နိုင်ငံ့ဂုဏ်ဆောင်အားကစားအောင်မြင်မှု

နိုင်ငံ့ဂုဏ်ဆောင်အားကစားအောင်မြင်မှု

၂၀၂၃ ခုနှစ် မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ကျင်းပနေသည့်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအားကစားသမား ၃၄၁ ဦးတို့သည် အားကစားနည်း ၁၉ နည်း၌ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာ့အားကစား ကဏ္ဍမြင့်မားရေးကို အထူးအလေးပေးဆောင်ရွက်လျက်ရှိသည်။ အားကစားသမားတို့အတွက် လိုအပ်ချက် မရှိအောင်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးထားသည်။ အားကစားတွင် ထူးချွန်စွာ အောင်မြင်မှု ရရှိသူများကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးလျက်ရှိသည်။

 နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ သွားရောက်ပြိုင်ပွဲဝင်ကြမည့် အုပ်ချုပ် သူများ၊ နည်းပြများ၊ အားကစားသမားများအား ဧပြီလ ၂၅ ရက်က တွေ့ဆုံအမှာစကားပြောကြားကာ မြန်မာအားကစား အဖွဲ့များအား အောင်နိုင်ရေးအလံအပ်နှင်းခဲ့သည်။ အားကစားသမားများအနေဖြင့် နိုင်ငံ့ဂုဏ်ဆောင်ရန် အားသွန်ခွန်စိုက်ကြိုးစားသကဲ့သို့ နိုင်ငံတော်ပိုင်းကလည်း လိုအပ်သည့် ပံ့ပိုးမှုများရရှိ အောင်ဆောင်ရွက်ပေးလျက်ရှိသည်။

 အားကစားသမားများ၏ ကြိုးစားအားထုတ်မှုကြောင့် ရရှိလာသောအောင်မြင်မှုမှန်သမျှကို နိုင်ငံတော် အစိုးရအနေဖြင့် ထိုက်ထိုက်တန်တန် ဂုဏ်ပြုလျက်ရှိသည်မှာ မြန်မာ့အားကစား လောကမြင့်မားလာရေးကို ဦးတည်ဆောင်ရွက်နေခြင်း ဖြစ်သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသည် အရှေ့တောင်အာရှဒေသတွင်း အမြင့်ဆုံးအားကစားပြိုင်ပွဲဖြစ်ပြီး အာဆီယံနိုင်ငံများ၏အားကစားအဆင့်အတန်းကို မှတ်ကျောက်တင်ရာ အားကစားပြိုင်ပွဲလည်း ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ အားကစားအဆင့်အတန်းကို တိုင်းတာသည့် အားကစားပြိုင်ပွဲကြီးတွင် နိုင်ငံ့ဂုဏ်မြှင့်တင်ပေးသူများကို နိုင်ငံတော်ကလည်း အသိအမှတ်ပြုမှတ်တမ်းတင် ဂုဏ်ပြုလျက်ရှိပါသည်။

ယခင်(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၃၀၀၊ ငွေတံဆိပ်ရရှိသူများကို ငွေကျပ်သိန်း ၂၀၀၊ ကြေးတံဆိပ် ရရှိခဲ့သူများကို ငွေကျပ်သိန်း ၁၀၀ နှင့် အသင်းလိုက်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ရရှိခဲ့သည့် အားကစားသမားတစ်ဦးလျှင် ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသည့်အားကစားသမားတစ်ဦးလျှင် ငွေကျပ် သိန်း ၇၀၊ ကြေးတံဆိပ်ရရှိခဲ့သည့် အားကစားသမား တစ်ဦးလျှင်ငွေကျပ် ၃၅ သိန်း၊ အားကစားနည်းအလိုက် တာဝန်ယူဆောင်ရွက်ခဲ့သည့် နည်းပြများကို မိမိတို့အားကစားနည်းအလိုက် ရွှေတံဆိပ်ရရှိခဲ့ပါက နည်းပြတစ်ဦးလျှင်ငွေကျပ် သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိခဲ့ပါက ငွေကျပ်သိန်း ၃၀ နှင့် အားကစားနည်းအလိုက်အုပ်ချုပ်မှုအဖွဲ့များ ကိုလည်း ရွှေတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၁၀၀၊ ငွေတံဆိပ်ရရှိသည့် အုပ်ချုပ်မှု အဖွဲ့များကို ငွေကျပ်သိန်း ၅၀၊ ကြေးတံဆိပ်ရရှိသည့် အုပ်ချုပ်မှုအဖွဲ့များကို ငွေကျပ်သိန်း ၃၀ နှုန်းဖြင့် ချီးမြှင့်ခဲ့ပါသည်။

