ကဆုန်လပြည့် ဗုဒ္ဓနေ့

ကဆုန်လပြည့် ဗုဒ္ဓနေ့

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၃ ရက်)

    ကဆုန်လပြည့်ဗုဒ္ဓနေ့ဆိုင်ရာ မဟာမင်္ဂလာ အခမ်းအနားများကို ၂၀၂၃ ခုနှစ် မေလ ၃ ရက် ညနေပိုင်းနှင့် ညပိုင်းတို့တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီက ခမ်းနားထည်ဝါစွာ ကျင်းပရန် စီမံဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သတင်းသည် ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူများအတွက် ဝမ်းမြောက်ကြည်နူးဖွယ် သတင်းကောင်းဖြစ်သည်။ ကဆုန်လပြည့်(ဗုဒ္ဓနေ့)သည် “ဗျာဒိတ်၊ ဖွားမြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း” ဟူသော မှတ်တမ်းအရ သုံးလောကထွတ်ထား သဗ္ဗညု မြတ်စွာဘုရားရှင်၏ ထူးခြားသော ဖြစ်တော်စဉ်လေးရပ်ဖြစ်သည့် ဗျာဒိတ်တော်ခံယူတော်မူသည့်နေ့၊ ဖွားမြင်တော်မူသည့်နေ့၊ ဘုရားဖြစ်တော်မူသည့်နေ့နှင့်  ပရိနိဗ္ဗာန် စံဝင်တော်မူသည့်နေ့တို့ ဖြစ်သည့်အတွက် “ကဆုန်လပြည့်နေ့}} ကိုဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတို့၏ အမြတ်ဆုံးနေ့အဖြစ် မှတ်ယူထားကြသည်။

ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင် မဟာဗောဓိပင်ကိုအမှီပြု၍    သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိတော်မူခဲ့ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်များက မြတ်စွာဘုရားရှင်အား ရည်မှန်းအာရုံပြု၍ ကျင်းပလေ့ရှိသည့် မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် “ကဆုန်လပြည့်(ဗုဒ္ဓနေ့) ကဆုန်ညောင်ရေသွန်းပွဲတော်” ကို ကျင်းပလာခဲ့သည်မှာ  ယနေ့တိုင်ဖြစ်သည်။ မဟာဗောဓိပင် ဆိုသည်မှာ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့တွင် အတူတကွ ဖြစ်ထွန်းပေါ်ပေါက်ခဲ့သည့် ဖွားဖက်တော်ခုနစ်ပါးတွင် တစ်ပါးအပါအဝင် ဖြစ်သကဲ့သို့ သမ္မာသမ္ဗုဒ္ဓဘုရား အဖြစ်သို့ရောက်ရှိစေရန် များစွာ အထောက်အကူပြုခဲ့သည့် အတွက် ပရိဘောဂစေတီထိုက်သော စေတီတော်တစ်ဆူလည်းဖြစ်သည်။ မြေဓာတ်တွင်ရေခန်းသည့် ကဆုန်လကဲ့သို့သော နွေကာလတွင် မဟာဗောဓိပင်များကို ကဆုန်ညောင်ရေသွန်း လောင်းခြင်းသည် မဟာဗောဓိပင်များ စိမ်းလန်းစိုပြည်၍ အခက်အလက်တို့ ဝေဆာစေခြင်း၊  သက်တမ်းရှည်စေခြင်းနှင့် သက်တော်ထင်ရှားရှိသောဘုရားရှင်အား  ပူဇော်ရာ ရောက်ခြင်းတို့ကြောင့် တည်ငြိမ်အေးချမ်း၍ သာယာဝပြောသော နိုင်ငံအဖြစ်တည်ရှိစေရုံသာမက  နိုင်ငံသူ၊ နိုင်ငံသားများ အားလုံးကိုလည်း နှလုံးစိတ်ဝမ်း အေးချမ်းစေလျက် တူညီသော အကျိုးတရားများကို ဖြစ်ထွန်းစေမည်ဖြစ်သည်။

ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲကျင်းပမည့် ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာသမိုင်းတွင် ထူးခြားမွန်မြတ်သည့် နေ့ထူးနေ့မြတ် ဖြစ်ကြောင်းကို ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၁၃ ရက်တွင် ကျင်းပခဲ့သည့် “အထွေထွေညီလာခံ” တွင် “ကဆုန်လပြည့်ဗုဒ္ဓနေ့” ကို နိုင်ငံတကာ ဝိသာခါအခါတော်နေ့ (International Vesak day or Visakha day) ဟု ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ထုတ်ပြန်ခဲ့သည်။

