နှလုံးသားဖြင့်ကူညီ တို့ကြက်ခြေနီ

နှလုံးသားဖြင့်ကူညီ တို့ကြက်ခြေနီ

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ရက်)

    ယနေ့ မေလ ၈ ရက်နေ့သည် ကမ္ဘာ့ကြက်ခြေနီနေ့ဖြစ်ပြီး ယခုနှစ်အတွက်ဆောင်ပုဒ်မှာ “နှလုံးသားဖြင့်ကူညီတို့ကြက်ခြေနီ”ဖြစ်သည်။ ကမ္ဘာတစ်ဝန်း ကျယ်ပြန့်စွာ တည်ရှိသည့် ကြက်ခြေနီ အသင်းပေါင်းများစွာကို စတင် အုတ်မြစ်ချပေးခဲ့သူမှာ ဟင်နရီဒူးနန့်ဖြစ်သည်။ ဟင်နရီဒူးနန့်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ၁၈၂၈ ခုနှစ် မေလ ၈ ရက်နေ့တွင် မွေးဖွားခဲ့သည်။  အသက် ၃၄ နှစ်အရွယ်တွင် စီးပွားရေးကိစ္စဖြင့် တတိယမြောက် နပိုလီယံအား တွေ့ဆုံရန်သွားစဉ် ဆိုဖာရီနို စစ်မြေပြင်သို့ ရောက်ရှိခဲ့သည်။ စစ်ပွဲတွင်ပြုစုသူ ကင်းမဲ့နေသော နှစ်ဖက်စလုံးမှဒဏ်ရာရစစ်သည်များအား  တွေ့မြင်ပြီးနောက် လူသားချင်း စာနာစိတ်ဖြင့် ကူညီပြုစုခဲ့သည်။ ကြက်ခြေနီလုပ်ငန်းကို လုပ်နေရသဖြင့် ကိုယ်ပိုင်စီးပွားရေးကို ပစ်ပယ်ခဲ့သည်။ အနှစ် ၃၀ လုံးလုံး ဆင်းရဲမွဲတေစွာ နေထိုင်သွားပြီး အသက် ၈၂ နှစ်အရွယ် ၁၉၁၀ ပြည့်နှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ကွယ်လွန်သွားခဲ့သည်။

ပထမဆုံး ကမ္ဘာ့ကြက်ခြေနီနေ့အဖြစ်  ၁၉၄၈ ခုနှစ် မေလ ၈ ရက် ဟင်နရီဒူးနန့်၏ မွေးနေ့တွင် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို စတင်ကျင်းပခဲ့သည်။ ကြက်ခြေနီလူမှုကရုဏာ လုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်ရန် ဟင်နရီဒူးနန့် ဆုတံဆိပ်ကို ၁၉၆၅ ခုနှစ် အကြိမ် ၂၀ မြောက် နိုင်ငံတကာကြက်ခြေနီ ညီလာခံကဆုံးဖြတ်ခဲ့ပြီး  ၁၉၆၉ ခုနှစ်မှစတင်ကာ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီမှ ချီးမြှင့်ခဲ့သည်။ အလားတူ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီသည် ပထမဆုံး ဖလောရင့်နိုက်တင်ဂေးလ် ဆုတံဆိပ်ကို ၁၉၂၀ ပြည့်နှစ် မေလ ၁၂ ရက်နေ့တွင် ကျရောက်သော ဖလောရင့်နိုက်တင်ဂေးလ်၏ နှစ်တစ်ရာပြည့်မွေးနေ့တွင် စတင်ချီးမြှင့်ခဲ့သည်။

မြန်မာနိုင်ငံတွင် ကြက်ခြေနီအသင်း ဖွဲ့စည်းထားရှိခြင်း ရည်ရွယ်ချက်မှာ ဆင်းရဲဒုက္ခနည်းပါး သက်သာစေရန်ဖြစ်သည်။ ယင်းရည်ရွယ်ချက် အောင်မြင်စေရန်အတွက် ကျန်းမာရေးမြှင့်တင်ရန်၊ ရောဂါဘေးတားဆီးရန်၊ ဘေးဒုက္ခရောက်သူများကို ကူညီရန်ဟူသည့် လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်လျက် ရှိပါသည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဗဟိုကောင်စီကို မြန်မာနိုင်ငံကြက်ခြေနီ အသင်းညီလာခံ ကိုယ်စားလှယ်များက ရွေးချယ်သော တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ၊ အစိုးရခန့်အပ်သော ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ ကိုယ်စားလှယ်များဖြင့် မြန်မာနိုင်ငံ ကြက်ခြေနီဗဟိုကောင်စီကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် မြန်မာနိုင်ငံအတွင်း လူမှုကရုဏာ လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်နိုင်စေရန်  နိုင်ငံတော်က ကြက်ခြေနီအသင်း အက်ဥပဒေကို ပြဋ္ဌာန်းပေးခဲ့သည်။ မြန်မာနိုင်ငံကြက်ခြေနီ အသင်းသည် နိုင်ငံတကာကြက်ခြေနီ လှုပ်ရှားမှုတွင် အမျိုးသားကြက်ခြေနီ အသင်းတစ်သင်းအဖြစ် ရပ်တည်ခဲ့သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် လူမှုကရုဏာ လုပ်ငန်းများကိုဆောင်ရွက်ရာတွင် နိုင်ငံတော်၏ အရန်အင်အားအဖြစ် ရပ်တည်ပြီး လူမှုရေး၊ ကျန်းမာရေး၊ ကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်နေသည့်အပြင် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင်လည်း တစ်တပ်တစ်အား ပါဝင်ကူညီလျက်ရှိသည်။