ယခုပြိုင်ပွဲဝင်လျက်ရှိသည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင်လည်း နိုင်ငံ့ဂုဏ်ဆောင်နိုင်မှု အရည်အချင်းအလိုက် ဂုဏ်ပြုမည်သာဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့်  ပြိုင်ပွဲဝင် အားကစားသမားများကိုသာမက သက်ဆိုင်ရာနည်းပြများ၊ အုပ်ချုပ်သူများကိုလည်းဂုဏ်ပြုခြင်းဖြစ်သည်။ အားကစားဆိုသည်မှာ လူငယ်လူရွယ်တိုင်း လေ့လာလိုက်စား လုပ်ဆောင်သင့်သည့်အရာ ဖြစ်သည်။အားကစားကို စိတ်ဝင်စားပြီး ကျန်းမာသန်စွမ်းသည့် မျိုးဆက်သစ် နိုင်ငံ့သားကောင်းများ၊ အားကစားထူးချွန်သည့် မောင်မယ်များအဖြစ် သက်ဆိုင်ရာဒေသကိုယ်စားပြု၊ နိုင်ငံကိုယ်စားပြုသူများအဆင့်မှ အရှေ့တောင်အာရှ၊ ထိုမှအာရှအဆင့်၊ ကမ္ဘာ့အဆင့်အထိထိုးဖောက်နိုင်သည့် နိုင်ငံ့သားကောင်းများ ဖြစ်အောင် ကြိုးစားပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးကြရမည်ဖြစ်ပါသည်။

အားကစားဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယကြီးမားမှုနှင့် စည်းလုံးညီညွတ်မှုတို့ကို ပေါ်လွင်စေနိုင်ပြီး အားကစားပြိုင်ပွဲများသည် တရားမျှတမှုရှိသည့် စွမ်းရည်ပြယှဉ်ပြိုင်မှုများ ဖြစ်သည်။ ထို့အတူ နိုင်ငံသူ၊ နိုင်ငံသားများ၏စိတ်နှလုံးကို ဆွဲဆောင်သိမ်းသွင်းနိုင်ပြီး နိုင်ငံသူ၊ နိုင်ငံသားတို့ကို ဝမ်းမြောက်ပျော်ရွှင်မှုကိုလည်း ပေးနိုင်သည်။ ထို့အတူ စိတ်ပူပန်မှုကိုလည်း ပေးနိုင်သည်။

မိမိနိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်သည့်  အားကစားသမားအားလုံးကို ပြိုင်ပွဲများအလိုက်အနိုင်ရစေချင်သည်မှာ နိုင်ငံတော်နှင့် ပြည်သူတို့၏ ဆန္ဒအမှန်ဖြစ်သည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ အလံကို အလံတိုင်ထိပ်သို့ လွှင့်တင်နိုင်မှု၊ နိုင်ငံတော်သီချင်းသီဆိုနိုင်မှုတို့ကို မြန်မာနိုင်ငံသားတိုင်းက ကြားမြင်လိုကြသည်။ ပြိုင်ပွဲဝင်  နိုင်ငံ့ကိုယ်စားပြုအားကစားသမားတို့၏ အောင်မြင်မှုများကို ပြည်သူတို့ ဝမ်းသာအားရ အားပေးလျက်ရှိကြသည်။ (၃၂)ကြိမ်မြောက်  အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် အခြားအားကစားများနည်းတူ မြန်မာ့လက်ရွေးစင် အမျိုးသားဘောလုံးအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းတို့၏ အောင်မြင်မှုကို  ပြည်သူတစ်ရပ်လုံး မျှော်လင့်တောင့်တ စောင့်ကြည့်လျက်ရှိပေရာ အောင်မြင်မှုရွှေတံဆိပ်ကို  ထိုက်ထိုက်တန်တန် ရရှိအောင် ကြိုးစားကြရန် ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။