ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးဆောင်ရွက်

 ပြည်တွင်းကုန်ထုတ်လုပ်မှုကိုအားပေးဆောင်ရွက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မေ ၂၂ ရက်က ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား(MSME) လုပ်ငန်းရှင်များအား ပဲခူးမြို့ မြို့တော်ခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားခဲ့သည်။ ပထမဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းအတွင်း (MSME) လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်လျက်ရှိမှု၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အကြီးစား၊ အလတ်စားနှင့် အငယ်စားစက်မှုလုပ်ငန်းများ ဆောင်ရွက်လျက် ရှိမှုများကို ရှင်းလင်းတင်ပြသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး ဆန်စက် လုပ်ငန်းရှင်များအသင်း၊ ဆီလုပ်ငန်းရှင်များအသင်း၊ ပန်းပုလုပ်ငန်းရှင်များ၊ Light House ကော်ဖီလုပ်ငန်း၊ သံရည်ကျိုလုပ်ငန်းများမှတာဝန်ရှိသူများက လုပ်ငန်းနှင့်ပတ်သက်၍ လိုအပ်သည်များကို တင်ပြကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံတွင် နို့ထွက်ပစ္စည်းများကို ပြည်ပမှနှစ်စဉ် တင်သွင်းနေရကြောင်း၊  ပဲခူးတိုင်းဒေသကြီးအတွင်း နွားမွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်၍ နို့ထွက်ပစ္စည်းထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်နိုင်သည်ကို တွေ့ရှိရကြောင်း၊ အလားတူ ရန်ကုန်တိုင်းဒေသကြီးအတွက် လိုအပ်သည့်အသား၊ ငါး၊ ဥများကိုထုတ်လုပ်၍ ရောင်းချနိုင်မည်ဆိုပါက ဒေသဝင်ငွေများ ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ထုတ်လုပ်၍ ရောင်းချနိုင်သကဲ့သို့ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ပြီး ပြည်ပသို့ပါတင်ပို့နိုင်သဖြင့် ပဲခူးတိုင်း ဒေသကြီးအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်း ဒေသဖွံ့ဖြိုးရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများကို ဆွေးနွေးပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးသည် ပြည်နယ်နှင့်တိုင်းများ အားလုံး၌ မွန်ပြည်နယ်ပြီးပါက စီးပွားရေးအားကောင်းသည့် တိုင်းဒေသကြီး တစ်ခုဖြစ်ပြီး နိုင်ငံတော်၏ စီးပွားရေးအတွက် အားကိုးအားထားရသည့်တိုင်းဒေသကြီး တစ်ခုဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးစပါးစိုက်ဧက ၁၅ သန်းရှိပြီး လယ်စိုက်ဧကမှာ ၁၃ သန်းကျော်ရှိသည်။ အဆိုပါမြေများ၌ မိုးစပါးစိုက်ပျိုးပြီး သီးထပ်များကိုစိုက်ပျိုးမည် ဆိုပါက သီးထပ်စွမ်းအားများ တိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း ဟူ၍ရှိပေရာ အားလုံး ပြည့်စုံကောင်းမွန်နေရန် လိုအပ်သည်။

စိုက်ပျိုးမှုပြုရာတွင် မျိုးကောင်းမျိုးသန့်များ ရရှိရန်လိုအပ်သကဲ့သို့ မြေဆီမြေသြဇာကောင်းမွန်အောင် ဆောင်ရွက်ရန်လည်း လိုအပ်လှသည်။ထို့အတူစိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် အောင်ရေများ လုံလောက်စွာ ရရှိရန်လည်း လိုအပ်သည်။ စိုက်ပျိုးနည်းစနစ်များလည်း မှန်ကန်ရန်လိုအပ်သည်။ အဆိုပါ အချက်များနှင့် ပြည့်စုံအောင် ဆောင်ရွက်နိုင်လျှင် တစ်ဧကချင်း အထွက်နှုန်းများ တိုးတက်လာမည်ဖြစ်သည်။ 

စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် သီးထပ်စွမ်းအားများကို မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံအတွက် စိုက်ပျိုးရေး ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံအတွက်ဝင်ငွေများရရှိစေမည်ဖြစ်သည်။ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်ပြီး အထွက်နှုန်းများတိုးတက် အောင်ဆောင်ရွက်နိုင်မည် ဆိုပါက ပဲခူးတိုင်းဒေသကြီး၏ ဝင်ငွေများ ပိုမိုရရှိလာမည်ဖြစ်သည်။

အသေးစား၊ အငယ်စား၊ အလတ်စား MSME လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ရင်းနှီးမတည်ငွေများကို နိုင်ငံတော်အစိုးရက သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးလျက်ရှိသည်။ အလားတူ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများအတွက် လိုအပ်သည့်လူသားအရင်းအမြစ်များလုံလောက်စွာရရှိစေရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းများကို စတင်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ မြန်မာနိုင်ငံတွင် အတန်းပညာတတ်မြောက်မှု များပြားရန်လိုအပ်သည်။ အတန်းပညာတတ်မြောက်မှသာ အတတ်ပညာများကို သင်ကြားနိုင်မည်ဖြစ်သည်။ အသိပညာ၊ အတတ်ပညာနှင့် ကျွမ်းကျင်ပညာရှင်များ ပေါများမှသာ စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်မည်ဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပေရာ သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့်လည်း ဝိုင်းဝန်း၍ တိုးတက်အောင်ဆောင်ရွက်ပေးကြရမည်ဖြစ်သည်။ အဓိက အားဖြင့်အလုပ်လုပ်ရန် အလုပ်လုပ်နိုင်အောင်ဖန်တီးပေးရန်ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အလုပ်အကိုင် များဖန်တီးပေးနိုင်ရေးနှင့် အလုပ်လုပ်နိုင်ရန်အခွင့်အရေးဖော်ဆောင်ပေးလျက်ရှိသည်။ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှု ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပြီး  အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်လျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတော်ကိုကောင်းမွန်အောင် ဆောင်ရွက်လိုသည့် စိတ်ဖြင့်သာ လုပ်ဆောင်နေခြင်း ဖြစ်သည့်အတွက် အောင်မြင်မှုများရရှိနေခြင်းဖြစ်သည်။ တိုင်းပြည်အတွက် ကောင်းမွန်သည့် စိတ်ဖြင့်  ဆောင်ရွက်မည်ဆိုပါက  မည်သူ့ကိုမဆိုလက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တိုင်းပြည်၏ အားသည်ပြည်တွင်းမှာသာ ရှိသည့်အတွက် မိမိတို့နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးကို မိမိတို့နိုင်ငံ၏ အားဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပေသည်။    ။