နေပြည်တော်ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်းရှိ မဟာဗောဓိပင်တော်များ ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနား ကျင်းပခြင်းကို  ယခင်က  နေပြည်တော်ကောင်စီနှင့် ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့တို့က ဦးဆောင် ကျင်းပခဲ့ပြီး ၂၀၂၁ ခုနှစ် (၁၃) ကြိမ်မြောက်မှစတင်၍ နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ကျင်းပ ဆောင်ရွက်လာခဲ့သည်မှာ ၃ နှစ်မြောက်ရှိပြီဖြစ်သည်။

ကဆုန်လပြည့်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော် ပရိဝုဏ်အတွင်း၌ ဗုဒ္ဓနေ့ဆိုင်ရာ အခမ်းအနားဖြစ်သည့် “ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် သံဃာတော်များကို လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဗုဒ္ဓနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပခြင်း၊ ကဆုန်ညောင်ရေ သွန်းလောင်းပွဲ အခမ်းအနားကျင်းပခြင်း၊ ဆီမီးတိုင်များ ကိုင်ဆောင်၍   လှည့်လည်ပူဇော်ခြင်း၊  ဓမ္မသဘင်ဆင်ယင် ကျင်းပခြင်း” စသည့် အခမ်းအနားများကို အပိုင်း(၅)ပိုင်းခွဲ၍ နိုင်ငံတော်အဆင့်နှင့် အညီ ကိုဗစ်-၁၉ရောဂါဆိုင်ရာ စည်းကမ်းချက်များအတိုင်း ခမ်းနားထည်ဝါစွာ  ကျင်းပသွားမည်ဖြစ်ကြောင်း    သိရှိရသည်။

ဗုဒ္ဓနေ့အထိမ်းအမှတ်စာတမ်း ဖတ်ပွဲအခမ်းအနားတွင် မြတ်စွာဘုရားရှင်၏ ထူးခြားသည့်ဖြစ်တော်စဉ် (၄) ရပ်ကို ဖတ်ကြားရန် စာတမ်းရှင် ဆရာတော်လေးပါးအား ရွေးချယ်ပြီး စာတမ်းများပြုစုဖတ်ကြားမည်ဖြစ်သည်။

ထို့အတူ ဗုဒ္ဓတက္ကသိုလ်သုံးခုမှ ပါမောက္ခချုပ် ဆရာတော်သုံးပါးတို့က သဘာပတိအဖွဲ့အဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။ ဆီမီးတိုင်များ ကိုင်ဆောင် လှည့်လည်ပူဇော်ပွဲကိုလည်း  နိုင်ငံတော်အဆင့်နှင့် အညီထည့်သွင်း ကျင်းပမည်ဖြစ်ပေရာ အခမ်းအနားတွင် သာသနာ့အလံကိုင် အမျိုးသား ၈၀ နှင့် ဆီမီးတိုင်များ ကိုင်ဆောင်မည့်  အမျိုးသမီး ၁၀၀၀   တို့ ပါဝင်ကုသိုလ် ယူကြမည်ဖြစ်သည်။  သတ်မှတ်ထားသည့် စစ်ကြောင်းများအလိုက် လှည့်လည်ပူဇော်မည့် သရုပ်ပြမော်တော်ယာဉ်များကို  တာဝန်ယူ ဆောင်ရွက်ကြမည့် ဝန်ကြီးဌာနများအနေဖြင့်  နိုင်ငံတော်အဆင့်နှင့်အညီ သပ္ပာယ်ကြည်ညိုဖွယ်ဖြစ်အောင် ပြင်ဆင်ထားပြီးဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးကို သံဃာတော်အပါး ၁၁၁၁၁ ပါးဖြင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားတို့ကို ၂၀၂၃ ခုနှစ် မေလ ၂ ရက် (ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကဆုန်လဆန်း ၁၄ ရက်) အရုဏ်တက်ချိန်၌ ရွှေတိဂုံစေတီတော် အထက်ပစ္စယာနှင့်ပြည်သူ့ရင်ပြင်တို့တွင် ကျင်းပခဲ့သည်။ အနှစ်ချုပ်ဆိုရသော် ယခုနှစ်တွင် ကျရောက်သည့်  ကဆုန်လပြည့်ဗုဒ္ဓနေ့ကို  အထူးစည်ကား သိုက်မြိုက်စွာ ကျင်းပသည့်အတွက် ရဟန်းရှင်လူပြည်သူ အပေါင်းက  ဝမ်းသာပီတိဖြစ်ရပါကြောင်း ရေးသားလိုက်ရပေသည်။     ။