မီးဘေးရှောင် မလောင်ခင်တား

မီးဘေးရှောင် မလောင်ခင်တား

မြန်မာနိုင်ငံတွင် နှစ်စဉ်မေလ ၅ ရက်နေ့ကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အဖြစ် သတ်မှတ်ထားရာ ယနေ့သည် (၇၇)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ဖြစ်သည်။ မီးဘေးရှောင်မလောင်ခင်တား ဆောင်ပုဒ်သည် လူတိုင်းအတွက် သတိပြုရမည့် ဆောင်ပုဒ်ဖြစ်သည်။  မည်သည့်ဘေးအန္တရာယ်မဆို မဖြစ်ခင်က ကြိုတင်ကာကွယ်မှသာ ပျက်စီးဆုံးရှုံးမှုနည်းပါးမည် ဖြစ်သည်။ မီးသည်ရန်သူမျိုးငါးပါးတွင် တစ်ပါးပါဝင် သော်လည်း လူသားတို့အတွက် မီးသည်မရှိမဖြစ်အရာ ဖြစ်သည်။ မီးကိုပိုင်နိုင်စွာသုံးတတ်လျှင် လူနေမှုဘဝတွင် များစွာအထောက်အကူ ရနိုင်သကဲ့သို့ ပေါ့လျော့စွာသုံးမိလျှင်ကား ဘဝတွင်ဆုံးရှုံးမှုများစွာနှင့် တွေ့တတ်သည်ကို သတိပြုသင့်ပါသည်။

မီးသည် နွေမိုးဆောင်းချိန်ခါမရွေး၊ နေရာမရွေးလောင်တတ်သည့်အတွက် မီးမလောင်ရန် အကောင်းဆုံးနည်းမှာ ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။ မီးဖိုနံဘေးတွင် လုံလောက်သောအကာအရံများထားရှိပါ။ အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံးများအသင့်ထားရှိပါ။ လျှပ်စစ်မီးကြိုးများ ဆွေးမြည့်ပေါက်ပြဲနေလျှင် ကျွမ်းကျင်သူများနှင့် အမြန်ဆုံးပြင်ဆင်ပါ။ဂက်စ်မီးဖိုအသုံးပြုရာတွင် လေဝင်လေထွက်ကောင်းစေရန်အတွက် ပြတင်းပေါက်များ ဖွင့်ထားပါ။ ဤအချက်များမှာ ခက်ခဲသည့်အချက်များမဟုတ်ပါ။ လူတိုင်းလိုက်နာရန် လွယ်ကူပါသည်။

မီးလောင်ရသည့် အကြောင်းရင်းများတွင် မီးဖိုမီးကြောင့် မီးလောင်မှုဖြစ်ရခြင်းမှာ အိမ်တိုင်းတွင် အသုံးပြုသော မီးဖိုတွင် မီးကြွင်းမီးကျန်ရှိနေခြင်း၊ မီးဖိုမီးကို လိုသည်ထက်ပို၍ သုံးစွဲခြင်း၊ မီးဖိုအသုံးပြုစဉ် အစောင့်မရှိခြင်း၊ ကျေးလက်တောရွာများတွင် ထင်းကျပ်တင်ခြင်း၊ ကျပ်ခိုးများကို မီးစွဲခြင်း၊ ဆီအိုးအပူ လွန်ကဲခြင်း၊ မီးဖိုနှင့်ထရံအကာ နီးကပ်နေခြင်း၊ ဓာတ်ဆီရေနံဆီနှင့်မီးမွှေးခြင်း၊ မီးလောင်လွယ်သော ပစ္စည်းများ၊ လောင်စာဆီများကိုမီးဖိုအနီးထားရှိခြင်း၊ အသက်အရွယ်ကြီးရင့်သူ၊  မသန်စွမ်းသူနှင့်ကလေး သူငယ်များမှ ချက်ပြုတ်ကြော်လှော်ခြင်း စသည်တို့ကြောင့်ဖြစ်သည်။

လူသားတို့၏ပေါ့ဆမှုကြောင့် မီးဖိုမီးကဲ့သို့ မီးဘေးအန္တရာယ်ရှိနေသကဲ့သို့ ဆေးလိပ်သောက်သူများသည် ဆေးလိပ်မီးကိုမငြှိမ်းသတ်ဘဲ လွှင့်ပစ်ခြင်း၊ ဘုရားမီးပူဇော်ပြီးစောင့်မကြည့်ခြင်း၊ လူမရှိဘဲဖယောင်းတိုင် မီးခွက်ထွန်းထားခြင်း၊ ဖုန်းဘက်ထရီအားကိုတစ်ညလုံးသွင်းထားခြင်း၊ ခြင်ဆေးခွေကိုအောက်ခံမပါဘဲ အသုံး ပြုခြင်း၊ ကလေးလူငယ်များက မီးခြစ်များကို အလွယ်တကူ ယူဆော့ခြင်း၊ ဈေးဆိုင်ခန်းများပိတ်သိမ်းရာတွင် လျှပ်စစ်မီးခလုတ်များဖွင့်ထားခဲ့မိခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများပေါက်ပြဲနေခြင်းကို အချိန်မီမပြင်ဘဲထားခြင်း၊  မီးပျက်သွားသည့်အခါ မီးခလုတ်များကိုအချိန်နှင့်တစ်ပြေးညီမပိတ်ဘဲထားမိခြင်း၊ အရက်သေစာသောက်စားပြီး မူးယစ်ရမ်းကားခြင်းတို့မှာလည်း လူသားတို့၏ပေါ့ဆမှုကြောင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

