မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ

မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၇ ရက်)

    ပြန်ကြားရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၂ ခုနှစ်တို့အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ခြင်း အခမ်းအနားကို နေပြည်တော်မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံ၌ မေလ ၆ ရက်တွင်ကျင်းပသည်။ မြန်မာနိုင်ငံတွင် မြန်မာ့ရုပ်ရှင်ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းမှာ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုနှင့်အတူ ပေါ်ပေါက်လာသည်ဟု ဆိုနိုင်သည်။ ၁၉၂၀ ပြည့်နှစ် ဇွန်လ ၄ ရက်တွင် သမိုင်းဝင် ပုဂ္ဂိုလ်ကြီးတစ်ဦးဖြစ်သည့် ဆရာကြီးဦးထွန်းရှိန်၏ ဈာပနကျင်းပသည်။ ဦးထွန်းရှိန်ဆိုသည်မှာ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေတို့တွင် ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး ဖေ၊ ပု၊ ရှိန်ဟု နာမည်ကြီးသော နိုင်ငံရေးသမားသုံးဦး အနက်မှ တစ်ဦးဖြစ်သည်။

အဆိုပါဦးထွန်းရှိန်၏ဈာပနတွင်  လန်ဒန်အတ်ဦးအုန်းမောင်၊  ဓာတ်ပုံဦးမောင်မောင်နှင့် ဦးညီပုတို့ ဝါသနာတူသုံးဦးတို့က အဆိုပါဈာပန အခမ်းအနားကိုရိုက်ကူးကာ မှတ်တမ်းရုပ်ရှင်အဖြစ် ရုံတင်ပြသခဲ့သည်။  ထိုမှတ်တမ်းကားသည်  မြန်မာ့ရုပ်ရှင်လောက အတွက် စတင်သန္ဓေတည်ခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။

ထိုအချိန်ကာလနှင့်တစ်ချိန်တည်းတွင် စာရေးဆရာကြီးပီမိုးနင်း၏ ဇာတ်လမ်းကို ဒါရိုက်တာဦးတုတ်ကြီးက “မေတ္တာနှင့်အသူရာ” အမည်ဖြင့် သရုပ်ဆောင်မောင်ညီပု၊ မအေးကြည်တို့နှင့် ရိုက်ကူးခဲ့သည်။ ထိုရုပ်ရှင်ဇာတ်ကားကို ၁၉၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက်တွင် ရွိုင်ရယ်စီနီမာဒီပဲရစ်၌ ပထမဆုံး မြန်မာရုပ်ရှင်ကားအဖြစ် ရုံတင်ပြသခဲ့သည်။ ထိုရုပ်ရှင်ကားပြသခဲ့သောနေ့ကိုအစွဲပြုကာ   မြန်မာ့ရုပ်ရှင်နေ့ဟု သတ်မှတ်ခဲ့ကြောင်း သိရှိရသည်။

မြန်မာ့ရုပ်ရှင်သည် တစ်နှစ်ထက်တစ်နှစ် တိုးတက်ပြောင်းလဲလာခဲ့ရာ အသံတိတ်ခေတ်မှ အသံခေတ်သို့ လည်းကောင်း၊ ကာလာအမည်းရောင်မှ ကာလာစုံသို့လည်းကောင်း တိုးတက်လာခဲ့သည်။ ယနေ့ခေတ်တွင် ပိုမို၍တိုးတက် ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အဆင့်အတန်း မြှင့်တင်ရေးအကဲဖြတ် အဖွဲ့ကို ၁၉၅၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။ ၁၉၅၂ ခုနှစ်နှင့် ၁၉၅၃ ခုနှစ်တွင် ရုပ်ရှင်ထူးချွန်ဆု (၃)မျိုးသတ်မှတ်ခဲ့သည်။ ဇာတ်ကားအကောင်းဆုံးဆု၊ အကောင်းဆုံး အမျိုးသားပညာသည်ဆု၊ အကောင်းဆုံး အမျိုးသမီးပညာသည်ဆုတို့ဖြစ်သည်။ ဇာတ်ကားအကောင်းဆုံးဆုတွင်  ပထမအကောင်းဆုံး ဇာတ်ကားဆု (ရွှေကိန္နရီရုပ်)၊ဒုတိယအကောင်းဆုံး ဇာတ်ကားဆု(ငွေဒေါင်းရုပ်)၊ တတိယအကောင်းဆုံး ဇာတ်ကားဆု (ကြေးခြင်္သေ့ရုပ်)၊ အကောင်းဆုံးအမျိုးသား ပညာသည်ဆု(ရွှေရင်ထိုး)၊ အကောင်းဆုံးအမျိုးသမီး ပညာသည် ဆု(ငွေရင်ထိုး)တို့ချီးမြှင့်ခဲ့သည်။

ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)နှင့်ပတ်သက်၍ ၁၉၅၄ ခုနှစ်တွင်  ဒါရိုက်တာ ထူးချွန်ဆုကိုပါ ထပ်တိုး ချီးမြှင့်ခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် ဇာတ်ကားထူးချွန်ဆုကို အကောင်းဆုံး တစ်ဆုတည်းသာ ရွှေကိန္နရီရုပ် ချီးမြှင့်ခဲ့သည်။ ၁၉၅၆ ခုနှစ်တွင် ရုပ်ရှင်ဓာတ်ပုံထူးချွန်ဆု ထပ်မံတိုးမြှင့်ခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ဆုပုံသဏ္ဌာန်ကို  ရွှေရင်ထိုးတံဆိပ်မှ  ရွှေကိန္နရီရွှေစင်ရုပ်သို့ စတင်ပြောင်းလဲ သတ်မှတ်ခဲ့ပါသည်။ ၁၉၆၂ ခုနှစ်မှစ၍ အမျိုးသားဇာတ်ဆောင်ဆု၊ အမျိုးသမီးဇာတ်ဆောင်ဆု၊ အမျိုးသားဇာတ်ပို့ဆု၊ အမျိုးသမီးဇာတ်ပို့ဆုဟူ၍ ထပ်မံ ခွဲခြားကာ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်မှစတင်၍ ရုပ်ရှင်ဇာတ်ညွှန်းထူးချွန်ဆု၊ ရုပ်ရှင်တေး ဂီတထူးချွန်ဆုနှင့်  ရုပ်ရှင်အသံဆုများကိုပါ တိုးမြှင့်သတ်မှတ်ခဲ့သည်။ ၁၉၉၃ ခုနှစ်မှစတင်၍ ရွှေကိန္နရီရုပ် တွင်တပ်ဆင်ထားသော ငွေကြယ်အစား ရွှေသားအစစ်ဖြင့် ပြုလုပ်ထားသော ရွှေကြယ်တပ်ဆင် ချီးမြှင့်ခဲ့သည်။ ၁၉၉၄ ခုနှစ်မှစတင်၍ ရုပ်ရှင်တည်းဖြတ်ဆုကို ထပ်မံတိုးမြှင့်သတ်မှတ်ခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များအရ နိုင်ငံတော်ကို တာဝန်ယူထားရသည်။  ထိုအချိန်မှစတင်၍  နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေးနှင့်လူမှုရေး ကဏ္ဍပေါင်းစုံတွင် ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။ ကိုဗစ်-၁၉ ရောဂါကာလအတွင်း လုပ်ငန်းများ ရပ်နားထားရသူများအတွက် နိုင်ငံတော်က ထောက်ပံ့ငွေများ ချီးမြှင့်ခြင်း၊

လုပ်ငန်းများလုပ်ကိုင်ရန် အရင်းအနှီးများ ပေးအပ်ခြင်း ဆောင်ရွက်ပေးခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးခဲ့သည့် အထဲတွင် မြန်မာ့ရုပ်ရှင်လောကသားများလည်း ပါဝင်သည်။ အချို့သော အနုပညာရှင်များမှာ အတွေးအခေါ် အယူအဆလွဲမှားကာ လမ်းမှားသို့ လျှောက်လှမ်းသွားသူများ ရှိသည်။ ထိုသူများကိုလည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် သဘောထားပြည့်ဝစွာ သည်းခံခွင့်လွှတ် နားလည်ပြီး လက်တွဲခေါ်ယူခဲ့သည်။

စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်သို့ လျှောက်လှမ်းလျက်ရှိရာတွင် ရုပ်ရှင်အနုပညာ သမားများသည်လည်း မိမိတို့ကျရာနေရာမှ နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးကို ကောင်းမွန်စွာ သယ်ပိုးကြရမည် ဖြစ်သည်။ ခေတ်စနစ် အခြေအနေများအရ အစိုးရများမည်သို့ပင် ပြောင်းလဲစေကာမူ ရုပ်ရှင်လောကသားများ အနေဖြင့် ရုပ်ရှင်သည်ပြည်သူ့အတွက် ဆိုသည့်အတိုင်း ပြည်သူ့အကျိုးကိုသာ  ဦးထိပ်ထားသယ်ပိုးကြ ရမည်ဖြစ်သည်။  မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များ၊     ထုံးတမ်းစဉ်လာများကို ဦးဆောင်လမ်းပြ ထိန်းသိမ်းကြရမည်မှာ ရုပ်ရှင်လောကသားများသည်လည်း တစ်ခန်းတစ်ကဏ္ဍက ပါဝင်ကြရမည်ဖြစ်သည်။

အတုမြင်အတတ်သင်ကြသော လူငယ်မောင်မယ်များအား ရုပ်ရှင်လောကသားတို့က လမ်းမှန်သို့ရောက်အောင် ပို့ဆောင်ပေးကြရမည်ဖြစ်သည်။ သို့မှသာ မိမိတို့အသက်မွေးဝမ်းကျောင်း ပြုနေသော အနုပညာသည် သမာအာဇီဝကျလိမ့်မည်ဟု မြဝတီက ယုံကြည်ပါကြောင်း။    ။