အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ

အလုပ်အကိုင်အခွင့်အလမ်းနှင့် လူမှုစီးပွားဘဝ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၁ ရက်)

    အလုပ်သမားများကို တန်ဖိုးထားသောအားဖြင့် ၁၉၁၉ ခုနှစ် ဧပြီ ၁၀ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့၌ အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ International Labour Organization(ILO)ကို ဖွဲ့စည်းခဲ့သည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ အလုပ်သမားတို့၏ ဘဝနှင့် လုပ်ငန်းခွင် တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည်။ မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ် မေလ ၁၈ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့သို့ ဝင်ရောက်ခဲ့သည်။ ILO ၏ ရည်ရွယ်ချက်မှာ အလုပ်သမားတို့၏ အလုပ်ချိန်သတ်မှတ်မှု၊ အလုပ်သမား ရရှိရေးနှင့် အလုပ်လက်မဲ့ မပေါ်ပေါက်ရေး၊ အလျဉ်မီလစာနှုန်းထား သတ်မှတ်ခြင်း၊ လုပ်ငန်းခွင်ကြောင့် ရောဂါအနာတရ မဖြစ်ပွားရေး၊ ကလေးသူငယ်များကို အလုပ်သမား အဖြစ်စေခိုင်းခြင်းမှ အကာအကွယ်ပေးရေး၊ လူငယ်အလုပ်သမား၊ အမျိုးသမီးအလုပ်သမားများအား အကာအကွယ်ပေးရေး၊ သက်ကြီးထောက်ပံ့ကြေးနှင့် အနာတရဖြစ်သူ ထောက်ပံ့ကြေးပေးရေး၊ တိုင်းတစ်ပါး၌ အလုပ်လုပ်ရသူများ အတွက် အကာအကွယ်ပေးရေး၊ အလုပ်တူလုပ်ရလျှင် လုပ်ခတူရရေး၊ အလုပ်သမား အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရရေး၊ အလုပ်ခွင်သင်တန်းများနှင့် နည်းပညာသင်တန်းများ ပေးရေးတို့ဖြစ်သည်။

မြန်မာနိုင်ငံသည် ILO အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အတည်ပြုပါဝင်ထားသော အသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့်ဆိုင်ရာ ပြဋ္ဌာန်းချက်အမှတ်(၈၇)ကို ILO နှင့် ပူးပေါင်း၍ အပြည့်အဝ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ အလုပ်သမား အချင်းချင်းအကြား အလုပ်သမားရေးရာ ကိစ္စရပ်များ ဖြေရှင်းဆောင်ရွက်ရာတွင် အလုပ်သမားများအား ကိုယ်စားပြု၍ လွတ်လပ်စွာ ဆွေးနွေး ဆောင်ရွက်စေလျက်ရှိသည်။

နိုင်ငံတိုင်းတွင် အလုပ်သမားများ ရှိနေကြသည့်အတွက် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ပုဂ္ဂလိကစီးပွားရေး လုပ်ငန်းများ အရှိန်အဟုန်မပျက် လုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ လုပ်ငန်းရှင်တစ်ဦးသည် စီးပွားရေး လုပ်ဆောင်ရန် ငွေကြေးများစွာရှိသော်လည်း လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်ပေးမည့် အလုပ်သမား တစ်ဦးမျှမရှိလျှင် လုပ်ငန်းများ စတင်နိုင်မည်မဟုတ်ပေ။ ထို့အတူ အလုပ်သမားတစ်ဦးသည်လည်း အလုပ်လုပ်ချင်စိတ်ရှိသော်လည်း လုပ်ကိုင်ရမည့် လုပ်ငန်း၊ အလုပ်ပိုင်ရှင်မရှိလျှင် ဘဝရပ်တည်မှု ခက်ခဲနေပေလိမ့်မည်။

အလုပ်ရှင်နှင့် အလုပ်သမားဆိုသည်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် အကျိုးပြုနေကြသူများဖြစ်ကြသည်။

အလုပ်သမားများကြောင့် လုပ်ငန်းများ အောင်မြင်နေသလို အလုပ်ရှင်ကြောင့် အလုပ်သမားမိသားစုများ၏ လူမှုစီးပွားဘဝ အဆင်ပြေနေခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားတို့သည် အချင်းချင်း သမာသမတ်ရှိစွာ ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ကြရမည်ဖြစ်သည်။ လုပ်ငန်းအောင်မြင်ရေး အတွက် ရှေးရှုရမည်ဖြစ်သကဲ့သို့ အလုပ်သမားတို့၏ သက်သာချောင်ချိရေးကိုလည်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အလုပ်ကို မနားမနေခိုင်းစေပြီး လုပ်အားခကိုလျှော့၍ ပေးချေခြင်းမျိုးသည် အလုပ်ရှင်၊ အလုပ်သမား ပဋိပက္ခအစဖြစ်သည်။

မြန်မာနိုင်ငံသည် ခေတ်အဆက်ဆက် အလုပ်သမားများ အရေးကို အထူးအလေးထားကာ အလုပ်သမားများ အခွင့်အရေး အပြည့်အဝရရှိရေးကို ဆောင်ရွက်ပေးလျက်ရှိသည်။ အရည်အချင်းပြည့်ဝသော လုပ်သားအင်အားထု ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ရေးတို့ အတွက် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေနှင့်အညီ အလုပ်ရှင်၊ အလုပ်သမားများအကြား ဖြစ်ပွားသော အငြင်းပွားမှုများကို တရားမျှတစွာဖြေရှင်းဆောင်ရွက်ပေးခြင်းဖြင့် အလုပ်သမားများ၏ ရပိုင်ခွင့်များကို မျှတမှန်ကန်စွာနှင့် မြန်ဆန်စွာ ရရှိခံစားစေလျက်ရှိသည်။

ပြည်ပရောက်အလုပ်သမားများ အရေးနှင့်ပတ်သက်၍ ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများခွင့်ပြု၍ ပြည်ပနိုင်ငံများသို့ အလုပ်သမားများ စေလွှတ်ခွင့်ပြုပေးလျက်ရှိသည်။ ပြည်ပနိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ဒုက္ခကြုံတွေ့နေသူများကို မိမိနိုင်ငံအတွင်းသို့ပြန်လည်ခေါ်ယူပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် တိုင်းပြည်သာယာ ဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့အတွက် ပြည်သူ့လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများကို အားပေးလျက်ရှိသည်။ ထိုသို့အားပေးခြင်းဖြင့် နိုင်ငံတော်တွင် ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင် အခွင့်အလမ်းများ ပေါများလာမည်။ အလုပ်လုပ်နိုင်သည့် အရွယ်ရောက်သူတိုင်း သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိစေရေးနှင့် ကျွမ်းကျင် လုပ်သားများအား ပြုစုပျိုးထောင်ပေးရေး တို့ကို အလေးထား လုပ်ဆောင်လျက်ရှိသည်။ ယနေ့ မေ ၁ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့ဖြစ်ပေရာ အလုပ်သမားများ အလုပ်အကိုင်အခွင့်အလမ်း ပေါများပြီး လူမှုစီးပွားဘဝ မြင့်မားပါစေကြောင်း ရေးသားလိုက်ရပေသည်။  ။