သဘာဝဘေး ကြိုတင်ပြင်ဆင်ကာကွယ်ရေး

သဘာဝဘေး ကြိုတင်ပြင်ဆင်ကာကွယ်ရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၉ ရက်)

    မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လက်ရှိကာလသည် မိုးကြိုကာလဖြစ်သည်။ မေလမှမြန်မာနိုင်ငံသို့ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း လေထုမငြိမ်မှုများကြောင့် လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ တိမ်များဖြစ်ထွန်း၍ ထိုမှတစ်ဆင့် မိုးတိမ်တောင်များ ဖြစ်လာခြင်းကြောင့် လည်းကောင်း မွန်းလွဲပိုင်းနှင့်ညနေပိုင်းတို့တွင် နိုင်ငံတစ်ဝန်းရှိ အချို့ဒေသများ၌ မိုးအနည်းငယ် ရွာသွန်းမှုဖြစ်ပေါ်ခဲ့သည်။ အချို့ဒေသများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် မိုးကြိုကာလဖြစ်သည့် ယခုကာလမှ အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်များနှင့် ပတ်သက်၍ အထူးသတိပြုနေထိုင်ကြရန်ဖြစ်ပါသည်။

  "မြန်မာ့ကမ်းရိုးတန်းဒေသသို့ မုန်တိုင်းဝင်ရောက်မည့် လမ်းကြောင်းအား ဖြစ်နိုင်ခြေအရလမ်းကြောင်း (၂)ကြောင်း ခန့်မှန်းထားပါကြောင်း၊ ပထမလမ်းကြောင်း အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်နှင့် ကွမ်းခြံကုန်းမြို့နယ်တို့ကြားမှ ကုန်းတွင်းပိုင်းသို့ ဝင်ရောက်မည့် ခန့်မှန်းလမ်းကြောင်းနှင့် ဒုတိယလမ်းကြောင်း အနေဖြင့် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်သန်း၍ စစ်တွေမြို့နှင့် ကျောက်ဖြူမြို့ကြားမှ ကုန်းတွင်းမုန်တိုင်းအဖြစ် ဝင်ရောက်မည်ဆိုသည့် လမ်းကြောင်းကိုလည်း ခန့်မှန်းထားပါကြောင်း}} နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မေ ၆ ရက်တွင် ကျင်းပသည့် အမျိုးသား သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အရေးပေါ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှာစကား တွင် ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်းသို့ မေ ၁၃ ရက်နှင့် ၁၄ ရက်ခန့်တွင် မုန်တိုင်းဝင်ရောက်မည်ဟု ခန့်မှန်းထားသည်။ မုန်တိုင်းဝင်ရောက်လာမည် ဆိုပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို နိုင်ငံတော်မှ စတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့်စပ်လျဉ်း၍ တစ်နိုင်ငံလုံး အတိုင်းအတာအရ အမျိုးသားအဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် တုံ့ပြန်ဆောင်ရွက်ခြင်းဟူ၍ အပိုင်း(၂)ပိုင်းရှိသည်။ မုန်တိုင်းမဝင်ရောက်မီ ပြင်ဆင်သည့်လုပ်ငန်းများ၊ ရွှေ့ပြောင်းသည့် လုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးတွင် အသုံးပြုမည့်ပစ္စည်းများ၊ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများ၊ အစားအသောက်များ၊ ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များစသည်တို့ကို အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့များ ပေါင်းစပ်ကာတာဝန်များ ခွဲဝေ၍စီမံဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအနေဖြင့် စီစဉ်ထားပြီးဖြစ်ကြောင်း သိရှိရသည်။

နွေအကုန်မိုးဦးကာလ ရာသီဥတုအပြောင်းအလဲဖြစ်မှုကြောင့် လတ်တလောတွင် နိုင်ငံတစ်ဝန်း၌ မိုးတိမ်တောင်များ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါမိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်မှုနှင့်ပတ်သက်၍ ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက နေ့စဉ်မိုးလေဝသ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်လျက်ရှိပါသည်။

နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့် သက်ဆိုင်ရာ တာဝန်ရှိဌာနက ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီးဖြစ်သလို ပြည်သူများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားရမည်ဖြစ်သည်။ပြည်သူများ အနေဖြင့် မုန်တိုင်းနှင့် ပတ်သက်၍ အတွေ့အကြုံများ ရှိသော်လည်း ကြိုတင်ပြင်ဆင် ကာကွယ်မှုအပိုင်း၌ အားနည်းချက်များ ရှိသောကြောင့် ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည်ကို သတိပြုကြရမည်ဖြစ်သည်။ မည်သည့်ကိစ္စရပ်မဆို ကြိုတင်ပြင်ဆင် ကာကွယ်ထားမှသာ ဆုံးရှုံးမှုနည်းပါးမည်ဖြစ်သည်။

သဘာဝအားဖြင့် ရာသီအလိုက် ဖြစ်ပေါ်လေ့ရှိသည့် လေပြင်းမုန်တိုင်းများကို မည်သူမျှတားဆီးနိုင်မည် မဟုတ်သော်လည်း ထိရောက်သော စီမံခန့်ခွဲမှုကောင်းများ ရှိရမည်ဖြစ်သည်။ သဘာဝဘေးအန္တရာယ် ကျရောက်လာပြီဆိုပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ပညာပေးစာစောင်များပါ နည်းလမ်းများအတိုင်း နေထိုင်လုပ်ကိုင်ကြရမည် ဖြစ်သည်။ အထူးသဖြင့် သဘာဝဘေး ကျရောက်နိုင်သောဒေသများရှိ စာသင်ကျောင်းများမှ တစ်ဆင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာ ဗဟုသုတများ ပေးဝေထားရမည်ဖြစ်သည်။  ဒေသတွင်းခိုလှုံရာ သဘာဝကုန်းမြင့်များ၊ လူလုပ်ကုန်းမြင့်များ၊ မုန်တိုင်းနှင့် မုန်တိုင်းဒီရေခံနိုင်သည့် ခိုလှုံရာ ကွန်ကရစ် အဆောက်အအုံများ၊  ထိုသို့ခိုလှုံရာတွင်ရေ၊ အစားအသောက်နှင့် ဆေးဝါးများ စုဆောင်းထားရှိခြင်း စသည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန်ဖြစ်သည်။

တပ်မတော်အနေဖြင့်လည်း သက်ဆိုင်ရာ ဌာနများနှင့်အတူ သဘာဝဘေးအန္တရာယ် ကျရောက်သည့်ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးမည်ဖြစ်သည်။ လတ်တလော အခြေအနေတွင် ခန့်မှန်းထားသောရက်၊ ခန့်မှန်းထားသော လမ်းကြောင်းရှိပြည်သူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှု ရှိထားကြရန်နှင့် အခြားသောဒေသများရှိ ပြည်သူများ အနေဖြင့်လည်း  အသိ၊ သတိမပေါ့မဆနေထိုင်သင့်ကြောင်း ရေးသားလိုက်ရပေသည်။    ။