတင်းများတွင် ဖော်ပြထားသည်။ နိုင်ငံတော် အကြီးအကဲ ကိုယ်တိုင် လေဘေးသင့်နေရာ ဒေသသို့သွားရောက်ကာ ပြည်သူများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် သေဆုံးခဲ့ရသည့် အောင်မြင်ကုန်းကျေးရွာနှင့် တံတားဦး ကျေးရွာတို့မှပြည်သူများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထို့ပြင်လေပြင်း တိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရသည့် စာသင်ကျောင်းများကို လာမည့်ကျောင်းဖွင့်ချိန်အမီ ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးရန်၊ ဘုန်းတော်ကြီးကျောင်းကိုလည်း ကောင်းမွန်အောင် ပြန်လည်ဆောင်ရွက်ပေးရန်နှင့် လူနေအိမ်များကိုလည်း အိမ်ရာကွက် စနစ်တကျပြန်လည် ဖော်ဆောင်၍ နေအိမ်များ ပြန်တည်ဆောက်နေထိုင်နိုင်စေရေး အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နေပြည်တော်ကောင်စီနှင့် နေပြည်တော်တိုင်း စစ်ဌာနချုပ်တို့မှ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးရန်၊ ကျေးရွာရှိ လေဘေးသင့်ပြည်သူများ လတ်တလောစားရေး အဆင်ပြေစေရေး အတွက်လည်း  လိုအပ်သည်များကို ကူညီထောက်ပံ့ဆောင်ရွက်ပေးရန်နှင့် အခြားလိုအပ်သည်များကို တာဝန်ရှိသူများအား အလေးထား မှာကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အောင်မြင်ကုန်းကျေးရွာ စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်းနှင့် လူနေအိမ်များအား လိုက်လံကြည့်ရှုခဲ့ပြီး နေပြည်တော် အထွေထွေရောဂါကုဆေးရုံကြီး ခုတင်(၁၀၀၀) သို့သွားရောက်ကာ ဆေးရုံတက်ရောက် ဆေးဝါးကုသမှု ခံယူလျက်ရှိသည့် လေဘေးသင့်ပြည်သူများအား တစ်ဦးချင်း ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားကာ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် အတွင်း ဧပြီ ၂၁ ရက်ည ၆ နာရီ ၂၀ မိနစ်ခန့် တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် ကန်သာကျေးရွာအုပ်စု တံတားဦးကျေးရွာနှင့် အောင်မြင်ကုန်းကျေးရွာတို့ ပြိုကျပျက်စီးအိမ်ခြေ ၂၃၅ လုံး၊ သေဆုံး ၆ ဦး၊ ဒဏ်ရာရ ၁၁၃ ဦးနှင့် လေဘေးသင့်သူ စုစုပေါင်း ၉၆၇ ဦး ထိခိုက်ခံစားခဲ့ရပြီး သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများ ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါဖြစ်ပွားခဲ့သည့် ကျေးရွာများသို့ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများက အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဒဏ်ရာရပြည်သူများအား နေပြည်တော် ခုတင်-၁၀၀၀ ဆေးရုံ၊ ဒက္ခိဏသီရိမြို့နယ် ခုတင်-၅၀ ဆံ့ဆေးရုံနှင့် လယ်ဝေးမြို့နယ် ခုတင်- ၁၀၀ ဆံ့ ဆေးရုံ များသို့ ဆေးကုသမှု ခံယူနိုင်ရေး ပို့ဆောင်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး အတွက် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီက ကြိုတင်ပြင်ဆင်ထားရှိပြီး ဖြစ်သည်။ ဧပြီ ၂၂ ရက်နံနက်ပိုင်းတွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ တာဝန်ရှိသူများသည် လေဘေးသင့် ကျေးရွာများသို့ သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးကို အိမ်ထောင်စု ၂၃၅ စုသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။ နိုင်ငံတော်တွင် သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့တိုင်း တပ်မတော်သည်အချိန်နှင့်တစ်ပြေးညီ ရောက်ရှိကူညီလျက်ရှိရာ လေပြင်း တိုက်ခတ်မှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် မကွေးတိုင်းဒေသကြီး စလင်းမြို့နယ်နှင့် မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်များသို့ ဧပြီ ၂၂ ရက်နံနက်ပိုင်းတွင် မန္တလေး တပ်နယ်နှင့် စလင်းတပ်နယ်တို့မှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ပေးခဲ့ပြီး စားသောက်ဖွယ်ရာများနှင့် အိမ်ဆောက်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။နိုင်ငံတော် အစိုးရ၊ တပ်မတော်နှင့်သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သဘာဝဘေးအန္တရာယ် ကျရောက်မှုအပေါ် အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးလျက်ရှိသလို ပြည်သူများ အနေဖြင့်လည်း သဘာဝဘေးကို ကြိုတင်ကာကွယ်မှုဖြင့် အနိုင်ယူကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။