ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်း

ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၈ ရက်ညနေပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့နယ်ရှိ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ကန်တော်မင်္ဂလာ ရှမ်းကန်သည် ပျဉ်းမနားမြို့၏ ကျက်သရေဆောင်ကန်တော်တစ်ခုဖြစ်သည်။ အမည်နာမနှင့် လိုက်ဖက်ညီအောင် မင်္ဂလာရှိသည့် ကန်တော်တစ်ခုဖြစ်ရပေမည်။ နိုင်ငံ၏မြို့တော်ဖြစ်သည့် နေပြည်တော်ကို သာယာလှပမှုရှိစေရေး၊ လူနေမှုအဆင့်အတန်းမြင့်မားစေရေး  ဆောင်ရွက်လျက်ရှိသကဲ့သို့ ပျဉ်းမနားမြို့ကိုလည်း ယခင်ကထက်သာယာလှပပြီး အဆင့်မီသည့်မြို့ဖြစ်အောင် ဆောင်ရွက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပြည်ထောင်စုနယ်မြေနေပြည်တော် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း သဲနုန်းတူးဖော်ရေးလုပ်ငန်းများကို ၂၀၂၃ ခုနှစ် ဧပြီ ၂၉ ရက်မှ ဇွန် ၃ ရက်အထိ ၃၅ ရက်ကြာဆောင်ရွက်လျက်ရှိသည်။ ကန်တော်မင်္ဂလာရှမ်းကန်အတွင်း ရေစုကန်တူးဖော်ခြင်းနှင့် ရေခေါ်မြောင်းဖောက်လုပ်ခြင်း၊ ကန်အားနေပူလှန်း၍ ခြောက်သွေ့အောင်ထားခြင်း၊ နုန်းများတူးဖော်၍စုပုံခြင်း၊ စုပုံထားသောမြေများကို ခြောက်သွေ့အောင်ထားခြင်းနှင့် သယ်ဆောင်စွန့်ပစ်ခြင်းစသည့်လုပ်ငန်းစဉ်များကို စက်ယန္တရားဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည်။

