ဆန်းသစ်တီထွင် တို့မြှင့်တင်

ဆန်းသစ်တီထွင် တို့မြှင့်တင်

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ ဧပြီ ၂၆ ရက်)

    မူပိုင်ခွင့်နှင့်အမျိုးသမီးများ ဆန်းသစ်တီထွင် တို့မြှင့်တင် ''Women and IP: Accelerating Innovation and Creativity''ဟူသောဆောင်ပုဒ်သည် ၂၀၂၃ ခုနှစ် ကမ္ဘာ့မူပိုင်ခွင့်နေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သည်။

ဆန်းသစ်တီထွင်မှုသည် ကမ္ဘာ့လူသား အားလုံးအတွက် အစဉ်လိုအပ်နေသည့် အရာဖြစ်သည်။ ရှေးဦးတီထွင် ဆန်းသစ်သူများကြောင့် ကမ္ဘာကြီးလှပနေခြင်းဖြစ်သည်။ စက်မှုလက်မှု အတတ်ပညာများကို တီထွင်ခဲ့သည့် အတွက် လူသားတို့အဆင်ပြေပြေ အဆင့်မြင့်မြင့်နေထိုင် စားသောက်နိုင်ကြသည်။ အလွန်ပူနေလျှင် အေးမြစွာ နေထိုင်ရေး လေအေးပေးစက်၊ ပန်ကာမှသည် အဲယားကွန်းရှိသည်။ လူသားတို့ စိတ်နှလုံးရွှင်ပြုံးစေရန် ရုပ်မြင်သံကြားရှိသည်။   သွားလာမှု လွယ်ကူလျင်မြန်စေရန် လေယာဉ်ပျံ၊ မီးရထား၊ မော်တော်ကားတို့ရှိသည်။

ဤသည်မှာ ရေးပြ၍မကုန်နိုင်သော တီထွင်ဆန်းသစ်မှုများ ဖြစ်သည်။

နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု မြှင့်တင်ရေးနှင့် သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးတို့တွင် မူပိုင်ခွင့်ကဏ္ဍအနေဖြင့် ပိုမိုအရေးပါလာနေသည်။ နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေသည့် ယနေ့ခေတ်တွင် ခေတ်နှင့်အညီ ရင်ပေါင်တန်း၍ ဆောင်ရွက်နိုင်စေရန် မူပိုင်ခွင့်စနစ်ကို အရေးကြီးသည့် ကဏ္ဍတစ်ရပ်အနေဖြင့် တည်ဆောက်လျက်ရှိကြသည်။ ယနေ့ကမ္ဘာ့နိုင်ငံအများစုတွင်  နိုင်ငံ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန်  ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများ စဉ်ဆက်မပြတ် တည်တံ့တိုးပွားစေရန်  မူပိုင်ခွင့် အကာအကွယ်ပေးသည့်စနစ်ကို စီးပွားရေး လက်နက်တစ်ခုအဖြစ် ကျင့်သုံးလာနေသည်ကို တွေ့မြင်ရသည်။

မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံအဖြစ်မှ ဖွံ့ဖြိုးပြီး နိုင်ငံအဆင့်သို့ ရောက်ရှိအောင် ကြိုးပမ်းလျက်ရှိသည်။ နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ကဏ္ဍများတွင် တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများရှိမှသာ နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သည်။ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုပညာရှင်များကို တန်ဖိုးထားရမည်ဖြစ်ပြီး မှတ်တမ်းတင်ထားရန်လည်း လိုအပ်ပေသည်။ ဥပဒေတစ်ရပ်ဖြင့် ပြဋ္ဌာန်းရန် လိုအပ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ကြောင်းသိရှိရသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ စဉ်ဆက်မပြတ် တည်တံ့တိုးပွားစေရန်မှာ မူပိုင်ခွင့်ကဏ္ဍ အကာအကွယ်ပေးသည့် စနစ်ကို ခိုင်ခိုင်မာမာ တည်ဆောက်ရန် လိုအပ်နေပြီဖြစ်သည်။ ကမ္ဘာ့မူပိုင်ခွင့် အဖွဲ့မှ နှစ်စဉ်စာရင်းပြုစုသော တီထွင်ဆန်းသစ်မှုဆိုင်ရာ စွမ်းဆောင်ရည်နှင့် ပတ်သက်၍ တီထွင်ဆန်းသစ်မှုကိုတိုင်းတာသည့် ကမ္ဘာလုံးဆိုင်ရာ တီထွင်ဆန်းသစ်မှု ညွှန်းကိန်း(Global innovation Index-GII)ကို နှစ်စဉ်ထုတ်ပြန်လျက်ရှိသည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အဆင့် ၁၂၉၊ ၂၀၂၁ ခုနှစ်တွင် အဆင့် ၁၂၇ နှင့် ၂၀၂၂ ခုနှစ်တွင် အဆင့် ၁၁၆ ရှိသည်ဟု ဖော်ပြထားကြောင်း   လေ့လာသိရှိရသည်။ မြန်မာနိုင်ငံအနေဖြင့် တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို မြင့်တက်စေရန်အတွက် တီထွင်သူ၊ ဖန်တီးသူတို့၏ လက်ရာများကို ထိထိရောက်ရောက် အကာအကွယ်ပေးမည့် မူပိုင်ခွင့်စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် တီထွင်ဆန်းသစ်နိုင်မှုနှင့် ဖန်တီးနိုင်မှုစွမ်းအားများ မြင့်မားကာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုက်ရိုက် အကျိုးပြုမည်ဖြစ်သည်။

မူပိုင်ခွင့်ဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၀ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနညီလာခံခန်းမ၌ ကျင်းပသည့် မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ အစည်းအဝေး(၂/၂၀၂၂) သို့တက်ရောက်အမှာစကား ပြောကြားရာတွင် “ယခုကဲ့သို့ မူပိုင်ခွင့် အကာအကွယ်ပေးသည့် စနစ်တစ်ရပ် ကျင့်သုံးဆောင်ရွက်နိုင်ခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်စေရေး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အဆင့်မြင့်နည်းပညာများ လွှဲပြောင်းရယူနိုင်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုနှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေးတို့တွင် အထောက်အကူ ဖြစ်စေနိုင်မည့်အပြင် စွန့်ဦးတီထွင်သူများ၊ ဖန်တီးသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ စသည့် မူပိုင်ခွင့်ပိုင်ရှင်များ၏ မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားစေနိုင်မည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့ပါသည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံ၏စီးပွားရေး၊ လူမှုရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှု ကဏ္ဍများ၊ တီထွင်ဆန်းသစ်မှုနှင့် ဖန်တီးမှုများကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် မူပိုင်ခွင့်စနစ်တစ်ရပ်ကို အစိုးရနှင့်ပြည်သူ အတူလက်တွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကို ကြိုဆိုပါကြောင်း ရေးသားလိုက်ရပေသည်။   ။