မြန်မာလူမျိုးတို့၏ ပင်ကိုစရိုက်ဖြစ်သော ကြင်နာသနားစိတ်၊ ရိုင်းပင်းကူညီလိုစိတ်၊ ထောက်ပံ့ပေးကမ်းလိုစိတ်တို့သည် မြန်မာမှုနယ်ပယ်တွင် ရှေးအစဉ်အဆက်ကပင် ကိန်းအောင်းလျက် ရှိနေခဲ့သည်။ လူသားချင်း စာနာထောက်ထားမှု ဆိုသည့် ကရုဏာတရားသည် မြန်မာလူမျိုးတို့အတွက် အထူးတလည် မဟုတ်ဘဲ လူမှုပတ်ဝန်းကျင်အတွင်း နေ့စဉ် လုပ်ဆောင်နေသော လူမှုဝတ္တရားများ အဖြစ်ရှိနေခဲ့သည်။ အဆိုပါ လုပ်ဆောင်ချက်များမှာ ယနေ့ကမ္ဘာတွင် ရေပန်းစားနေသော လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လူမှုကရုဏာ လုပ်ငန်းများပင်ဖြစ်သည်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် စေတနာ့ဝန်ထမ်း လုပ်အားရှင်များကို အခြေခံကာ

ဖွဲ့စည်းထားသည့် အသင်းဖြစ်သကဲ့သို့ လူထုလူတန်းစား အလွှာစုံပါဝင်သော လူမှုကရုဏာ အသင်းလည်းဖြစ်သည်။ ပြည်သူလူထု အကျိုးအတွက် ပြည်သူလူထုပူးပေါင်း ပါဝင်လိုသော အသင်းတစ်သင်း ဖြစ်စေရန်နှင့် လူမှုကရုဏာ လုပ်ငန်းများကို စိတ်ပါဝင်စားကာ ပူးပေါင်းပါဝင်လိုသူများကို ကျယ်ကျယ်ပြန့်ပြန့် စည်းရုံးကာ ဖွဲ့စည်းဆောင်ရွက်သည့် အသင်းကြီးလည်း ဖြစ်သည်။

လူသားချင်း စာနာထောက်ထားမှုကို အလေးထား ဆောင်ရွက်ခြင်းဖြင့် လူမှုပတ်ဝန်းကျင် လူမှုအသိုက်အဝန်းအတွင်း ထိခိုက်နစ်နာစေမှု လျော့ပါးရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိသည်။ အမျိုးသမီးများမှာလည်း အမျိုးသားများနှင့်တန်းတူ ပါဝင်ဆောင်ရွက်လျက်ရှိပြီး လူမှုဝန်ထမ်း စိတ်ဓာတ်များ အပြည့်အဝရှိသည့် ကြက်ခြေနီအသင်းဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော သဘာဝဘေး အန္တရာယ်များ၊ ပဋိပက္ခဖြစ်ပွားမှုများ၊ ကူးစက်ရောဂါ ကျရောက်မှုများတွင် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော် ဆေးဝန်ထမ်း တပ်ဖွဲ့များနှင့်အတူ ကြက်ခြေနီမောင်မယ်များ အနေဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိသည်။ အထူးသဖြင့် နိုင်ငံတော်၏ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများကို ကျန်းမာရေးဝန်ကြီးဌာန၏ အရန်အင်အားအဖြစ် ခေတ်အဆက်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။ အနှစ်ချုပ်ဆိုရသော် မိမိအကျိုးစီးပွားကို ငဲ့ကွက်ခြင်းမရှိဘဲ အတိဒုက္ခ ရောက်နေကြသူများကို အချိန်၊ ငွေ၊ လူအင်အားများ စိုက်ထုတ်ကာ ကူညီပံ့ပိုး၍ ဆောင်ရွက်နေသည့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များကို “နှလုံးသားဖြင့် ကူညီ တို့ကြက်ခြေနီ” ဟုဂုဏ်ပြုပါကြောင်း။  ။