တရားမဝင် ကုန်သွယ်မှုပပျောက်ရေး

တရားမဝင် ကုန်သွယ်မှုပပျောက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက် သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာ ထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အဓိကအတားအဆီးသည် တရားမဝင်ကုန်သွယ်မှုများဖြစ်သည်။ ပြည်ပမှတရားမဝင် တင်သွင်းမှုများကြောင့် ဈေးကွက်ယှဉ်ပြိုင်နိုင်မှုမရှိတော့သည့်အပြင် ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း(MSME)များ၏ တိုးတက်မှုကို များစွာ အဟန့်အတားဖြစ်စေသည်။

ပြည်တွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေး လုပ်ငန်းများမှ ထုတ်လုပ်သည့်ကုန်စည်များကို သွင်းကုန်အစားထိုး အသုံးပြုနိုင်ရန် ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း မရှိအောင် အဓိက ထိုးနှက်ဟန့်တားနှောင့်ယှက် နေမှုမှာ အခွန်မဆောင်ဘဲ ပြည်ပကတရားမဝင်တင်သွင်းလာသည့် ကုန်စည်များဖြစ်သည်။ အကောက်ခွန်မဲ့ တင်သွင်းလာသည့် ကုန်စည်များကို တားဆီးစစ်ဆေး အရေးယူနိုင်မှု မရှိလျှင် ပြည်တွင်း (MSME)များ ဖွံ့ဖြိုးတိုးတက်လာမှု ဦးမော့လာရန်ခက်ခဲနေမည်ဖြစ်သည်။ ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာ တားဆီးစစ်ဆေးပြီး ဥပဒေနှင့်အညီ အရေးယူလျက်ရှိခြင်း ဖြစ်သည်။

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလက ဖမ်းဆီးရမိအမှုတွဲ ၄၇၇ မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၁၂ ဘီလီယံကျော်ဖြစ်ပြီး ဇန်နဝါရီလနှင့် နှိုင်းယှဉ်လျှင် အမှုတွဲ ၆၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၄ ဒသမ ၆၃ ဘီလီယံ ပိုမိုဖမ်းဆီးနိုင် ခဲ့ကြောင်း၊ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် အမှုတွဲ ၂၃၀ ခန့်မှန်းတန်ဖိုးကျပ် ၈ ဒသမ ၈၆ ဘီလီယံ ပိုမို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ဖမ်းဆီးနိုင်ခြင်းမှာ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့များ၊ အကောက်ခွန်ဦးစီးဌာနနှင့် OSS ဌာနဆိုင်ရာ များအနေဖြင့် စီမံချက်ပါအတိုင်း အောင်မြင်စွာ စစ်ဆေးဆောင်ရွက်ခြင်းဖြစ်သည်။ ဖမ်းဆီးရမိမှုများ တိုးတက်လာခြင်းမှာ တရားမဝင်ကုန်သွယ်မှုများ များနေသေးသည်ဟု ယေဘုယျသုံးသပ်နိုင်ပါသည်။

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစတင်၍ တစ်နှစ်ကျော်ကာလအတွင်း ဖမ်းဆီးရမိအမှုတွဲများအပေါ် သုံးသပ်ရာတွင် အများစုသည် ကုန်စည် အမျိုးအစားတူ တန်ချိန်ပိုမိုတင်ဆောင်ခြင်း(အပို)နှင့်တန်ဖိုးကြီးပစ္စည်းများကို အခွန်မဆောင်ဘဲ အခွန်ဆောင် ထားသည့် တန်ဖိုးနည်းပစ္စည်းများနှင့် ရောနှောသယ်ဆောင်ခြင်း(အလွဲ)များဖြစ်သည်။ ကုန်တင်ယာဉ်အားလုံး ရာနှုန်းပြည့်ကုန်ချစစ်ဆေးရန် မဖြစ်နိုင်သည့်အခြေအနေများနှင့် လုံခြုံရေးကန့်သတ်ချက်များအပေါ် အခွင့်ကောင်းယူ၍ နည်းမျိုးစုံ တရားမဝင်တင်ပို့၊ တင်သွင်းခြင်းများ ကျူးလွန်ဆောင်ရွက်နေခြင်း ဖြစ်သည်။

တရားမဝင်ကုန်သွယ်မှု လျော့နည်းကျဆင်းရေးအတွက် ကုန်စည်သယ်ဆောင်ရာတွင် ကွန်တိန်နာကိုသာ အသုံးပြုပြီး E-Lock စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ဆောလျင်စွာစတင်အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။ ထို့ပြင် တရားမဝင်တင်သွင်းလာသည့် ကုန်စည်များကို လက်လီလက်ကား အရောင်းဆိုင်များနှင့် Shopping Mall များမှတစ်ဆင့် ဈေးကွက်အတွင်း ဖြန့်ချိခြင်းနှင့် လက်လီ ရောင်းချခြင်းများ မပြုလုပ်စေရန် အသိပညာပေးခြင်း၊ သတိပေးခြင်း၊ တားဆီးခြင်း၊ စစ်ဆေးခြင်း၊ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်းတို့အတွက် အချိန်ကာလ သတ်မှတ်ရန် ဖြစ်ပါသည်။

နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒ၊ လုပ်ထုံးလုပ်နည်းများကို လိုက်ပါဆောင်ရွက်ခြင်းမပြုဘဲ တရားမဝင် နည်းလမ်းဖြင့် ကုန်သွယ်မှုဆောင်ရွက်လိုသည့် ကုန်သည်လုပ်ငန်းရှင် များအနေဖြင့် တရားမဝင်နည်း လမ်းပေါင်းစုံ အသုံးပြုဆောင်ရွက်ကြရာတွင် လက်နက်ကိုင်တိုင်းရင်းသား အဖွဲ့အစည်းအချို့ကိုချဉ်းကပ်၍ စစ်ဆေးရေး စခန်းများကို ကျော်ဖြတ်ရန်ကြိုးပမ်းလာကြသည်ကို ဖြစ်စဉ်များအရ တွေ့ရကြောင်း၊ စစ်ဆေးရန် တာဝန်ထမ်းဆောင်ကြရသည့် ဝန်ထမ်းများအနေဖြင့် တွေ့ကြုံရသည့်အခြေအနေများကို အနီးစပ်ဆုံး တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရ အဖွဲ့များသို့လည်းကောင်း၊ အနီးဆုံးတိုင်းစစ်ဌာနချုပ်များသို့ လည်းကောင်း အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်သတင်းပို့တင်ပြ၍ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တားဆီးအရေးယူ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်းဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃) သို့ တက်ရောက် အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

တရားမဝင်ကုန်သွယ်မှုသည် နိုင်ငံတိုင်းလိုလို ရင်ဆိုင်နေကြရသည့်ကိစ္စရပ်ဖြစ်သည်။ တရားမဝင်ကုန်သွယ်မှုကို တားဆီးအရေးယူ ဆောင်ရွက်ရာတွင် နယ်စပ်ဖြတ်ကျော်တရားမဝင်ပို့ကုန်များ တစ်ဖက်နိုင်ငံသို့ မရောက်ရှိ စေရေးနှင့် မိမိနိုင်ငံဘက်သို့ မဝင်ရောက်လာစေရေးကို အိမ်နီးချင်းနိုင်ငံများနှင့် ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသဖြင့် တရားမဝင်ကုန်သွယ်မှု ပပျောက်ရေးကို ပြည်သူအားလုံးက ပူးပေါင်းပါဝင် တိုက်ဖျက်ကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။