ကန်တော်မင်္ဂလာရှမ်းကန်ကို မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ်ခန့်တွင် ရှမ်းကုန်သည်များက ရေလှောင်ကန်တစ်ခု အဖြစ် တူးဖော်ခဲ့ရာမှ ရှမ်းကန်ဟုယနေ့တိုင်ခေါ်ဝေါ်လျက်ရှိခြင်းဖြစ်သည်။ ကန်တော်မင်္ဂလာရှမ်းကန်၏ သက်တမ်းမှာ နှစ်ပေါင်း ၇၂၀ ခန့်ရှိပြီဖြစ်သည်။ အဆိုပါ နှစ်များအတွင်း ၁၉၈၈ ခုနှစ်တွင် ကန်တော် မင်္ဂလာရှမ်းကန်ကို စက်ယန္တရားဖြင့်ကန်အတွင်းမှ သဲနုန်းများတူးဖော်ခြင်း ဆောင်ရွက်ပေးခဲ့သည်။ ယနေ့အထိနှစ်ပေါင်း ၃၅ နှစ်ကြာမှ ဒုတိယအကြိမ်အဖြစ် စက်ယန္တရားများဖြင့် ကန်အတွင်းရှိ သဲနုန်းများတူးဖော်ကာ သာယာလှပအောင် ဆောင်ရွက်နေခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ  နိုင်ငံတော်ဝန်ကြီးချုပ်သည် ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်တူးဖော်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး ကန်တော်မင်္ဂလာရှမ်းကန် ပတ်လမ်းကိုလည်း လမ်းပခုံးများစနစ်တကျရှိစေရေး၊ အများပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်နိုင်ရေး၊ စိတ်အေးချမ်းသာစွာဖြင့် လမ်းလျှောက်အနားယူခြင်းများ ပြုလုပ်နိုင်ရေးတို့ကိုလည်း ထည့်သွင်း စဉ်းစားဆောင်ရွက်သွားရန်လိုကြောင်း၊ ကန်တော်အတွင်းရှိ  ရှင်ဥပဂုတ္တကျောင်းဆောင်တော်ကိုလည်း လမ်းပခုံး၏အထက်သို့ ရောက်ရှိသည်အထိ မြှင့်တင်ရန်နှင့် ပြန်လည်ဒီဇိုင်းရေးဆွဲ၍ ပြုပြင်သွားရန်လိုကြောင်း၊ ကန်၏အလယ်လျှောက်လမ်းကိုလည်း လူအများသွားလာနိုင်သည်အထိ တိုးချဲ့သွားရန်နှင့် ပြန်လည် အဆင့်မြှင့်တင်သွားရန် လိုကြောင်း၊ ကန်ပတ်လည်ရှ ိရေနုတ်မြောင်းများကိုလည်း ပြန်လည်ပြုပြင်သွားရန် လိုကြောင်း စသည်များကို လမ်းညွှန်မှာကြားခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရေရရှိနိုင်မည့် နေရာများကို သုတေသနပြု ဆောင်ရွက်ခြင်း၊ မိုးတွင်းကာလတွင်ရရှိလာသည့်ရေများကို အဟောသိကံမဖြစ်ရအောင်နှင့် အကျိုးရှိအောင် အသုံးချနိုင်ရေး စီမံဆောင်ရွက်ခြင်း၊ ကန်တော်များအတွင်း ရေများပြည့်နေစေရေးသာမက စိုက်ပျိုးရေများ ပြည့်ဝစွာရရှိရေး အတွက်ကိုလည်း စဉ်းစားဆောင်ရွက်လျက်ရှိခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ပြည်သူများအနေဖြင့်လည်း မိမိတို့၏ဒေသ၊   မိမိတို့၏မြို့ရွာ သန့်ရှင်းသာယာလှပစေရေး၊ ဖွံ့ဖြိုးတိုးတက်စေရေးဆောင်ရွက်လျက်ရှိရာတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ပါသည်။ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင် တူးဖော်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ရေပြန်လည်ဖြည့်တင်းသွားမည့် အစီအမံများကိုလည်း ကြိုတင်ဆောင်ရွက်ကြရမည်ဖြစ်သည်။

ထို့ပြင် ကန်ပတ်လမ်းတစ်လျှောက် စိန်ပန်း၊ ပိတောက်၊ ခရေ စသည့်သစ်ပင်ကြီးများ၊  ပန်းမန်များကို စိုက်ပျိုးကာ စိတ်ချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် ဖန်တီးရမည်ဖြစ်သည်။ သစ်ပင်များအလင်းဖွင့်ခြင်းများကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ နေပြည်တော်ကို နိုင်ငံတကာအဆင့်မီမြို့တော်အင်္ဂါရပ်နှင့်အညီ အချိန်တိုအတွင်း တည်ဆောက်နိုင်ခဲ့ပြီး သာယာလှပဖွံ့ဖြိုးတိုးတက်ရေးကိုလည်း ဆက်လက်ဆောင်ရွက် ပေးလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နေပြည်တော်အား  Green City၊ Clean City၊ နှင့်  Smart City အင်္ဂါရပ်များနှင့်အညီ   မြို့ပြစီမံကိန်းများဆောင်ရွက်လျက်ရှိသည်။ ဝန်ကြီးဌာနများအလိုက် လျှိုပတ်ဆည်များ တည်ဆောက်ခဲ့သည်မှာ နေပြည်တော်စိမ်းလန်းစိုပြည်ရေးအတွက် ဖြစ်သည်။ ၂၀ လမ်းသွားလမ်းမကြီး များအပါအဝင် နေပြည်တော်လမ်းမကြီးများသည် လာမည့်မျိုးဆက်သစ်များအတွက် ရာစုနှစ်များအထိ မျှော်မှန်းတည်ဆောက်ခဲ့ခြင်း ဖြစ်ပေသည်။ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်ပြီးစီးပါက အလွန်လှပသည့် ကန်တော်အဖြစ် ဂုဏ်ယူနိုင်မည် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။