အကယ်၍ မီးလောင်မှုဖြစ်ပွားပါကထွက်မပြေးပါနှင့်၊ ကြိတ်၍မငြှိမ်းပါနှင့်၊ ပတ်ဝန်းကျင်သို့အကူအညီ တောင်းခံပါ။ မိမိနေအိမ်တွင်ရှိထားသော မီးသတ်ဆေးဘူးကို အသုံးပြုလိုက်ပါ။ နီးစပ်ရာမီးသတ်တပ်ဖွဲ့ စခန်းကိုအမြန်ဆုံး အကြောင်းကြားပါ။ လူတိုင်းအိမ်တိုင်းတွင်  မိမိတို့နေထိုင်ရာမြို့နယ်မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို နေအိမ်အတွင်း ထင်သာမြင်သာရှိသည့်နေရာတွင် ရေးမှတ်ထားရန် မမေ့ပါနှင့်။ သင့်ကိုကူညီနိုင်သူသည် မီးသတ်တပ်ဖွဲ့သာဖြစ်သည်။ မီးသတ်တပ်ဖွဲ့ကိုသာ အချိန်မီအကြောင်းကြားနိုင်ပါလျှင် အချိန်မီမီးငြှိမ်းသတ်ခြင်းဖြင့် ပြည်သူလူထုစိတ်ချမ်းသာစေရမည်။ မိမိတို့နေထိုင်သည့် ရပ်ကွက်အတွင်း လမ်းများသည် မီးသတ်ကား အလွယ်တကူဝင်ထွက်နိုင်သော လမ်းများဖြစ်နေရန်ကိုလည်း ပြည်သူများအနေဖြင့် ကြိုးပမ်းထားသင့်ပါသည်။

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သည် မီးလောင်မှုတစ်ခုခုဖြစ်ပွားတိုင်း အချိန်နှင့်တစ်ပြေးညီရောက်လာ ပါလိမ့်မည်။ မီးဘေးအန္တရာယ်ကို အိမ်ထောင်စုတစ်စုမှသည် ပြည်သူလူထုတစ်ရပ်လုံး စုပေါင်းကြိုတင်ကာကွယ် ထားသင့်သည်။ မီးလောင်ခြင်းဆိုသည်မှာ အပူနှင့်အလင်းထွက်ပေါ်လာသည့် ဓာတ်ပြုမှုဖြစ်သည်။ မီးလောင်မှု ဖြစ်ပွားနိုင်သော အခြေခံအချက်သုံးချက်ဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူရှိန်တို့အနက်မှ တစ်ခုခုကို ဖယ်ရှားလိုက်လျှင်မီးလောင်မှု ရပ်ဆိုင်းသွားပါမည်။ မီးကိုနိုင်သည်မှာ ရေသာဖြစ်သည်။ အိမ်တိုင်းရပ်ကွက်တိုင်း နေရာတိုင်းတွင် မီးအန္တရာယ်ကြုံတွေ့ရပါက ရေအဆင်သင့်ရှိနေရန်လိုပါသည်။ ရေမရှိလျှင် မီးငြှိမ်းသတ်ရန် မဖြစ်နိုင်သည့်အတွက် ရေကိုသီးခြားဆောင်ထားခြင်းဖြင့် မီးလောင်မှုကို ထိန်းချုပ်နိုင်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ မီးသတ်တပ်ဖွဲ့များအနေဖြင့် လူအသင့်၊ ယာဉ်အသင့်၊ ရေအသင့်၊ ဆီအသင့် ဟူ၍သင့်လေးသင့်ဖြင့် နေ့စဉ်အဆင်သင့်ရှိနေပါသည်။ မီးသတ်ဦးစီးဌာနက ခေတ်မီမီးငြှိမ်းသတ်နည်းများ၊ အထပ်မြင့်အဆောက်အအုံ တိုက်ခန်းများတွင် မီးငြှိမ်းသတ်နည်းများနှင့် ယင်းတိုက်ခန်းများတွင်နေထိုင်သူ များအားကယ်တင်ခြင်းတို့ကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့ကျင့်ထားပြီးဖြစ်ပါသည်။ မီးသတ်တပ်ဖွဲ့များအနေဖြင့် မီးသတ်စွမ်းရည်အပြည့်အဝရှိအောင် လေ့ကျင့်ဖြည့်ဆည်းထားသလို ပြည်သူများအနေဖြင့် မီးလောင်မှု မဖြစ်ရေးလိုက်နာရမည့် အချက်များအတိုင်း လိုက်နာသင့်ပါသည်။လူသားတို့၏အမှတ်တမဲ့ပြုမူလိုက်မှုသည် အမှတ်တရမမေ့နိုင်စရာ ဖြစ်တတ်သည်။အနှစ်ချုပ်ရလျှင် မီးဘေးရှောင်မလောင်ခင်တား ဆိုသည့်အတိုင်း ကြိုတင်ကာကွယ်မှုဖြင့် မီးလောင်ခြင်းကို ကာကွယ်တားဆီးနိုင်ကြပါစေကြောင်း ရေးသားလိုက်ရပေသည်။ ။