နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရေး . . .

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၂၀ ရက်)

နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်ရေး . . .

နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ နိုင်ငံဝန်ကို ထမ်းဆောင်ကြရသူများ ဖြစ်သည်။ အစိုးရအဖွဲ့များ မည်သို့ပင် ပြောင်းလဲစေကာမူ နိုင်ငံ့ဝန်ထမ်းများမှာ အပြောင်းအလဲမရှိဘဲ တက်လာသည့် အစိုးရများက ချမှတ်သည့် မူဝါဒများအတိုင်း လိုက်ပါဆောင်ရွက်ကြရမည်သာ ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းဆိုသည်မှာ အစိုးရနှင့် ပြည်သူလူထုအကြားတွင် ဆက်သွယ်ပေးရသော ပေါင်းကူးတံတားကဲ့သို့ ဖြစ်သည်။ တံတား ကောင်းလျှင် ကောင်းသည့်အလျောက် ကူးသန်းသွားလာရသည်မှာ လွယ်ကူချောမွေ့သည်။ တံတား မကောင်းလျှင် ကူးသန်းသွားလာရာတွင် အခက်အခဲရှိနိုင်သည်။ တစ်နည်းအားဖြင့် အစိုးရနှင့်ပြည်သူတို့ ဆက်ဆံရေး ပြေပြစ်မည် မဟုတ်ပေ။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်ကိုဦးဆောင်လျက်ရှိရာတွင် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက်(၁၂)ရပ်ချမှတ်ကာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ အေးချမ်းသာယာရေးကို ဦးတည်ဆောင်ရွက် လျက်ရှိသည်။ အစိုးရကချမှတ်သည့် မူဝါဒများအတိုင်း နိုင်ငံအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက်ဝန်ထမ်းများက လိုက်ပါအကောင်အထည်ဖော်ကြရမည်ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံတွင် ဝန်ထမ်းများ အရည်အသွေးမြင့်မားပြီး ကျင့်ဝတ်စည်းကမ်းများကို လေးစားလိုက်နာရန် အရေးကြီးသည့် အားလျော်စွာ မြန်မာနိုင်ငံတွင် နိုင်ငံ့ဝန်ထမ်းဥပဒေကို ၂၀၁၃ ခုနှစ်ကပြဋ္ဌာန်းခဲ့သည်။ ဝန်ထမ်း တစ်ဦးဖြစ်လာသည်နှင့် ထမ်းဆောင်ရမည့်တာဝန်၊ စောင့်ထိန်းရမည့် ကျင့်ဝတ်နှင့် လိုက်နာရမည့် စည်းကမ်းများ၊ ခံစားခွင့်များ၊ ဌာနဆိုင်ရာအရေးယူခြင်းနှင့် ပြစ်မှုပြစ်ဒဏ်များကို သိရှိနားလည်ကြ ရမည်ဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ်လ ၃၁ ရက်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိများအား တွေ့ဆုံ အမှာစကားပြောကြားရာတွင် “ဌာနဆိုင်ရာ တာဝန်ရှိသူများသည် နိုင်ငံတော်အစိုးရကိုယ်စား တာဝန် ထမ်းဆောင် နေကြသူများဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် အစိုးရနှင့်ပြည်သူများအကြား ပေါင်းကူး ပေးသည့်ပုဂ္ဂိုလ်များ၊ ဌာနများပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးကို ဖော်ဆောင်ပေးနိုင်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းတာဝန်များနှင့်ပတ်သက်၍ အတွေ့အကြုံရှိပြီး ကျွမ်းကျင်ကြသူများဖြစ်သဖြင့် မိမိတာဝန်ထမ်းဆောင်ရသည့်ဒေသနှင့် ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးအစိုးရမဟုတ်ဘဲ နိုင်ငံ့အရေးကိုဆောင်ရွက်နေသည့် အစိုးရဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း နိုင်ငံရေးထက်နိုင်ငံ့အရေးကိုသာ ဆောင်ရွက်ကြပြီး နိုင်ငံ့ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တာဝန်ထမ်းဆောင်ကြရမည်ဖြစ်သည်။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ-၂၆(က)တွင် “နိုင်ငံ့ဝန်ထမ်းများသည်ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရမည်”ဟူ၍  တိကျစွာ ပြဋ္ဌာန်းထားသည်။ နိုင်ငံရေးကင်းရှင်းကြရမည်ဖြစ်သော်လည်း နိုင်ငံ့အရေးတွင်မူ ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ တက်တက်ကြွကြွ ကျေကျေပွန်ပွန် ထမ်းဆောင်ကြရန် လိုအပ်ပေသည်။

ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသော ဆောင်ပုဒ်နှင့်အညီ တာဝန်ကျေပွန်သည့် ဝန်ထမ်း၊ ကျင့်ဝတ်စောင့်ထိန်းသည့်ဝန်ထမ်း၊ စည်းကမ်းလိုက်နာသည့် ဝန်ထမ်းများဖြစ်အောင် ဝန်ထမ်းဘဝ သက်တမ်းတစ်လျှောက်လုံး ဖြည့်ကျင့်ကြရမည် ဖြစ်သည်။ ဝန်ကြီးဌာနများအလိုက် သက်ဆိုင်ရာ အကြီးအကဲများက မိမိတို့ဝန်ထမ်းများ သက်သာချောင်ချိရေး၊ ပျော်ရွှင်ရေး၊ ကျန်းမာရေးများကို ဂရုတစိုက် ပံ့ပိုးပေးနေသည့်အပြင် ထူးထူးချွန်ချွန်ကြိုးစားသူများကိုလည်း ထိုက်ထိုက်တန်တန် ချီးမြှင့် မြှောက်စားလျက်ရှိသည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံတွင်  နိုင်ငံရေးပါတီအများအပြားရှိနေပြီး  မူဝါဒများလည်း ကွဲပြားခြားနားမည်ဖြစ်သည်။ ဝန်ထမ်းလောကအတွင်း ပါတီနိုင်ငံရေး ဝင်ရောက် စွဲကပ်ပါက ဝန်ထမ်းအချင်းချင်း စိတ်ဝမ်းကွဲပြားခြင်း ရှိလာပေလိမ့်မည်။

နိုင်ငံတော်တွင် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ် ဖြစ်ပေါ်လာစေရေးအတွက် အဓိကတာဝန် ထမ်းဆောင်ကြရသူများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်သည် ကောင်းမွန်သော လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖန်တီးတည်ဆောက်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သော စနစ်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် စစ်မှန်စည်းကမ်း ပြည့်ဝသည့် ပါတီစုံ ဒီမိုကရေစီ စနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို နိုင်ငံရေးရည်မှန်းချက်အဖြစ် ချမှတ်ဆောင်ရွက်လျက်ရှိသည်။

ဒီမိုကရေစီဆိုသည်မှာ ဥပဒေစည်းမျဉ်းစည်းကမ်းနှင့်အညီ၊ အများဆန္ဒနှင့်အညီ စီမံအုပ်ချုပ်ဆောင်ရွက် ရခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် အများဆန္ဒနှင့်အညီဟုဆိုသော်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ရမည်ဖြစ်သည်။ “လူညီရင် ဤကို ကျွဲဖတ်သည်” ဟူသည့် ပုံစံမျိုးသွား၍မရပေ။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်ကိုတာဝန်ယူချိန်တွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်အုပ်ချုပ်မှု အာဏာခွဲဝေမှုအားလုံးကို အကောင်အထည်ဖော်နိုင်သမျှ ဖော်ဆောင်သွားမည်ဖြစ်ပေရာ နိုင်ငံ့ဝန်ထမ်း တိုင်းက အရည်အသွေးမြင့်မားစွာ ပြည်သူလူထု၏ အကျိုးစီးပွားကို သယ်ပိုးကြရန်ဖြစ်သည်။ သို့မှသာ  နိုင်ငံတော် အစိုးရ၏မူဝါဒနှင့် လုပ်ငန်းစဉ်များ အောင်မြင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။