နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး

နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၅ ရက်ကကျင်းပသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှုအကောင်အထည် ဖော်ရေးဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၃)သို့ တက်ရောက်အမှာစကား ပြောကြားရာတွင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့်  ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုကြီးအဖြစ်တည်ဆောက်နိုင်ရန်အတွက်  မရှိမဖြစ်လိုအပ်သည့် တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကိုလည်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ခြင်းမှ ရရှိနိုင်သည်ကို အလေးအနက်သတိမူကြရမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

နယ်စပ်ဒေသဖွံ့ဖြိုးရေးသည်  နိုင်ငံတော်နှင့် နိုင်ငံသားများ အားလုံးနှင့် သက်ဆိုင်ပြီး အလွန်အရေးကြီးသည့် ကဏ္ဍတစ်ခုဖြစ်သည်။  နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို    တိုးချဲ့လုပ်ကိုင်လာနိုင်သည်နှင့်အမျှ တိုင်းရင်းသား လူမျိုးများအကြား အပြန်အလှန်နားလည်မှု၊  ယုံကြည်မှုများ ပိုမိုရရှိလာပြီး တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုတို့လည်း တိုးတက်လာမည်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိမှသာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်ပေးနိုင်မည်ဖြစ်သည်မှာ ပကတိအမှန်တရားဖြစ်သည်။

နိုင်ငံတော်အစိုးရ တစ်ရပ်အနေဖြင့် နယ်စပ်ဖွံ့ဖြိုးရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက် ရှိသော်လည်း အဖျက်လုပ်ရပ်များကြောင့်အကျိုးမခံစားရသည်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ပြုလုပ်ရခြင်းများမှာ ဆုံးရှုံးမှုများသာဖြစ်သည်။ တံတားများမိုင်းထောင်ဖျက်ဆီးခြင်း၊ အဆောက်အအုံများ မီးရှို့ဖျက်ဆီးခြင်း၊ ဆက်သွယ်ရေးစခန်းများ မိုင်းထောင်ဖျက်ဆီးခြင်း၊ စစ်မက်ဖြစ်ပွားအောင် ဆောင်ရွက် နေခြင်းသည်  ဒေသအတွက် အကျည်းတန်သည့် လုံးဝမဖြစ်သင့်သည့် အကြောင်းအရာများ ဖြစ်သည်။

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးပေါင်း ၁၃၀ ကျော်နှင့်  သမိုင်းစဉ်တစ်လျှောက် စည်းလုံးညီညွတ်စွာ နေထိုင်ခဲ့သည့်နိုင်ငံ ဖြစ်သည်။ ကိုလိုနီနယ်ချဲ့တို့၏ ကျွန်ဘဝကို နှစ်ပေါင်း ၁၀၀ ကျော် ကျရောက်ခဲ့ပြီးနောက် သွေးခွဲအုပ်ချုပ်မှုကြောင့်  အချင်းချင်းစည်းလုံး ညီညွတ်မှုပျက်ပြားခဲ့ရခြင်း ဖြစ်သည်။  လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင်လည်း လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသည့်  လက်နက်ကိုင်ပဋိပက္ခများကြောင့် နယ်စပ်ဒေသနေ တိုင်းရင်းသားပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှုသည် များစွာ နောက်ကျခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီအနေဖြင့် လုပ်ငန်းတာဝန် (၆) ရပ်အား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသများဖွံ့ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရာတွင်  တည်ငြိမ်အေးချမ်းရေး (Peace and Stability)သည် အရေးကြီးဆုံးဖြစ်ပါသည်။  တည်ငြိမ်အေးချမ်းရေး ဆိုသည်မှာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အခြေခံပြီး  ဆောင်ရွက်ရန် လိုအပ်ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန်မှစပြီး တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ပြည်သူလူထုတစ်ရပ်လုံး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေး၊ ပြည်ထောင်စုတစ်ဝန်း လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့ကို အလေးထားပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ နယ်စပ်ဒေသများ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုး/မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍများ တိုးတက်လာစေရန်အတွက် လူမှုစီးပွားဘ၀ အခြေခံအဆောက်အဦများနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များအပြင်   မူးယစ်ဆေးဝါးပပျောက်ရေးအတွက်လည်း   စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ   တာဝန်ယူရသည့်ကာလအတွင်းတွင် ၂၀၂၂   ခုနှစ်ကို ငြိမ်းချမ်းရေး နှစ်အဖြစ်သတ်မှတ်ပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ရေရှည်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ကမ်းလှမ်းခဲ့သည်။ 

ထိုသို့ဖိတ်ခေါ်ခဲ့သည့်အတွက်   ယနေ့အထိ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် ခုနစ်ဖွဲ့နှင့် လက်မှတ်ရေးထိုးခြင်း မပြုရသေးသည့် လက်နက်ကိုင်သုံးဖွဲ့ စုစုပေါင်း ၁၀ ဖွဲ့တို့က   ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။  နိုင်ငံရေးအရတည်ငြိမ်အေးချမ်းစွာ လျှောက်လှမ်းနိုင်မည့် ရလဒ်များလည်း ရရှိနေပြီဖြစ်ပါသည်။

နယ်စပ်ဒေသများ၏ ပညာရေး၊   ကျန်းမာရေး၊    လမ်းပန်းဆက်သွယ်ရေးနှင့် စီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း တစ်ဖက်မှလည်း နယ်စပ်ဒေသများ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထူထောင်ပေးနိုင်ရေး  ကြိုးပမ်းလျက်ရှိသည်။ တည်ငြိမ်အေးချမ်းပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို ပြည့်ပြည့်၀၀ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရ ကဦးဆောင်၍  တစ်နိုင်ငံလုံးထာဝရ ငြိမ်းချမ်းရေးအတွက်   တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ပါအတိုင်း  အလေးထား လုပ်ဆောင်ပေးလျက်ရှိပေရာ မိမိတို့ဒေသများ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးကို အမှန်တကယ်လိုလားပါလျှင် ငြိမ်းချမ်းရေးစားပွဲဝိုင်းသို့ ရောက်ရှိလာခြင်း မရှိသေးသည့် တိုင်းရင်းသားအဖွဲ့အစည်းများ အနေဖြင့် လာရောက်ကြရန်ဖြစ်ပါကြောင်း  ရေးသား လိုက်ရပေသည်။   ။