စီးပွားရေးမောင်းနှင်အား မြင့်မားလာစေရေး

အယ်ဒီတာ့အာဘော်

(၂၀၂၃ ခုနှစ်၊ မေ ၃၀ ရက်)

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးရေးလုပ်ငန်းများကို လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွား မည်ဟူသော ရှေ့လုပ်ငန်းစဉ် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရန်အတွက် စီးပွားရေးလုပ်ငန်းများထဲမှ အဓိကကျပြီး အချိန်တို အတွင်း ထိထိရောက်ရောက် အကျိုးဖြစ်ထွန်းနိုင်သည်မှာ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များဖြစ်သည်။ အဆိုပါ MSME စီးပွားရေးလုပ်ငန်းများကို အားပေးမြှင့်တင် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေးမောင်းနှင်အားများ ကောင်းမွန်လာမည်ဖြစ်သည်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီအစည်း အဝေးအမှတ်စဉ်(၁/၂၀၂၃)တွင် အမှာစကားပြောကြားရာ၌ “MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာ စေရေးအတွက် စီးပွားရေးဝန်းကျင်ကောင်းတစ်ခု ဖန်တီးပေးနိုင်ရေး အဓိကထား ဆောင်ရွက်ရမည့် အချက် (၄)ချက်ဖြစ်သည့် လုပ်ငန်းသစ်များအစပျိုးရာတွင် တွေ့ကြုံရမည့် အခက်အခဲ အတားအဆီးများ လျှော့ချရေး၊ ရင်းနှီးမတည်ငွေစီးဆင်းမှု လွယ်ကူချောမွေ့စေရေး၊ အသိပညာပေးခြင်းနှင့် စွန့်ဦးတီထွင်မှု လုပ်ငန်းများကို အားကောင်းစေခြင်း၊ သတင်းကွန်ရက်ချိတ်ဆက်ခြင်းနှင့် ကျယ်ကျယ်ပြန့်ပြန့် သတင်း အချက်အလက် ဖြန့်ဝေမှုအားကောင်းစေခြင်းဖြင့်  နိုင်ငံတကာထောက်ပံ့မှုကွင်းဆက်  (International Supply Chain)ထဲသို့ ဝင်ရောက်ခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” ထည့်သွင်း ပြောကြားခဲ့ သည်။

MSME လုပ်ငန်းများ၌ အဓိကလိုအပ်ချက်မှာ ကုန်ကြမ်း၊ သွင်းအားစု၊ အရင်းအနှီးနှင့် လူသားအရင်းအမြစ် များဖြစ်သည်။ ကုန်ကြမ်းရှိမှ ကုန်ထုတ်လုပ်မှု တစ်နည်းအားဖြင့် ရောင်းကုန်ပစ္စည်း ထုတ်လုပ်မှုဖြစ် လာပေမည်။ ရောင်းကုန်ပစ္စည်း ထုတ်လုပ်မှုများကို အရည်အသွေးရှိသည့် ကုန်ပစ္စည်းများ ဖြစ်စေရန် ဆောင်ရွက်ပေးခြင်းဖြင့် ပြည်တွင်းပြည်ပ ကုန်စည်ရောင်းချမှုများတွင် များစွာတိုးတက်လာမည် ဖြစ်သည်။ မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ခန့်သည် ကျေးလက်တွင်နေထိုင်ကြပြီး အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကြသည်။ ဒုတိယအနေဖြင့် မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ကြသူများ ဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်ပစ္စည်းများမှာ MSME လုပ်ငန်းများအတွက် သေချာသည့် ကုန်ကြမ်းများဖြစ်လာပေမည်။

ဥပမာအားဖြင့် စားသုံးဆီထုတ်လုပ်မှု၊ ဆန်နှင့်ဆန်ကွဲကိုအခြေခံသည့် ထုတ်လုပ်မှု၊ ပီလောပီနံကို အခြေခံသည့် ထုတ်လုပ်မှု၊ ရော်ဘာကိုအခြေခံသည့်ထုတ်လုပ်မှု၊ သစ် ကြိမ် ဝါးများကိုအခြေခံသည့်ထုတ် လုပ်မှု၊ မွေးမြူရေး၊ အသား၊ ငါးကိုအခြေခံသည့် ထုတ်လုပ်မှုနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်မှုလုပ်ငန်း များသည် မြန်မာနိုင်ငံအတွက်သေချာသည့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများဖြစ်သည်။ အလားတူ များစွာသော  ကုန်ထုတ်လုပ်မှု လုပ်ငန်းနယ်ပယ်များရှိသကဲ့သို့ ဒေသအလိုက်ထူးခြားသည့် လုပ်ငန်းများ လည်းရှိနေပါသည်။ အဆိုပါလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဆိုပါက အလုပ်အကိုင် အခွင့်အလမ်းများဖြစ်ပေါ်စေခြင်း၊ ကုန်ထုတ်လုပ်မှုများ တိုးတက်လာပြီး တိုင်းပြည်၏ ဝင်ငွေတိုးတက်လာစေခြင်းများ ဖြစ်ပေါ်စေမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပြီး ပြည်ပသို့တင်ပို့နိုင်သည်အထိ ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ပါက လောင်စာဆီ၊ ဓာတ်မြေသြဇာများ ပိုမိုတင်သွင်းလာနိုင်မည်ဖြစ်သည်။ စားကုန်၊ သောက်ကုန်၊ လူသုံးကုန်ပစ္စည်းများကို ပြည်တွင်း၌ထုတ်လုပ်ပြီး ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ပါက တိုင်းပြည်အတွက်များစွာ အကျိုးရရှိမည်ဖြစ်ပြီး နိုင်ငံခြားသုံးငွေကိုလည်း လျော့ကျစေမည်ဖြစ်သည်။ ပြည်တွင်း၌သုံးစွဲနေသည့် အိမ်နီးချင်းနိုင်ငံအချို့မှ လူသုံးကုန်ပစ္စည်းအချို့၏ MSME ထုတ်ကုန်များမှာ နည်းပညာမြင့်မားလှခြင်းမရှိဘဲ မြန်မာနိုင်ငံအတွင်း၌ ထုတ်လုပ်၍ ရနိုင်သည့် ကုန်ပစ္စည်း ဖြစ်နေသည်ကို တွေ့ရှိရသည်။

တိုင်းပြည်၏ မောင်းနှင်အားများအနက် စီးပွားရေးမောင်းနှင်အားသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်အဓိကကျလှပေရာ စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက ကျန်ရှိသည့်လုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ဒစ်ဂျစ်တယ်အသုံးပြုနိုင်ရေးနှင့် အသွင်ကူးပြောင်းမှု (Digital Transformation) အပိုင်းသည်လည်း များစွာအရေးပါပြီး မြန်မာနိုင်ငံ၏ အနေအထားအရ ASEAN နိုင်ငံများနှင့် ရင်ပေါင်တန်းနိုင်ရန်အတွက် မှန်ကန်မြန်ဆန်သည့် နည်းလမ်းနှင့် ကြိုးစား ဆောင်ရွက်ရမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော် နိုင်ငံတော်အစိုးရက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက် လာရေးအတွက် ဦးဆောင်ကြိုးပမ်း လျက်ရှိရာတွင် လိုအပ်သည်များ ဖြည့်ဆည်းပေးလျက်ရှိသည့် အတွက် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအောင်မြင်ရေးကို ကြိုးစားကြရန်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။   ။